လုံခြုံသောလူမှုဘဝနေထိုင်ရေးအတွက်အမေးအဖြေ

အိမ်တိုင်းမှာလုပ်နိုင်တဲ့ ငလျင်ဒဏ်ခံနိုင်ရည်ရှိစေဖို့ ကြိုတင်ပြင်ဆင်နည်း

အပိုင်း−၁ အိမ်ကို ငလျင်ဒဏ်ခံနိုင်အောင် လုပ်ဆောင်ခြင်း

နေ့စဉ်ဘဝတွေကို ဘေးကင်းစိတ်ချစွာ နေထိုင်နိုင်အောင် လူနေမှုဘဝ အတွက် အသုံးဝင်စေမယ့် ဗဟုသုတတွေကို NHKက မျှဝေပေးနေ ပါတယ်။
လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့တဲ့ Great Kanto Earthquake (မဟာကန်တိုငလျင်ကြီး) လှုပ်ခတ်ခဲ့တာ ၂၀၂၃ စက်တင်ဘာ ၁ ရက်နေ့မှာ နှစ်တစ်ရာပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သိပ်မကြာခင်ကာလ အတွင်း ဂျပန်နိုင်ငံရဲ့ပစိဖိတ်ကမ်းလွန်က Nankai Trough နန်းကိုင်း ပြတ်ရွေ့ကြောမှာ စတင်လှုပ်ခတ်တဲ့ငလျင် ဒါမှမဟုတ် တိုကျိုရဲ့ မြေအောက်မှာ တိုက်ရိုက်လှုပ်ခတ်တဲ့ ဧရာမငလျင်ကြီးတစ်ခု လာမယ်လို့ တွက်ဆထားကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ငလျင်လှုပ်ခတ်တဲ့အခါ ခံနိုင်ရည်ရှိအောင် အိမ်တွေကို ဘယ်လို ဆောက်လုပ်ရမလဲ ဆိုတာသိနိုင်ဖို့ ပထမဆုံးအိမ်တစ်အိမ်ရဲ့ ငလျင်ဒဏ်ခံနိုင်တဲ့စံနှုန်းကို ဘယ်လိုတိုင်းတာကြည့်သလဲဆိုတာနဲ့ စလိုက်ရအောင်။
ဂျပန်မှာငလျင်ဒဏ်ခံနိုင်ရည် စံနှုန်းဆိုတာကို အကြီးစားငလျင်တွေ လှုပ်ခတ်ပြီးတိုင်း ပြန်လည်ပြင်ဆင်ရေးဆွဲလေ့ရှိပါတယ်။
၁၉၈၁ ခုနှစ်က ပြင်ဆင်ခဲ့တဲ့ ငလျင်ဒဏ်ခံနိုင်တဲ့အဆောက်အဦ စံနှုန်း ကတော့ သုညကနေ ခုနစ် အထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာတဲ့ စနစ်အရ ၆ အဆင့်နဲ့ အထက် ငလျင် လှုပ်လည်း ပြိုမကျဘဲ ခံနိုင်ရည်ရှိတဲ့ အဆောက်အဦဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။
၁၉၉၅ ခုနှစ်က ဂျပန်အနောက်ပိုင်း Hyogo ခရိုင်မှာ Hanshin-Awaji ငလျင်ကြီးလှုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ပြိုကျခဲ့တဲ့ အဆောက်အဦ အများစုဟာ ၁၉၈၁ ဥပဒေမပြင်ဆင်မီ ရှေ့ပိုင်းက စံနှုန်းအဟောင်းတွေကို အခြေခံပြီး ဆောက်ထားတဲ့ အဆောက်အဦတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သေဆုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းက အဆောက်အဦ ပြိုကျတာကြောင့် ဒါမှမဟုတ် အိမ်ထောင်ပရိဘောဂတွေ ခန္ဓာကိုယ်ပေါ် ပြုတ်ကျတာကြောင့် ပိပြီး အသက်ဆုံးရှုံးရတာ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ ဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပါတယ်။ အဆောက်အဦ တစ်ခုရဲ့အိမ်တိုင်၊ ယက်မတိုင်တွေ တည်ဆောက်တပ်ဆင်တဲ့ နည်းလမ်းတွေကို ပိုပြီးသေချာအောင် ခိုင်ခံ့အောင် သတ်မှတ်ချက် ချမှတ်လိုက်ပါတယ်။
၂၀၁၆ ခုနှစ်ကတော့ မဂ္ဂနီကျုအဆင့် ၇ ပြင်းအားရှိတဲ့ ငလျင် ၂ ခု ဂျပန်အနောက်ပိုင်း Kumamoto ခရိုင်မှာ လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်လို့ အဆောက်အဦတွေ ပျက်စီးရတဲ့ အကြောင်းရင်း ကို သိရှိဖို့ နိုင်ငံက စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စစ်ဆေးကြည့်တဲ့အခါ နောက်ဆုံးသတ်မှတ်ခဲ့တဲ့ စံနှုန်းတွေကို အခြေခံပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေရဲ့ ၂ ရာခိုင်နှုန်းပဲ ပျက်စီးခဲ့ပြီး ၁၉၈၁ ခုနှစ်က စံနှုန်းအတိုင်း ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦတွေကတော့ ၃၀ ရာခိုင်နှုန်းအထိ ပြိုကျ ပျက်စီးခဲ့တာ ကို တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် ငလျင်ဒဏ်ခံနိုင်တဲ့စံနှုန်းကို ပိုမို တင်းကျပ်ပြီး အားဖြည့်တာဟာ အိမ်တွေမပြိုအောင် ဘေးကင်းစိတ်ချစွာ နေထိုင် နိုင်အောင် လုပ်ပေးနိုင်တယ်ဆိုတာ ပြသနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၂ မိမိအိမ်က ငလျင်ဒဏ်ခံနိုင်ရည် ဘယ်လောက်ရှိသလဲ စစ်ဆေးပါ

ဒီတစ်ကြိမ်မှာတော့ မိမိအိမ်ရဲ့ ငလျင်ဒဏ်ခံနိုင်ရည်အားကို ဘယ်လို အကဲဖြတ် စစ်ဆေးသလဲ ဆိုတာကို လေ့လာကြည့်ပါမယ်။
ကိုယ်နေတဲ့အိမ်ဟာ ငလျင်လှုပ်ရင် ဘာမှမဖြစ်ဘူးလား? အန္တရာယ် ရှိသလား? ဆိုတာကို စစ်ဆေးကြည့်နိုင်ပါတယ်။ (耐震診断)လို့ခေါ်တဲ့ ငလျင်ခံနိုင်ရည်စွမ်းအား စစ်ဆေးပေးတာကို ကျွမ်းကျင်မှု အပြည့်နဲ့ အထူးလုပ်ဆောင်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။
ကုမ္ပဏီက အဆောက်အဦရဲ့ ငလျင်ဒဏ်ခံနိုင်မှုကို စစ်ဆေးအကဲဖြတ် တဲ့အထဲမှာ အသံနဲ့ အမြင်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ပါဝင်ပါတယ်။ စစ်ဆေးသူတွေဟာ ပထမဆုံး နံရံတွေဟာ ကြံ့ခိုင်မှု ရှိသလား ဆိုတာကို ဆုံးဖြတ်ပါတယ်။ နံရံပေါ်မှာ ငလျင်ဒဏ်ရဲ့ သက်ရောက်မှုကြောင့် ဖြစ်တဲ့ အက်ကွဲကြောင်းတွေ ရှိမရှိ နံရံကို ခေါက်ပြီး စစ်ဆေးကြည့် ပါတယ်။ အိမ်ရဲ့ ပင်မ အိမ်တိုင်တွေ၊ ကြမ်းပြင်တွေ နိမ့်လျှော၊စွေစောင်းနေခြင်း ရှိမရှိ တိုင်းတာကြည့်ပါတယ်။ ကြမ်းခင်း အောက်ခြေမှာ ခြကောင်တွေ ရှိနေသလား? အုတ်မြစ်အတွင်းပိုင်း ပျက်စီး၊ ဆွေးမြေ့နေသလား ဆိုတာကိုလည်း သူတို့က စစ်ဆေးမှာ ဖြစ်ပါတယ်။
အင်တာနက်စာမျက်နှာပေါ်မှာ မေးခွန်း(၁၀)ခု ဖြေဆိုပြီး ငလျင် ဒဏ်ခံနိုင်ရည်ရှိမရှိ ၊ အိမ်က ပြုပြင်စရာလိုမလို စစ်ဆေးကြည့်ပြီး အကြံပြုချက် ရယူနိုင်တာတွေလည်း ရှိပါတယ်။ Japan Building Disaster Prevention Association က သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ မည်သူမဆို ကိုယ့်အိမ်ကိုယ် ငလျင်ဒဏ်ခံနိုင်လား ဆိုတာကို အွန်လိုင်းကနေစစ်ဆေးလို့ရအောင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ဝန်ဆောင်မှုပေးထားပါတယ်။
အိမ်ကို ငလျင်ဒဏ်ခံနိုင်တဲ့အိမ်တစ်လုံးဖြစ်အောင် လုပ်ဖို့ ပျမ်းမျှ ကုန်ကျစရိတ်က သာမန်လုံးချင်းအိမ်ဆို ယန်း ၁သန်း ကနေ ၁.၅ သန်းလောက်အထိ ရှိတယ်လို့ ဆိုပါတယ်။ တိုက်ခန်းတွေ ဒါမှမဟုတ် ကွန်ဒိုမီနီယံတွေမှာတော့ အိမ်စီမံခန့်ခွဲရေးအဖွဲ့အပေါ် အခြေခံပြီး အခန်းပိုင်ရှင်ရဲ့ သဘောတူညီချက်နဲ့ အိမ်ကို ပိုခိုင်လာအောင် ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တချို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေမှာတော့ ကုန်ကျစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ပေးတဲ့ စနစ်တွေရှိပါတယ်။ ဒါ့ကြောင့် မြို့နယ် ရပ်ကွက် အလိုက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဆီမှာ စုံစမ်းမေးမြန်းပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၃ အိမ်ထောင်ပရိဘောဂတွေ ပြိုလဲမကျအောင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲ

ဒီတစ်ကြိမ်မှာတော့ အိမ်ထောင်ပရိဘောဂတွေ ပြိုလဲကျတာ၊ ပြုတ်ကျတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေ ကို လေ့လာပါမယ်။
ကိုယ်နေတဲ့အိမ်ဟာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦအတွင်းမှာ ရှိနေရင်တောင် အန္တရာယ်တွေကအများကြီး ဝန်းရံနေပါသေးတယ်။ အဲဒီ အန္တရာယ်တွေထဲက တစ်ခုကတော့ ပရိဘောဂပစ္စည်းတွေ ခန္ဓာကိုယ်ပေါ်ကို ပြုတ်ကျနိုင်တာပဲ ဖြစ်ပါတယ်။ တိုကျိုမြို့တည်ရှိတဲ့ ဧရိယာကို တိုက်ရိုက်ဗဟိုပြုတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့မယ် ဆိုရင် လူပေါင်း ၂၀၀ ကျော်ဟာ ပရိဘောဂတွေနဲ့ တခြားပစ္စည်းတွေ ပြုတ်ကျတာကြောင့် ပိမိပြီးသေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့ကြောင့် ပရိဘောဂပစ္စည်းတွေကို လဲမကျအောင် နံရံနဲ့တွဲပြီး တပ်ဆင်ထားဖို့ လိုပါတယ်။
ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတစ်ခုကတော့ အင်္ဂလိပ်အက္ခရာ L ပုံသဏ္ဍာန် သတ္တုပြားအစိတ်အပိုင်းတွေကို အသုံးပြုပြီး နံရံနဲ့ ပရိဘောဂတွေအကြား မူလီစုပ်ပြီး တင်းကျပ်မြဲမြံအောင် တပ်ဆင်တာ ဖြစ်ပါတယ်။ ဂျပန်မှာ(突っ張り棒)လို့ခေါ်တဲ့ တုတ်ချောင်းတွေနဲ့ ပရိဘောဂပစ္စည်းတွေကို ထောက်ထားတာ ကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ အဲဒီ တုတ်ချောင်းတွေဟာ နေရာအနေအထားကိုလိုက်ပြီး လိုသလို အတိုအရှည် ချိန်ညှိနိုင်ပြီး ပရိဘောဂတွေနဲ့ မျက်နှာကျက်အကြားမှာ ထောက်ထားပြီး တင်းကျပ်ဖြောင့်မတ်နေအောင် တပ်ဆင်ရပါတယ်။ အဲဒီ တုတ်ချောင်းတွေထောက်ထားရင် ငလျင်လှုပ်လို့ ပရိဘောဂတွေ ရုတ်တရက် ပြိုလဲမကျလာအောင် ထိန်းပေးနိုင်ပါတယ်။
အဲဒီတုတ်ချောင်းတွေကို တပ်ဆင်တဲ့အခါ သတိပြုရမယ့် အချက် တချို့ရှိပါတယ်။ တပ်ဆင်တဲ့အခါ ငလျင်ရဲ့လှုပ်ခါမှုတွေကြောင့် တုတ်ချောင်းတွေ ပြုတ်ထွက်မသွားအောင် ပရိဘောဂကိုထားထားတဲ့ နောက်က နံရံနဲ့ အနီးဆုံးမှာ တုတ်ကိုထားပြီး မျက်နှာကျက်ကိုလည်း ခိုင်ခံ့တဲ့နေရာမှာ တစ်သားတည်း မတ်နေအောင် ထောက်ပါ။ အဲဒီ တုတ်ချောင်းတွေ တပ်ဆင်မယ်ဆိုရင်အိမ် နံရံမှာ အပေါက်ဖောက် စရာမလိုဘဲ ပရိဘောဂတွေကို မလဲကျအောင် လုပ်ပေးနိုင်ပါတယ်။ အဲဒီတုတ်ချောင်းတွေကို ホームセンタ- လို့ခေါ်တဲ့အရောင်းဆိုင် နေရာတွေနဲ့ တခြားစတိုးဆိုင်တွေမှာ ဝယ်ယူရနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၄ အိမ်ထောင်ပရိဘောဂတွေကို ဘယ်လိုနေရာချထားမလဲ

ဒီတစ်ကြိမ်မှာတော့ ငလျင်လှုပ်တဲ့အခါ အိမ်ထောင်ပရိဘောဂတွေ ပြိုလဲပြုတ်ကျတာကြောင့် ထိခိုက်ဒဏ်ရာရတာ၊ အသက်ဆုံးရှုံးတာ မျိုး မဖြစ်ရအောင် အိမ်ထဲကဘယ်လိုနေရာတွေမှာ ထားမလဲ ဆိုတာ ကို လေ့လာကြပါမယ်။
ပရိဘောဂတွေကို ငလျင်လှုပ်တဲ့အခါ ရွေ့လျားမသွားအောင် နေရာချတာကို ကြိုတင်ပြုလုပ်ထားဖို့ အရေးကြီးပါတယ်။ ငလျင်တွေလှုပ်ခတ်တဲ့အခါ ပရိဘောဂပစ္စည်းတွေ လဲကျရင်တောင် အန္တရာယ်မရှိနိုင်တဲ့ နေရာမျိုးမှာ သေသေချာချာ မလဲကျလွယ်အောင် ချထားသင့်ပါတယ်။
ဒါပေမဲ့ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်လာပြီဆိုရင်တော့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်တိုက်လှုပ်တဲ့အတွက် ပရိဘောဂတွေကို မလဲကျအောင် သေချာပြင်ဆင်ထားပေမဲ့ လဲကျ သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဥပမာ တံခါးအနီးနားမှာ ထားထားတဲ့ ပရိဘောဂတစ်ခုခု လဲပြိုကျလာတဲ့အခါ တံခါးကို ပိတ်မိသလို ဖြစ်ပြီး တံခါးဖွင့်ထွက်လို့ မရနိုင်တာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က လဲကျသွားတဲ့ ပရိဘောဂတွေကို နေရာတကျ ပြန်ဖြစ်အောင်ချက်ချင်း အလျင်စလိုနဲ့ နေရာပြန်ချတာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဘာလို့လည်းဆိုတော့ နောက်ထပ် နောက်ဆက်တွဲ ငလျင်တွေထပ်လှုပ်လာရင် ပရိဘောဂတွေ ထပ်ပြီး ပြိုလဲကျနိုင်တဲ့ အန္တရာယ်ရှိလို့ ဖြစ်ပါတယ်။
တံခါးမှန်၊ ကြည့်မှန်တွေကိုလည်း သတိထားသင့်ပါတယ်။ အိပ်ရာ မဝင်ခင် မှန်ရှိတဲ့နေရာတွေကို ခန်းစီးလိုက်ကာတွေကို ပိတ်ထား တာမျိုးလုပ်ပါ။ ဒါမှ ငလျင်ကြောင့် မှန် ကွဲထွက်လာတဲ့ အခါ မှန်စတွေ အခန်းတွင်း လွှင့်စင်ထွက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြိုကျပျက်စီးနေတဲ့ ပစ္စည်းတွေနဲ့ ပြန့်ကျဲနေတဲ့အခန်းတွင်းမှာ ခြေဗလာနဲ့ လမ်းလျှောက်တာကလည်း အန္တရာယ်ရှိနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်တဲ့အနေနဲ့ အခန်းတွင်းစီး ဖိနပ်တစ်ရံကို အိပ်ရာဘေးမှာ အမြဲဆောင်ထားသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၅ မီးဖိုချောင်ထဲမှာ လုပ်ဆောင်ထားသင့်တဲ့ ငလျင်အန္တရာယ် ကြိုတင်ကာကွယ်မှုများ

ဒီတစ်ကြိမ်မှာတော့ ငလျင်လှုပ်ခတ်တဲ့အခါ မီးဖိုချောင်ထဲမှာ လူကို ဘေးအန္တရာယ်မဖြစ်နိုင်အောင် ဘာတွေလုပ်ထားသင့်သလဲ ဆိုတာကို လေ့လာကြည့်ပါမယ်။
အိမ်နဲ့ပတ်သက်တဲ့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကျွမ်းကျင်ပညာရှင် မီးစ် Kunizaki Nobue က ငလျင်လှုပ်ခတ်တဲ့ အခါ အိမ်ထဲမှာ အန္တရာယ်အရှိဆုံးနေရာက မီးဖိုချောင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဥပမာ မိုက်ခရိုဝေ့ဖ်မီးဖိုတစ်ခုဟာ အလေးချိန် ၂၀ ကီလိုဂရမ် နီးပါးရှိနိုင်ပြီး ပြုတ်မကျအောင်ထားဖို့လိုပါတယ်။ ကြိုတင်ကာကွယ် တဲ့အနေနဲ့ လျှပ်စစ်နွှေးစက်စတဲ့ မီးဖိုအောက်မှာ ချောထွက်ပြီး ပြုတ်ကျမသွားနိုင်တဲ့ ပလတ်စတစ် အခင်းမျိုး ကပ်ပြီးခံထားပါလို့ ပြောပါတယ်။
ပိုအရေးကြီးတာက မီးဖိုခန်းထဲက အိုး၊ပန်းကန်ထည့်တဲ့ နံရံကပ်ဗီဒို၊ ကြောင်အိမ် တံခါးတွေနဲ့အံဆွဲတွေ ပွင့်သွားပြီး အထဲကပစ္စည်းတွေ ထွက်ကျမလာအောင်လုပ်ထားဖို့ဖြစ်တယ်လို့ သူက ပြောပါတယ်။ အံဆွဲပွင့်ထွက်လာပြီး အထဲကပစ္စည်းတွေ ကြမ်းပေါ် ပြုတ်ကျနေရင် ထွက်ပြေးဖို့ လမ်းကြောင်း ပိတ်သွားနိုင်ပါတယ်။ ဒါကြောင့် မီးစ် Kunizaki က ကလေးတွေ အံဆွဲထဲမှာ လက်မညပ်အောင် ဒီဇိုင်းထုတ်ထားတဲ့ stopper ပစ္စည်းတွေကို အသုံးပြုပါတယ်။ အဲဒီပစ္စည်းကို အံဆွဲမှာ ကပ်ထားပါ။ ငလျင်လှုပ်ချိန်မှာ အံဆွဲတွေကို ပွင့်ထွက်မလာအောင် တားဆီးပေးပါတယ်။ stopper က ဖိနှိပ်လိုက်ရင် ပွင့်သွားပြီး အံဆွဲကို ဆွဲဖွင့်နိုင်ပါတယ်။ ရေခဲသေတ္တာ တံခါးအတွက်လည်း stopperကို အသုံးပြုပြီး တံခါးပိတ်ပါ။ ဒီပစ္စည်း တွေကို ယန်း ၁၀၀၀ အောက် နဲ့ ဝယ်ယူရရှိနိုင်တယ်လို့ သူက ပြောပါတယ်။
မီးစ် Kunisaki က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် လစဉ် ယန်း ၃၀၀၀ လောက်ငွေပမာဏကို သတ်မှတ်ပြီး အသုံးပြု သင့်တယ်လို့ အကြံပြုထားပါတယ်။ “ဒီလမှာတော့ မှန်တွေ ကွဲထွက် ပြီး အိမ်အတွင်း ပြန့်ကျဲသွားတာမျိုး မဖြစ်အောင် မှန်မှာကပ်တဲ့ ဖလင်ပြားဝယ်မယ် စသဖြင့် ကြိုတင်ကာကွယ်ပါ၊ နောက်လ မှာလည်း ပရိဘောဂတွေ ရွေ့လျားမသွားအောင် ကာကွယ်တဲ့ပစ္စည်း ဝယ်တာမျိုး” စသဖြင့် လစဉ်လတိုင်း တစ်မျိုးစီဝယ်ပြီး ငလျင်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ သူက အကြံပေးပါတယ်။ ငလျင်ကြောင့် အန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်ရေး အစီအမံ တွေကို ကိုယ်တတ်နိုင်တဲ့နေရာကစပြီး မှန်မှန် အမြဲတမ်း လုပ်ဆောင် သွားဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၆ ကိုယ့်အိမ်တည်ဆောက်ထားတဲ့ မြေအနေအထားကို လေ့လာခြင်း

ဒီတစ်ကြိမ်မှာ မိမိအိမ်တည်ရှိတဲ့ မြေနေရာဟာ ငလျင်ကြောင့်ဖြစ်တဲ့ တုန်ခါမှုတွေကို ခံနိုင်တဲ့မြေလား ဆိုတာကို လေ့လာကြည့်ပါမယ်။
တိုကျိုမြို့တည်ရှိတဲ့ မြေအောက်မှာ တိုကျိုမြို့ကို တိုက်ရိုက်ဗဟိုပြုတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီဆိုရင် ပြင်းအားဟာ ၇ အဆင့် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ကိုယ့်အိမ်ဟာ မြေသားပျော့တဲ့နေရာမှာ တည်ရှိနေတယ်ဆိုရင် တုန်ခါမှုကိုပိုပြီး ပြင်းထန်စေနိုင်ပါတယ်။
National Research institute for Earth Science and Disaster resillicence (ကမ္ဘာမြေသိပ္ပံနဲ့ ဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိမှုဆိုင်ရာ နိုင်ငံ့သုတေသနဌာန)က သုတေသီ Senna Shigeki ဟာ ၂၀၁၆ ခုနှစ် Kumamoto ငလျင်အပြီးမှာ ပျက်စီးမှုအတိုင်းအတာနဲ့ မြေပြင်အနေအထားအကြား ဘာတွေ ဆက်စပ်မှုရှိသလဲဆိုတာကို ဆန်းစစ်လေ့လာခဲ့ပါတယ်။ တချို့နေရာတွေမှာ အိမ်တွေ အများအပြား ပြိုကျခဲ့ပေမဲ့ အိမ်အများစု မပျက်မစီးဘဲ ကျန်ရှိခဲ့တဲ့နေရာတွေလည်းရှိတယ် ဆိုတာကို သူ သတိပြုမိခဲ့ပါတယ်။ ဘာကြောင့် အဲဒီလိုကွာခြားချက် ရှိနေသလဲ ဆိုတာကို လေ့လာကြည့်တဲ့အခါ မြေမျက်နှာပြင်နဲ့နီးတဲ့မြေလွှာက မြေသားအပျော့ဖြစ်နေရင် အဲဒီနေရာတွေဟာ တုန်ခါမှုတွေပိုကြီးလာတာကြောင့် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြတယ် ဆိုတာကို သူတွေ့ရှိခဲ့ပါတယ်။
မစ္စတာ Senna နဲ့အဖွဲ့ဟာ Kanto ဒေသ၊ တိုကျိုအနီးဝန်းကျင်မှာ မြေသားပျော့တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ တခြားမြို့ရွာဒေသတွေမှာလည်း ဆန်းစစ်လေ့လာမှုတွေ တိုးချဲ့လုပ်ဖို့ စီစဉ်ထားပါတယ်။ တချို့ မြို့နယ်တွေက ဒေသန္တရ အာဏာပိုင်တွေက ငလျင်လှုပ်ရင် ဒဏ်မခံနိုင်တဲ့မြေပြင်နေရာတွေကို ပြထားတဲ့揺れやすいマップ(yureyasui map) မြေပုံတွေကို ထုတ်ပြန်ထားပါတယ်။ ကိုယ့်အိမ်ကို ငလျင်ဒဏ်ခံနိုင်ရည်ပိုရှိ လာအောင် အိမ်အရည်အသွေးမြှင့်တင်ဆောင်ရွက်တဲ့အခါမျိုးမှာ အဲဒီမြေပုံတွေနဲ့ တိုင်းတာစစ်ဆေးဖို့ အကြံပြုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။