လုံခြုံသောလူမှုဘဝနေထိုင်ရေးအတွက်အမေးအဖြေ

ရေနဲ့ပတ်သက်တဲ့ မတော်တဆမှုတွေကြောင့် အသက်အန္တရာယ် မရှိအောင် ဘယ်လို ကယ်တင်မလဲ

အပိုင်း – ၁ တစ်နိုင်ငံလုံး မှာဖြစ်ခဲ့တဲ့ မတော်တဆမှု

ဂျပန်နိုင်ငံမှာ နှစ်တိုင်း နွေရာသီမှာ ပင်လယ်နဲ့မြစ်၊ချောင်းတွေမှာ ရေနဲ့ပတ်သက်တဲ့ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ဒီလို မတော်တဆမှုတွေ ဘာကြောင့်ဖြစ်ပွားရသလဲ၊ ဒီမတော်တဆတွေကို ကာကွယ်ဖို့ ဘယ်လို စီမံဆောင်ရွက်ကြမလဲ ဆိုတာကို ဒီတစ်ခါမှာ လေ့လာကြည့်ပါမယ်။
ပထမဆုံး တစ်နိုင်ငံလုံးမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေ ကို ကြည့်ကြရအောင်။
၂၀၂၂ ခုနှစ်မှာ ရေနဲ့ပတ်သက်တဲ့ မတော်တဆမှုကြောင့် လူပေါင်း ၇၂၇ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၂၂၈ ဦးရှိခဲ့ပါတယ်။ အဲဒီမတော်တဆမှုတွေရဲ့ ၃၀ ရာခိုင်နှုန်းက ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ ဖြစ်ပွားခဲ့တယ်လို့ ဂျပန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ၂၀၂၂မှာ ရေကြောင့်သေဆုံးရသူ ပမာဏဟာ ၂၀၂၁ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၁၆ ဦး ပိုများတာတွေ့ရပါတယ်။
ရေကြောင့်ဖြစ်တဲ့မတော်တဆမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က ပင်လယ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းက မြစ်၊ချောင်းတွေမှာ ဖြစ်ခဲ့ပါတယ်။ နွေကာလမှာ မြစ်ချောင်းတွေမှာ ဖြစ်တဲ့ မတော်တဆမှုတွေရဲ့ နှစ်စဉ်အချိုးဟာ ပျမ်းမျှအချိုးထက် ၁၀ မှတ်ပိုများနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရေကြောင့်ဖြစ်တဲ့မတော်တဆမှုတွေကို လေ့လာကြည့်တဲ့အခါမှာ ရေထဲမှာ ကစားကြတာ၊ ငါးဖမ်းတာ၊ ငါးမျှားကြတာ ဒါမှမဟုတ် ရေကူးကြတာတွေကနေ စ ဖြစ်တာကို အများဆုံး တွေ့ရပါတယ်။
ပင်လယ် ဒါမှမဟုတ် မြစ်ချောင်းတွေမှာ ရေစီးသန်တဲ့နေရာတွေ ရေနက်တဲ့ဧရိယာတွေ ကို ရှောင်ရှားကြဖို့ ဂျပန် ရဲတပ်ဖွဲ့ သတိပေးနှိုးဆော်ထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၂ မြစ်တွေမှာ ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်များ

ဒီတစ်ခါမှာ မြစ်၊ချောင်းတွေမှာ ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်တွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်ပါမယ်။
၂၀၂၃ခုနှစ်နွေရာသီမှာလည်း မြစ်၊ချောင်းတွေမှာ ရေကစားရင်း မတော်တဆမှုတွေ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင်လက Fukuoka ခရိုင်မှာ မူလတန်းကျောင်းသား ၃ ဦးဟာ နွေရာသီအားလပ်ရက် အစမှာပဲ မြစ်ထဲမှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ဩဂုတ်လ ၃ ရက်နေ့ကတော့ Kanagawa ခရိုင်က မြစ်တစ်စင်းမှာ မူလတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ပြန်ပါတယ်။
မြစ်ချောင်းတွေထဲဝင်ရင် သတိပြုသင့်တာက ကိုယ်မထင်ထားတဲ့ နေရာက ရုတ်တရက်ရေနက်ကြီး ဖြစ်နေနိုင်တာပါပဲ။
မြစ်ရေက နှေးနှေးလေးစီးဆင်းနေပုံရပြီး အန္တရာယ်ရှိမယ့်ပုံ မပေါ်ရင်တောင် ရေတိမ်နေရာကနေ ရုတ်တရက် ရေနက် ဖြစ်နေတဲ့နေရာထဲကို ဝင်သွားတာဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေတွေကြည်လင်ပြီး မြစ်ကြမ်းပြင်ကို မြင်နေရတဲ့တိုင်အောင် သတိထားသင့်ပါတယ်။ အလင်းယိုင်ခြင်းကြောင့် မြစ်အောက်ခြေက လက်တွေ့ထက် ရေတိမ်နေသလို မြင်နေရတတ်ပါတယ်။ အထင်မှားသတိမရှိဘဲ မြစ်ချောင်းထဲဆင်းရင် ရုတ်တရက်ရေနက်ထဲကို ဝင်မိပြီးသား ဖြစ်သွားပြီး ရေနစ်နိုင်ပါတယ်။
မြစ်ကြမ်းပြင်ဟာ ကျောက်စရစ်ခဲ၊သဲတွေ ဖြစ်နေရင်လည်း လမ်းလျှောက်ရတာ ခြေချော်နေစေပြီး ရေတိမ်တဲ့ဘက်ဆီ ပြန်သွားဖို့ ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။
မြစ်ထဲ၊ချောင်းထဲရောက်နေတဲ့အခါ အန္တရာယ်မရှိဘူးလို့ ဘယ်တော့မှ မယူဆထားသင့်သလို မပေါ့ဆသင့်ကြောင်း သတိပေးချင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အမြဲစိတ်ထဲကြိုစဉ်းစားထားပြီး သတိရှိရှိနေစေချင် ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၃ မြစ်ထဲမှာ ရေမနစ်အောင် သတိပြုရမယ့် အချက်များ

ဒီတစ်ခါမှာ မြစ်ထဲမှာ ရေနစ်တာမျိုး မဖြစ်ရအောင် သတိပြုရမယ့် အချက်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်က ပြောပြထားတာကို လေ့လာကြည့်ပါမယ်။
ရေမတော်တဆမှု ကယ်ဆယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ သုတေသနအသင်း ဥက္ကဋ္ဌလဲဖြစ် Nagaoka University of Technology Graduate School က ပါမောက္ခ လည်းဖြစ်တဲ့ Saitoh Hidetoshi ပြောပြတာကို ကြည့်ကြပါမယ်။ ရေနစ်တဲ့ မတော်တဆမှုတွေက မြစ်တွေနားကိုစရောက်ချိန်နဲ့ အိမ်ပြန်ခါနီး အချိန်တွေမှာ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ ပြောပါတယ်။
အထူးသဖြင့် ကလေးတွေဟာ မြစ်ကို စရောက်ရောက်ချင်း အချိန်မှာ ဆော့ဖို့ ကစားဖို့အတွက် စိတ်လှုပ်ရှားပြီး မြစ်ထဲကို အပြေးအလွှား ဆင်းသွားတာများတာကြောင့် ရုတ်တရက် ရေနက်ထဲရောက်သွားပြီး ရေနစ်မှုတွေ ဖြစ်တတ်ပါတယ်။ အိမ်ပြန်ဖို့မိဘက ပြင်ဆင်နေချိန်မှာလည်း မတော်တဆမှုတွေ ဖြစ်တတ်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာ မိဘတွေက ပစ္စည်းသိမ်းဆည်းပြီး အလုပ်ရှုပ်နေချိန်မှာ ကလေးတွေအန္တရာယ်ဖြစ်တာကို သတိမထားမိတာမျိုး ဖြစ်ခဲ့ကြပါတယ်။
မြစ်ထဲမှာ ရေနစ်တာဟာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားနိုင်တာကြောင့် ကလေးတွေကို မျက်လုံးနဲ့ မျက်စိဒေါက်ထောက်စောင့်ကြည့်နေရုံနဲ့ မလုံလောက်ဘူးလို့ ပါမောက္ခ Saito က သတိပေးထားပါတယ်။ မိဘတွေပါ ကလေးတွေနဲ့အတူ မြစ်ထဲလိုက်ပါပြီး ရေဆော့ကစားဖို့ အကြံပေးထားပါတယ်။ မိဘတွေက အနီးကပ် ရှိနေခြင်းအားဖြင့် ကလေးငယ်တွေ တကယ်လို့ ရေနစ်သွားခဲ့မယ်ဆိုရင်တောင် ချက်ခြင်း ကူညီကယ်ဆယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သေချာပေါက် ဘေးကင်းစိတ်ချရအောင် “ဒူးလောက်ပဲနက်တဲ့ ရေတိမ်ပိုင်းမှာပဲ ရေကစားဖို့နဲ့ အသက်ကယ်အင်္ကျီတွေ ၀တ်ဆင်ထားဖို့” အရေးကြီးကြောင်း ပါမောက္ခ Saito က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၄ ပင်လယ်ကမ်းခြေက အန္တရာယ်များ

ဒီတစ်ခါ ပင်လယ်ထဲက rip current လို့ခေါ်တဲ့ကမ်းခြေမှာ ဖြစ်တဲ့ အားကောင်းတဲ့ ရေစီးကြောင်းတွေရဲ့ ဆွဲချတတ်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး လေ့လာပါမယ်။
ပင်လယ်ပြင်မှာ သတိထားရမယ့်အန္တရာယ်တွေကတော့ အများကြီးရှိပါတယ်။ အဲဒီအန္တရာယ်တွေထဲမှာ ရုတ်တရက် ရေကူးရင်း ရေနက်ပိုင်းထဲကိုရောက်သွားတာနဲ့ ပင်လယ်ကမ်းစပ်ကို မြင့်မားတဲ့လှိုင်းလုံးကြီးတွေ ရုတ်တရက် ရိုက်ခတ်လာတာတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ကမ်းခြေကနေ လျှင်မြန်အားကောင်းတဲ့ အရှိန်နဲ့ လူကို ဆွဲချသွားတတ်တဲ့ rip current လို့ခေါ်တဲ့ ရေစီးကြောင်းတွေကို သတိထားရပါမယ်။ တစ်စက္ကန့်မှာ ၂ မီတာကျော်အထိရောက်အောင် ဆွဲချနိုင်တဲ့ အဲဒီ ရေစီးကြောင်းကို ဖြတ်ပြီး ရေကူးလာဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အဲဒီလို ရေစီးကြောင်းတွေဟာ မိသားစုလိုက် ရေကစားလေ့ရှိကြတဲ့ ကမ်းနဲ့အနည်းငယ်ပဲ ဝေးကွာတဲ့ ရေတိမ်ပိုင်း ပင်လယ်ကမ်းခြေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီရေစီးကြောင်းတွေဟာ သာမန်မျက်စိ အမြင်နဲ့ခွဲခြား သိရှိဖို့ခက်ခဲတာကြောင့် အန္တရာယ်ပိုများပါတယ်။ ရေမတော်တဆမှု ကယ်ဆယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ သုတေသနအသင်း ဥက္ကဋ္ဌလဲဖြစ် Nagaoka University of Technology Graduate School က ပါမောက္ခ လည်းဖြစ်တဲ့ Saitoh Hidetoshi က “ပင်လယ်ထဲမှာ ရေကူးတဲ့အခါ ဘယ်နေရာတွေမှာ ရေကူးရင် အန္တရာယ်ရှိနိုင်သလဲ၊ ကယ်ဆယ်ရေး သမားတွေ ရှိတဲ့ ဧရိယာဟာ ဘယ်နေရာလဲ စသဖြင့် မေးမြန်းပြီးမှ ကူးခတ်ကြပါ” လို့ ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၅ ပင်လယ်ထဲမှာ ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ဘယ်လိုကာကွယ်မလဲ

ဒီတစ်ခါ ပင်လယ်ထဲမှာ ဖြစ်တတ်တဲ့ မတော်တဆမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့(海上保安庁)က ပံ့ပိုးထားတဲ့ အကြံပြုချက်တွေကို လေ့လာကြပါမယ်။ ပင်လယ်ကမ်းခြေ သွားမယ့်သူတွေအတွက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြံပြုချက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါတယ်။
၁) အိမ်ကနေ ခရီးစထွက်ချိန်မှာ − ဘယ်ကိုခရီးသွားမယ်၊ ဘယ်အချိန်မှာ ပြန်လာမယ်ဆိုတာကို သင့်မိသားစုကို ပြောပြထားပါ။
တစ်ယောက်တည်းပင်လယ်ကို ဘယ်တော့မှ မသွားပါနဲ့။
၂) ပင်လယ်ကမ်းခြေကို သွားတဲ့အခါ − ဘေးကင်းစိတ်ချရတဲ့ ဆက်သွယ်ရေးနည်းလမ်း၊ ဥပမာ− လက်ကိုင်ဖုန်းကို ရေစိုခံအိတ်ထဲ ထည့်ပြီး ပင်လယ်ထဲကိုသယ်သွားနိုင်အောင်လုပ်ထားပါ၊ ကယ်ဆယ်ရေးသမားတွေ ဒါမှမဟုတ် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာ၊ သို့မဟုတ်‌ရေကူးဖို့သတ်မှတ်ထားတဲ့ ဧရိယာ မှာပဲ ရွေးချယ် ရေကူးပါ။
၃) ပင်လယ်ထဲ ရေကူးတဲ့အခါ − တစ်ယောက်တည်း ရေမကူးပါနဲ့၊ ရေထဲမှာစီးတဲ့ဖိနပ်၊ အသက်ကယ်အင်္ကျီ ဒါမှမဟုတ် ရေပေါ်မှာ ပေါ်နိုင်မယ့် ပစ္စည်းတစ်ခုခုကို ကိုယ်မှာ၀တ်ဆင်ထားပါ။ ကိုယ်ရောစိတ်ပါ သေချာကျန်းမာရဲ့လားဆိုတာ ကိုယ့်ကျန်းမာရေးကိုယ် စစ်ဆေးပြီးမှ ပင်လယ်ထဲဆင်းပါ။ ရေကူးတဲ့အခါလည်း မကြာခဏ အနားယူပါ။
၄) မတော်တဆမှု တစ်ခုခု ဖြစ်တဲ့အခါ − အရမ်းထိတ်လန့်သွားတာမျိုး၊ အထိတ်တလန့်နဲ့ ရေကူးခတ်တာမျိုးကို ရှောင်ကြဉ်ပါ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်းပါ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ရေပေါ် ဘောလောပေါ်နေတဲ့ အရာဝတ္ထုပစ္စည်းတွေကို ကိုင်ထားပါ၊ သက်တောင့်သက်သာရှိတဲ့ ကိုယ်ဟန်အနေအထားနဲ့ ရေပေါ်မှာ မျောပါလိုက်ပြီး ကယ်ဆယ်မယ့်သူကို စောင့်ဆိုင်းပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၆ မြစ်ရေမှာမျောသွားတဲ့ ပစ္စည်းကို လိုက်ဆယ်ယူဖို့ မကြိုးစားပါနဲ့

ဒီတစ်ခေါက် ဂျပန်မှာ မြစ်တွေ ၊ ပင်လယ်တွေဆင်းတဲ့အချိန်မှာ ရေမှာမျောသွားတဲ့ ခြေညှပ်ဖိနပ်တွေ ဒါမှမဟုတ် တခြားပစ္စည်းတစ်ခုခုနောက်ကို လိုက်ဆယ်ယူဖို့ ကြိုးစားရင်းနဲ့ အန္တရာယ်တွေနဲ့တွေ့ကြုံရတာနဲ့ ပတ်သက်ပြီး လေ့လာကြည့်ပါမယ်။ မြစ်ထဲ၊ချောင်းထဲ၊ပင်လယ်ထဲမှာ အရာဝတ္ထုတစ်ခုခု မျောသွားရင် လိုက်ရှာဖွေ ဆယ်ယူဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလို ပစ္စည်းပြန်ယူဖို့ လုပ်ရင်းနဲ့ မတော်တဆမှု ဖြစ်ပွားလေ့ရှိတာ မျိုးနောက် ထပ်မဖြစ်တော့မယ့် အခြေအနေမျိုး မရှိပါဘူး။
The River Foundation (မြစ်ချောင်းဆိုင်ရာ အဖွဲ့အစည်း) က လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်း မြစ်၊ချောင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတွေကို သုတေသနပြုလေ့လာခဲ့ပါတယ်။ လမ်းလျှောက်တက်ခါစ ကလေးငယ်တွေနဲ့ မူလတန်းအရွယ် ကလေးတွေ မကြာခဏဖြစ်လေ့ရှိတဲ့ မတော်တဆမှုကတော့ ရေထဲကျသွားတဲ့ ဘောလုံး ဒါမှမဟုတ် ခြေညှပ်ဖိနပ်ကို ပြန်ဆယ်ဖို့ ကြိုးစားရင်းနဲ့ရေနစ်သွားတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ Marine Rescue Japan ရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်သူ Tohyama Atsushi က ရေနစ်တဲ့အန္တရယ်နဲ့ ပတ်သက်ပြီးအခုလိုပြောပါတယ်။ ဥပမာ- ရေမှာမျောသွားတဲ့ ခြေညှပ်ဖိနပ်ကို မရမကလိုက်ဆယ်ယူဖို့ ကြိုးစားတဲ့အခါ အာရုံက အဲဒီပစ္စည်းမှာသာရှိနေပြီး ရေအနက်နဲ့ ရေစီးဘယ်လောက်သန်တယ် ဆိုတာလိုမျိုး ကိုယ်ရောက်နေတဲ့ပတ်ဝန်းကျင် အနေအထားကို ဂရုမစိုက်မိတတ်တော့တာကြောင့် အလွန်အန္တရာယ်များတယ်လို့ သူက ပြောပါတယ်။ ရေမှာ မတော်တဆမှု ဖြစ်ပွားတာတွေကနေ ကာကွယ်ဖို့ အချက်တစ်ခုက အလွယ်တကူ ကျွတ်ထွက်မသွားနိုင်တဲ့ ခြေညှပ်ဖိနပ် ဒါမှမဟုတ် marine shoes လိုမျိုး ရေထဲမှာစီးတဲ့ဖိနပ်တွေ ဝတ်ဆင်ကြစေလိုတယ်လို့ သူက ပြောပါတယ်။ အုပ်ထိန်းသူတွေ ဒါမှမဟုတ် တခြား အရွယ်ရောက်ပြီးသူတွေက ကလေးတွေရှိနေတဲ့ နေရာကနေ မြစ်အောက်ဘက်ကို သွားနေပေးတာ ဒါမှမဟုတ် ပင်လယ်မှာ ရေကစားနေတာဆိုရင် ကမ်းလွန်ပင်လယ်ဘက်မှာ လူကြီးက ရှိနေပေးသင့်တယ်လို့ ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၇ ရေနစ်ပြီဆိုတာနဲ့ချက်ချင်း အရေးပေါ်ကို ဖုန်းဆက်ပါ

ဒီတစ်ကြိမ်မှာတော့ တစ်စုံတစ်ယောက် ရေနစ်တဲ့အခါ အနားမှာရှိသူတွေက ဘာတွေလုပ်ဆောင်ပေးသင့်သလဲ? ကျွမ်းကျင်သူတစ်ဦးရဲ့ အကြံပြုချက်ကို လေ့လာရပါမယ်။
ရေနစ်နေသူကို ကယ်ဆယ်ဖို့ကြိုးစားရင်း ကိုယ်ကိုယ်တိုင်ပါ ရေနစ်သွားခဲ့ရတဲ့ ဖြစ်ရပ်တွေ အများကြီး ရှိပါတယ်။ Nagaoka University of Technology Graduate School က ပါမောက္ခဖြစ်သူ Saitoh Hidetoshi ဟာ Society of Water Rescue and Survival Research ( ရေမတော်တဆမှု ကယ်ဆယ်ရေးနဲ့ အသက်အန္တရာယ်မဖြစ်ရေးဆိုင်ရာ သုတေသနအသင်း )ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ အထူးလေ့ကျင့် သင်ကြားထားမှု မရှိသူတစ်ယောက်က ကြိုတင်ပြင်ဆင်ထားမှု ဘာတစ်ခုခုမရှိဘဲ ရေပေါ်မှာ ပေါလောမျောနေတဲ့လူကို ကယ်ဆယ်ဖို့ဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။
ရေနစ်နေတဲ့သူကိုတွေ့ရင် အမြန်ဆုံး ဂျပန်ကမ်းခြေစောင့်တပ်ဖုန်းနံပါတ် Japan Coast Guard-118 ဒါမှမဟုတ် မီးသတ်ဌာနဖုန်းနံပါတ် Fire Department- 119 လိုမျိုး အရေးပေါ်နံပါတ်တွေကို ပထမဆုံး ခေါ်ပြီး အကူအညီတောင်းသင့်ပါတယ်။
ဒါ့အပြင် ဘေးပတ်ဝန်းကျင်က လူတွေက လုပ်ဆောင်ပေးရမယ့် အချက်က ရေနစ်နေသူကို စိတ်ငြိမ်ငြိမ်ထားပြီး အသက်ရှုဖို့ အာရုံစိုက်နိုင်အောင်လုပ်ပေးဖို့ လိုပါတယ်။ ရေနစ်နေသူတွေကို ဖြေစရာလိုတဲ့ မေးခွန်းမျိုးတွေမေးနေတာဟာ သူတို့ အသက်ရှူရတာ အခက်တွေ့စေနိုင်ပါတယ်။ တိုတိုနဲ့ လိုရင်းရောက်တဲ့ စကားမျိုးဖြစ်တဲ့ “ရေပေါ်မှာ ပေါလောဖေါ်ရင်းစောင့်ပါ” “ဒီအတိုင်းအဆင်ပြေတယ် အားတင်းထား” ဒါမှမဟုတ် “အရေးပေါ်ကယ်ဆယ်ရေးသမားတွေကို ခေါ်ထားပြီ” စတဲ့ အားပေးစကားတွေကို ရေနစ်နေသူကြားအောင် ပြောပြတာက ထိရောက်မှုရှိပါတယ်။
ရေနဲ့ပတ်သက်တဲ့ မတော်တဆမှုတွေ မဖြစ်အောင် ကာကွယ်တားဆီးဖို့အတွက် ဘယ်လို အန္တရာယ်မျိုးတွေရှိတယ် ဆိုတာကို ကြိုတင်သတိပြုမိအောင် လေ့လာထားဖို့က အရေးကြီးပြီး အရေးပေါ်အခြေအနေ ဖြစ်လာတယ်ဆိုရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ပါ။ ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။