လုံခြုံသောလူမှုဘဝနေထိုင်ရေးအတွက်အမေးအဖြေ

herpangina နဲ့ RS ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားမှုတွေ မြင့်မားလာနေခြင်း

အပိုင်း−၁ herpangina ဆိုတာ ဘာလဲ

ဒီတစ်ကြိမ်မှာတော့ ဗိုင်းရပ်စ်ပိုးကြောင့် ကလေးတွေအကြား ပြန့်ပွားနေတဲ့ ကူးစက်ရောဂါ ၂ ခုအကြောင်းကိုလေ့လာပါမယ်။ Herpanginaရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ RS ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဖျားနာမှုတွေကို ကြည့်ကြရအောင်။
Herpangina ရောဂါကတော့ အဖျားတက်ပြီး လည်ချောင်းနာတဲ့အပြင် အာခံတွင်းမှာ ပြည်တည် အရည်ကြည်ဖုတွေ ပေါက်လာတတ်ပါတယ်။ RS ဗိုင်းရပ်စ်ကတော့ အအေးမိသလိုမျိုးဖြစ်တတ်ပြီး ကိုယ်အပူချိန်တက်တာနဲ့ ချောင်းဆိုးတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
နွေရာသီမှာ Herpangina ရောဂါအဖြစ်များပါတယ်။ ဒီရောဂါဟာ အသက် ၅ နှစ်အောက် ကလေးတွေမှာ ဖြစ်ပွားတတ်တာပို များပါတယ်။ Herpangina လူနာတွေမှာ အဖျားတက်တာအပြင် အာခေါင်ထဲမှာ အရည်ကြည်ဖု အနာတွေပေါက်တဲ့အပြင် လည်ချောင်းနာတတ်ပါတယ်။ အဲဒီလူနာတွေဟာ လည်ချောင်းနာတာကြောင့် တစ်ခါတစ်ရံ အစားအသောက်စားဖို့ ခက်ခဲတာကြောင့် ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေ ဖြစ်တတ်တယ် ဆိုတာကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။ တချို့လူနာတွေမှာဆိုရင် ကိုယ်အပူချိန်ဟာ ရုတ်တရက် ၃၈ ဒီဂရီ ဆဲလ်စီးယက်ထက် ကျော်သွားတတ်ပါတယ်။
အခု ၂၀၂၃ ခုနှစ်မှာ herpangina ကူးစက်မှုနှုန်းဟာ ပုံမှန်ထက်ပိုပြီး မြန်နေပါတယ်။ ဂျပန်နိုင်ငံတစ်ဝန်း ကလေးအထူးကုဆေးခန်းပေါင်း ၃၀၀၀ ဝန်းကျင်ရှိပြီး herpangina ရောဂါကူးစက်ထားတဲ့ လူနာအရေအတွက်ဟာ ဇူလိုင်လ ၉ ရက်အထိ သီတင်းပတ် တစ်ပတ်အတွင်းမှာ ၂၂,၉၈၀ ဦးရှိတယ်လို့ နိုင်ငံ့ကူးစက်ရောဂါဆိုင်ရာ ဌာနက ပြောပါတယ်။ ဒီပမာဏဟာ ဆေးခန်းတစ်ခုမှာ လူနာ ၇.၃၂ ဦး ရှိတာဖြစ်ပြီး အရင်သီတင်းပတ်မှာ ၆.၄၈ ဦးရှိတာထက် ပိုများနေပြီး ၁၀ နှစ်အတွင်း အမြင့်ဆုံး ကူးစက်မှု ဖြစ်ခဲ့ပါတယ်။
ဒေသအလိုက်ကြည့်မယ်ဆိုရင် မိယာ့ဂီ ခရိုင်မှာ အမြင့်ဆုံးဖြစ်ပြီး ဆေးခန်းတစ်ခုမှာ လူနာ ၂၃.၂ ဦးရှိပါတယ်။ ခရိုင် ၈ ခုမှာတော့ ပျမ်းမျှအားဖြင့် ဆေးခန်းတစ်ခုကို လူနာ ၁၀ ဦး ကျော် ရှိနေပါတယ်။ ခရိုင် ၂၇ ခုမှာတော့ လူနာပမာဏဟာ အရေးပေါ်အခြေအနေ အဖြစ်သတ်မှတ်ထားတဲ့ လူနာ ၆ ဦး ကို ကျော်သွားပြီ ဖြစ်ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေက လူတွေကို လက်သန့်စင်အောင် ဆေးကြောဖို့နဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အခြေခံစီမံလုပ်ကိုင်တာတွေကို သေချာ လိုက်နာကျင့်သုံးကြဖို့ တောင်းဆိုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၂ RS ဗိုင်းရပ်စ် ဆိုတာဘာလဲ

ဒီတစ်ကြိမ်မှာ ကိုယ်အပူချိန်တက်တာနဲ့ ချောင်းဆိုးတာလိုမျိုး အအေးမိတဲ့ရောဂါလက္ခဏာတွေ ပေါ်တတ်တဲ့ RS ဗိုင်းရပ်စ်အကြောင်း လေ့လာပါမယ်။
RS ဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် ကလေးငယ်တွေကို ကူးစက်များပါတယ်။
ရောဂါကူးစက်ခံရပြီဆိုရင် အသက် ၆ လအောက်ကလေးငယ်တွေနဲ့ မွေးရာပါနှလုံးရောဂါရှိတဲ့ ကလေးတွေဟာ အဆုတ်ရောင်နိုင်ပြီး ရောဂါပြင်းထန်လာနိုင်ပါတယ်။
နိုင်ငံတစ်ဝန်းက ကလေးအထူးကု ဆေးခန်း ၃,၀၀၀ လောက်မှာ ဇူလိုင်လ ၉ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း RS ဗိုင်းရပ်တွေ့ရှိတဲ့ လူနာ ၁၀,၆၁၃ ဦးရှိတယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း ဂျပန်နိုင်ငံ့ကူးစက်ရောဂါဌာနက ပြောပါတယ်။
ဒီအရေအတွက်ဟာ ဆေးခန်းတစ်ခုမှာ ပျမ်းမျှကူးစက်လူနာ ၃.၃၈ ဦးရှိပြီး အရင်သီတင်းပတ်က ၃.၁၇ ဦးရှိရာကနေ ကူးစက်မှုပိုမို များပြားလာတာ တွေ့ရပါတယ်။
အခုနှစ်မှာ ပုံမှန်ထက်စောပြီး လူနာများလာတာဟာ မနှစ်ကထက် ကူးစက်ပျံ့နှံ့နှုန်းမြန်နေတာကို ပြပါတယ်။ လက်ဆေးတာစတဲ့ ကူးစက်ရောဂါပိုး ကာကွယ်တားဆီးရေးဆိုင်ရာ အခြေခံ စီမံလုပ်ဆောင်မှုတွေကို လိုက်နာကျင့်သုံးကြဖို့ ကျွမ်းကျင်သူတွေက တောင်းဆိုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၃ ကူးစက်မှုတွေများလာတဲ့ နောက်ကွယ်က အကြောင်းရင်းကဘာလဲ?

ဒီတစ်ကြိမ်မှာ ဗိုင်းရပ်စ်ကူးစက်မှု တိုးလာတာရဲ့ နောက်ကွယ်က အကြောင်းရင်းကို လေ့လာကြပါမယ်။
ဂျပန်အစိုးရက မေလ ၈ ရက်မှာ COVID-19 ကို ရာသီပေါ်တုပ်ကွေးနဲ့ အလားတူအဆင့်ကို လျှော့ချသတ်မှတ်လိုက်ပြီးနောက် herpangina နဲ့ RS ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေဟာ လျင်လျင်မြန်မြန်ပဲ တိုးလာခဲ့ပါတယ်။
National institute of Infectious Diseases (နိုင်ငံ့ကူးစက်ရောဂါ ဆိုင်ရာဌာန)ရဲ့ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါအမျိုးအစားအဆင့် လျှော့ချသတ်မှတ်တာ မလုပ်ခင်က ရက်သတ္တပတ်နဲ့ မေလ ၂၈ ရက်အထိ သီတင်းပတ်တစ်ပတ်အတွင်း ကူးစက်မှုကို နှိုင်းယှဉ်ရင် ဂျပန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကလေးအထူးကုဆေးခန်းပေါင်း ၃၀၀၀ ဝန်းကျော်မှာလာပြကြတဲ့ herpangina ဗိုင်းရပ်စ်နဲ့ RS ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာအရေအတွက်ဟာ တိုးလာခဲ့တာကို တွေ့ရပါတယ်။ ဆေးခန်းတစ်ခုစီမှာ herpangina ဗိုင်းရပ်စ်ကူးစက်သူက ၅ ဆ တိုးလာပြီး RS ဗိုင်းရပ်စ်ကူးစက်သူက ၂ ဆ တိုးလာခဲ့ပါတယ်။
ပုံမှန်က ဒီဇင်ဘာလကနေ မတ်လအထိ အချိန်အတွင်းမှာပဲ ကူးစက်သူ များလေ့ရှိတဲ့ ရာသီပေါ်တုပ်ကွေးဖြစ်ပွားသူ အရေအတွက်လည်း အလျင်အမြန် တိုးလာပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့မှုခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ကူးစက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ တင်းကြပ်တဲ့အစီအမံတွေလုပ်ခဲ့ပြီး နိုင်ငံတကာကို ခရီးသွားကြတာတွေ လျော့နည်းခဲ့တာကြောင့် ကူးစက်ရောဂါဖြစ်ပွားမှု ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Tokyo Medical University က ပါမောက္ခ Hamada Atsuo က ဆိုပါတယ်။ အဲဒီလို အခြေအနေတွေက လူတွေမှာရှိတဲ့ ကိုယ်ခံစွမ်းအားစနစ်ကို သိသိသာသာ အားနည်းသွားစေတာမျိုး ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
COVID-19 ရဲ့ ရောဂါအမျိုးအစား အဆင့်လျှော့ချလိုက်တာနဲ့ အတူ နှာခေါင်းစည်း တပ်တာနဲ့ တခြား အခြေခံတားမြစ်ထားတဲ့ စည်းကမ်းချက်တွေကို ဖြေလျှော့လိုက်တာတွေကလည်း ကူးစက်ရောဂါတွေ ပိုပြီး အလွယ်တကူ ကူးစက်ပြန့်ပွားစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်နိုင်တယ်လို့ ပါမောက္ခ Hamada က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၄ ဆေးဘက်ဆိုင်ရာဌာနတွေရဲ့ အနေအထား

အခုတစ်ခါ ဆေးဘက်ဆိုင်ရာ ဌာနတွေရဲ့ အနေအထားတွေကို လေ့လာကြပါမယ်။
တိုကျိုမြို့၊ Kita မြို့နယ်က ဆေးခန်းတစ်ခုမှာတော့ အခုနှစ် မေလနဲ့ ဇူလိုင်လအကြား herpanginaဗိုင်းရပ်စ် နဲ့ RS ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ အရင်နှစ်တွေကဒီကာလမှာ ဖြစ်ပွားလေ့ရှိတဲ့ ပျမ်းမျှကူးစက်မှုနှုန်းရဲ့ ၄ ဆကနေ ၅ ဆအထိ တက်လာတယ်လို့ သိရပါတယ်။
ဆေးခန်းကို လူနာတွေ အဆက်မပြတ်လာပြနေပြီး တစ်ချို့လူနာတွေဆိုရင် ဆေးခန်းပြဖို့ ဘိုကင်ယူထားပြီးမှ မလာဖြစ်တဲ့လူနာအစားဝင်ပြနိုင်ဖို့တောင် တန်းစီစောင့် နေကြတဲ့သူတွေ ရှိပါတယ်။
Suginami မြို့နယ်မှာရှိတဲ့ ဆေးခန်းတစ်ခုကတော့ ဇွန်လတုန်းက RS ဗိုင်းရပ်စ်စစ်ဆေးတဲ့ ကိရိယာ testing kitတွေ ပြတ်လပ်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီဆေးခန်းမှာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေများတဲ့ မွေးကင်းစကလေးလို လူနာတွေကိုပဲ ဦးစားပေး စမ်းသပ်ကုသပေးနိုင်ခဲ့တဲ့ ကာလတောင်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အနီးနားက ဆေးဆိုင်တွေမှာ ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ချောင်းဆိုးပျောက်ဆေးတွေဟာ သယ်ယူပို့ဆောင်ဖို့ ဆိုင်းငံ့ထားတာနဲ့ အကန့်အသတ်နဲ့ပဲ ပို့ပေးနိုင်တာတွေကြောင့် ပစ္စည်းနည်းသွားခဲ့ပါတယ်။
ရောဂါလက္ခဏာတွေ ပြင်းထန်လာတဲ့ လူနာတွေများလာပြီး ဆေးရုံတက်ရတဲ့အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ ကလေးလူနာတွေကို အဓိကထားကုသတဲ့ Setagaya မြို့နယ်က ဆေးရုံတစ်ခုမှာဆိုရင် မေလက RS ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကလေးငယ် ၁၀ ဦးအောက်ပဲ ရှိခဲ့ပေမဲ့ ဇွန်လနှောင်းပိုင်းမှာ လူနာ၄၀ ကျော်အထိ ဖြစ်လာခဲ့ပါတယ်။ ဆေးရုံတက်ကုသရတဲ့ ကလေးလူနာတွေထဲမှာ နှစ်ပတ်သားအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ လူနာဦးရေက အဲဒီလောက် မြန်မြန်တိုးလာခဲ့တာကြောင့် လိုအပ်တဲ့ ဆေးကုသ စောင့်ရှောက်မှုတွေပေးဖို့ ခက်ခဲလာတယ်လို့ အဲဒီ ဆေးရုံက ဆရာဝန်တစ်ဦးက ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း – ၅ herpangina ရောဂါကိုကုသနည်း

အခုတစ်ခါ Herpangina ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာနဲ့ ကုသနည်းတွေ နဲ့ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောပြတာကို လေ့လာကြည့်ရအောင်။
National Center for Child Health and Development (ကလေးသူငယ် ကျန်းမာရေးနှင့် ဖွံဖြိုးမှုဆိုင်ရာ နိုင်ငံ့ဗဟိုဌာန)က မစ္စတာ Ogimi Chikara ဟာ ကူးစက်ရောဂါဖြစ်တဲ့ ကလေးလူနာတွေကို ကုသပေးသူ ဖြစ်ပါတယ်။ သူက herpangina ဟာ အအေးမိဖျားနာစေတဲ့ ဗိုင်းရပ်စ်အမျိုးအစား တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရောဂါကို ကုသတဲ့ဆေးဝါး တိတိကျကျ မရှိသေးဘဲ လူနာအများစုဟာ သူ့ဘာသာ သက်သာသွားတဲ့ အချိန်အထိစောင့်ကြရပါတယ်။
herpangina ကြောင့် အအေးမိဖျားနာနေတဲ့ ကလေးကို အိမ်မှာ ဘယ်လို ပြုစုကုသပေးရမလဲ။
ကလေးဟာ အစားနည်းနည်းပဲစားနိုင်ပြီး အသိစိတ်လည်း ပုံမှန်ရှိနေတယ်၊ အဆက်မပြတ် အော့အန်တာမျိုးလည်း မဖြစ်ဘူးဆိုရင် ကလေးကို သင့်လျော်တဲ့ အဖျားကျဆေး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေး တိုက်ပြီး ကုသနိုင်ပါတယ်။ ကလေးရဲ့ အာခံတွင်း ဒါမှမဟုတ် လည်ချောင်းက နာနေတယ်ဆိုရင် ရေဓာတ်မခန်းခြောက်အောင် အနည်းဆုံး အရည်တစ်မျိုးမျိုး ဝင်အောင် တိုက်ပေးဖို့ အရေးကြီးပါတယ်။ ရောဂါလက္ခဏာတွေဟာ ရက်အနည်းငယ်ကြာတတ်သလို တချို့ အခြေအနေတွေမှာ အဲဒါထက် ပိုကြာတာမျိုး ရှိနိုင်ပါတယ်။
Herpangina ကူးစက်မခံရအောင် လက်ကိုသေချာဆေးကြောဖို့ လိုပါတယ်။ နှာခေါင်းစည်းတပ်တာ လိုမျိုး ရောဂါပိုးကာကွယ်တားဆီးရေးဆိုင်ရာ အခြေခံစည်းမျဉ်းတွေကို လိုက်နာဖို့ အရေးကြီးတယ်လို့ မစ္စတာ Ogimi Chikara က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း – ၆ RS ဗိုင်းရပ်စ်ကို ဘယ်လို ကုမလဲ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ RS ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာနဲ့ကုသမှုတွေနဲ့ ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောပြတာကို ဒီတစ်ခါ လေ့လာကြပါမယ်။
National Center for Child Health and Development (ကလေးသူငယ် ကျန်းမာရေးနှင့် ဖွံဖြိုးမှုဆိုင်ရာ နိုင်ငံ့ဗဟိုဌာန)က ကူးစက်ရောဂါရတဲ့ ကလေးငယ်တွေကို ဆေးကုသပေးနေသူ မစ္စတာ Ogimi Chikara က RS ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကလေးငယ်တွေ အသက်ရှုရခက်လာတဲ့အခါ ဒါမှမဟုတ် အစားအသောက် မဝင်တော့တဲ့အခါမျိုးမှာ ဆေးရုံတက်ရမယ်လို့ သတိပေးထားပါတယ်။ ကိုယ့်ရင်သွေးတွေမှာ အဲဒီလို ရောဂါလက္ခဏာတွေဖြစ်ပေါ်လာခဲ့ရင် ဆေးရုံဆေးခန်းပြဖို့ မိဘအုပ်ထိန်းသူတွေကို သူက အကြံပြုထားပါတယ်။
“ဒီဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါကို ကုသဖို့ ဆေးဝါးတိတိကျကျ မရှိဘဲ အောက်ဆီဂျင်ပေးတာ ဒါမှမဟုတ် လူနာ အသက်ရှူနိုင်အောင် ကူညီပေးတာ စတဲ့ အခြေခံနည်းနဲ့ပဲရောဂါ သက်သာအောင် လုပ်ပေးနိုင်တယ်” လို့ မစ္စတာ Ogimi က ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်ပုံက အများအားဖြင့် ထိတွေ့မှုတွေကတစ်ဆင့် ကူးစက်တတ်တယ်လို့ မစ္စတာ Ogimi က ပြောပါတယ်။ ဥပမာ ဗိုင်းရပ်စ်တွေကပ်နေတဲ့ တံခါးလက်ကိုင် ဒါမှမဟုတ် ကစားစရာအရုပ်တစ်ခုခုကို ထိမိတာ၊ ကိုင်တွယ်လိုက်တာနဲ့ အဲဒီလက်မှာ ဗိုင်းရပ်စ်ကပ် သွားပြီး အဲဒီလက်နဲ့ နှာခေါင်း ဒါမှမဟုတ် ပါးစပ်တွေကို ကိုင်လိုက်တာနဲ့ ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။ လက်တွေကို သေချာ စင်ကြယ်အောင်ဆေးကြောဖို့နဲ့ အရွယ်ရောက်သူတွေက နှာခေါင်းစည်းတပ်ကြဖို့ အရေးကြီးတယ်လို့ သူက အလေးထား ပြောကြားခဲ့ပါတယ်။
မစ္စတာ Ogimi က ကလေးငယ်တွေ ရှိတယ်ဆိုရင် အိမ်ကို ဗိုင်းရပ်စ်ပိုး ပါလာပြီး မိသားစုထဲမှာ မကူးစက်အောင် ရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်ဖို့ အထူးအရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။