လုံခြုံသောလူမှုဘဝနေထိုင်ရေးအတွက်အမေးအဖြေ

နွေရာသီမှာ အစာအဆိပ်သင့်မှု မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ?

−၁  ဘတ်တီးရီးယားပိုးတွေကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်မှု

နေ့စဉ်လူနေမှုဘဝအတွက် ဘေးကင်းစိတ်ချရဖို့ ဗဟုသုတတွေကို NHK မျှဝေပေးနေပါတယ်။ မိုးရာသီကနေ နွေရာသီအထိ အပူချိန်မြင့်တာနဲ့ စိုထိုင်းဆများတဲ့အတွက် အစာအဆိပ်သင့်မှု ဖြစ်တတ်တဲ့အတွက် အထူးသတိထားကြဖို့ အကြံပြုပါတယ်။ အခုတစ်ကြိမ်မှာ ဘာကြောင့် အစာအဆိပ်သင့်ပြီး ဖျားနာရတဲ့ အကြောင်းရင်းတွေနဲ့ ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေကို စီးရီးအလိုက်ဆက်တိုက် လေ့လာသွားကြပါမယ်။ နွေရာသီမှာမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ဘက်တီးရီးယားပိုးကြောင့် အစာအဆိပ်သင့်မှု နဲ့ပတ်သက်ပြီး အရင် လေ့လာကြည့်ကြရအောင်။
ဂျပန်မှာ မေလကနေ သြဂုတ်လအထိအချိန်အတွင်း အစာအဆိပ်သင့်ကြတာ အဖြစ်များပါတယ်။ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်မှာ အစာအဆိပ်သင့်ခဲ့တာ ၉၆၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရထားကြောင်း ဆိုပါတယ်။
အစာအဆိပ်သင့်နိုင်တဲ့ပုံစံ ၃ မျိုးရှိပါတယ်။ အဲဒါတွေကတော့
၁) noro virus အပါအဝင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်း
၂) Staph aureus လိုမျိုး ဘက်တီးရီးယားတွေ ပေါက်ပွားလို့ ဖြစ်ပွားခြင်း
၃) anisakis နဲ့ တခြားကပ်ပါးပိုး အမျိုးအစားတွေကြောင့် ဖြစ်ပွားခြင်း
တို့ဖြစ်ပါတယ်။ အဲဒီထဲမှာ ဘတ်တီးရီးယားပိုးကြောင့် အစာအဆိပ်သင့်တာကတော့ နွေရာသီမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။
ကြက်ဥတွေမှာ တွေ့ရလေ့ရှိတဲ့ Salmonella ဘက်တီးရီးယားပိုး နဲ့ အသားတွေမှာ တွေ့ရတဲ့ Campylobacter ဘက်တီးရီးယားပိုး ဟာ အစာအဆိပ်သင့်မှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ အဖြစ် လူသိများပါတယ်။ Campylobacter ဘတ်တီးရီးယားပိုးတွေဟာ မေလစပြီး နွေရာသီအထိမှာ ပေါက်ပွားတာများပြီး ကြက်သားအစိမ်းကြောင့် ရောဂါပိုးကူးစက်တာ မကြာခဏ တွေ့ရတတ်ပါတယ်။
Staph aureus ဘတ်တီးရီးယားဟာ ကျန်းမာတဲ့လူရဲ့ အရေပြားပေါ်မှာတောင် တွယ်ကပ်နေနိုင်ပါတယ်။ လူတွေ လက် သေချာဆေးတာ ဒါမှမဟုတ် ပိုးသတ်ဆေးရည်နဲ့လက်ကိုပိုးသတ် သန့်စင်တာတွေ မလုပ်ဘူးဆိုရင် ကူးစက်လွယ်ပါတယ် ဒါမှမဟုတ် လက်တွေအသားပတ်ပြီး အက်ကွဲတာ ဒါမှမဟုတ် လက်မှာ ပြည်တည်တာကနေ ဘတ်တီးရီးယားပိုးခန္ဓာကိုယ်ထဲဝင်ပြီး အစာအဆိပ်သင့် နာမကျန်းဖြစ်တတ်ပါတယ်။
ဘက်တီးရီးယားတွေ အလွယ်တကူ ပွားတတ်တဲ့ နွေရာသီလိုအချိန်မှာ အထူးသဖြင့် အစားအစာတွေကို ကိုင်တွယ် ချက်ပြုတ်စားသောက်တဲ့အခါ အပြည့်အဝသတိထားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

−၂ ဘတ်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်မှု

မိုးရာသီနဲ့ နွေရာသီမှာ အပူချိန်မြင့်တာနဲ့ စိုထိုင်းဆများတဲ့အတွက် အစာအဆိပ်သင့်တာ အဖြစ်များပါတယ်။ အခုတစ်ကြိမ်မှာ အစာအဆိပ်သင့်ခြင်းမဖြစ်အောင် ကာကွယ်နည်း ၃ နည်းကို ကြည့်ကြပါမယ်။
ဘက်တီးရီးယားပိုးကြောင့် အစာအဆိပ်သင့်တာကို ကာကွယ်ဖို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အချက် ၃ ချက် အကြံပြု ထားပါတယ်။
၁) အစားအစာမှာ ဘက်တီးရီးယားပိုး မကပ်နိုင်အောင် လုပ်ပါ။
ချက်ပြုတ်တဲ့အခါ အစားအသောက်တွေ၊ လက်တွေနဲ့ ချက်ပြုတ်ရေးသုံး ပစ္စည်းတွေကို သေသေချာချာဆေးကြောပါ။
၂). အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ မပေါက်ပွားပါစေနဲ့။
အစားအစာတွေကို အခန်းတွင်း နဂိုရှိတဲ့အပူချိန်ထဲမှာ ဒီအတိုင်းမထားပါနဲ့။ အအေးခန်းထဲထားတာ ဒါမှမဟုတ် ရေခဲသေတ္တာထဲမှာ ထည့်သိမ်းပါ။ ချက်ပြုတ်ပြီးသွားရင် အစားအစာတွေကို တတ်နိုင်သမျှ မြန်မြန်စားပြီး ကျန်တာတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ ဒီလိုလုပ်မှ ဘတ်တီးရီးယားတွေ ပေါက်ပွားတာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
၃) အစားအစာနဲ့ ချက်ပြုတ်ရေးသုံး ပစ္စည်းတွေပေါ်က ဘတ်တီးရီးယားပိုးတွေ သေသွားအောင်သန့်စင်ပါ။
အစားအစာကို သေချာ ကျက်အောင်ချက်ပြုတ်ပါ။ အစားအစာအတွင်းပိုင်းအထိ အပူချိန် ၇၅ ဒီဂရီ အနိမ့်ဆုံး ရှိလာအောင် တစ်မိနစ်ကြာချက်ပြုတ်တာ ဒါမှမဟုတ် အဲဒါထက် ပိုကြာအောင်ချက်ပြုတ်ပါ။
အစာအဆိပ်သင့်မှုမဖြစ်အောင် ကာကွယ်တဲ့နည်းလမ်းတွေ အားလုံးဟာ အင်မတန် ရိုးရှင်းလွယ်ကူပါတယ်။ ဒီနည်းလမ်းတွေကို သေချာလုပ်ပြီး ကိုယ်တိုင်ရော မိသားစုပါ အစာအဆိပ်သင့်ပြီး နာမကျန်းဖြစ်တာတွေ မဖြစ်ရအောင် ကာကွယ်စောင့်ရှောက်ပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

−၃ လက်ကို နှစ်ကြိမ်ဆေးကြောပါ။

မိုးရာသီနဲ့ နွေရာသီမှာ အပူချိန်မြင့်တာနဲ့ စိုထိုင်းဆများတာကြောင့် အစာအဆိပ်သင့်မှုတွေ အဖြစ်များပါတယ်။ အခုတစ်ကြိမ်မှာ အစာအဆိပ်သင့်မှုကို ကာကွယ်ဖို့အတွက် ဘယ်လိုထိရောက်အောင် လက်ကို ဆေးကြောမလဲဆိုတာကို ကြည့်ကြပါမယ်။
လက်ဆေးတာဟာ အစာအဆိပ်မသင့်စေအောင်လုပ်နိင်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်တာကြောင့် လက်မဆေးခင် လက်ရဲ့ဘယ်အစိတ်အပိုင်းက ဂျီးတွေ၊အညစ်အကြေးတွေ များသလဲ ဆိုတာကို စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ လူတစ်ဦးရဲ့ လက်တွေကို အလင်းထွက်စေတဲ့ရောင်ပြန်ဆေး သုတ်လိမ်းလိုက်ပြီး ဂျီးတွေကိုအလင်းရောင်လက်ပြီး မြင်ရအောင် ခရမ်းလွန်ရောင်ခြည်ထွက်တဲ့ black light ဓာတ်မီးနဲ့ ထိုးပါတယ်။ အဲဒီအခါ လက်ဖဝါး၊ လက်ဖမိုးနဲ့ လက်သည်းကြားနေရာ အဖြူရောင်အလင်းတွေ ဖြာထွက်နေပြီး ဂျီးတွေနဲ့ မသန့်ရှင်းဘူးဆိုတာ ပြသနေပါတယ်။ လူတွေဟာ လက်နဲ့ အရာအတော်များများကို ထိတွေ့ကိုင်တွယ်ကြတဲ့အတွက် အထူးသဖြင့် လက်ဖဝါးဟာ ပိုပြီး ညစ်ပတ်ပါတယ်။
လက်ကအညစ်အကြေးတွေကို ဆေးကြောပြီး အစာအဆိပ်သင့် တာမဖြစ်အောင် ကာကွယ်ဖို့ ပြည်သူ့ကျန်းမာရေးဌာနတွေက လူတွေကို အကြံပြုထားပါတယ်။
လက်ဆေးနည်းကတော့ ပထမဆုံး လက်ကဂျီးတွေကို ရေနဲ့ အရင်ဆေးကြောပေးရပါမယ်။ အဲဒီနောက် လက်တစ်ခုလုံးကိုအနှံ့ ဆပ်ပြာနဲ့ပွတ်တိုက် ပြီးရင်လက်ဖဝါးနဲ့ လက်ဖမိုးနဲ့ လက်ချောင်းကြားကို တိုက်ပြီး ဂျီးချွတ်ပါ။ လက်ချောင်းထိပ်တွေကိုစုပြီး လက်ဖဝါးပေါ်မှာ ပွတ်တိုက်ပါ။ လက်ကောက်ဝတ်တွေကိုလည်း ဆပ်ပြာနဲ့ ပွတ်တိုက်ပါ။ ပြီးပြီဆိုရင် ရေနဲ့ သေချာစင်အောင် ဆေးကြောလိုက်ပါ။
လက်တွေ့ စမ်းသပ်လေ့လာကြည့်တဲ့အနေနဲ့ လူတွေကို ဒီနည်းနဲ့ လက်ကို စင်ကြယ်အောင် ဆေးကြောစေပြီး နောက်တစ်ကြိမ် Black light နဲ့ စမ်းသပ်ကြည့်တဲ့အခါ လက်သည်းကြားတွေနဲ့ လက်ဖဝါးပေါ်က လက္ခဏာအရေးအကြောင်းကြားတွေမှာ အဖြူ အစက်အပြောက် အလင်းတန်းတွေ ကျန်နေသေးတယ် ဆိုတာ ပြသနေပါတယ်။ ဒါကြောင့် ပြည်သူ့ကျန်းမာရေးဌာနတွေက လက်ကို ၂ ကြိမ်ဆေးကြောဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
လက်ကို ထိထိရောက်ရောက် စင်ကြယ်အောင် ဆေးကြောပြီး အစာအဆိပ်သင့်တာ မဖြစ်အောင် ကြိုတင်ကာကွယ်ကြဖို့ အကြံပြုလိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

−၄ မိမိရဲ့ မီးဖိုချောင်ကနေ အစာအဆိပ်သင့်မှု မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ။

မိုးရာသီနဲ့ နွေရာသီတွေမှာ အပူချိန်မြင့်တာနဲ့ စိုထိုင်းဆများတဲ့အတွက် အစာအဆိပ်သင့်မှုတွေ အဖြစ်များပါတယ်။
မိမိ မီးဖိုချောင်က အစပြုတဲ့အစာအဆိပ်သင့်မှုမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာကို ကြည့်လိုက်ကြရအောင်။
ချက်ပြုတ်ပြီးတဲ့အခါ ပန်းကန်ဆေးတဲ့ဘေစင်မှာ အညစ်အကြေး ပေရေနေတာတွေ၊ ဘက်တီးရီးယားတွေ ကပ်ကျန်နေတာတွေ ဖြစ်နိုင်တာကြောင့် အကြမ်းစားရေမြှုပ်နဲ့ ဘေစင် ပန်းကန်ဆေးတဲ့ ရေစင်ကို ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ ဘေစင်တိုက်တဲ့ ရေမြှုပ်နဲ့ ပန်းကန်ခွက်ယောက်ဆေးကြောတာမျိုး မပြုလုပ်ဖို့လိုပါတယ်။ ဘေစင်သန့်ရှင်းရေးလုပ်တဲ့ ရေမြုပ်နဲ့ ပန်းကန်ဆေးတဲ့ ရေမြုပ်ကို ခွဲပြီး အသုံးပြုပါ။ ဘေစင်က အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ မီးဖိုချောင်သုံး ဆပ်ပြာဆေးရည်နဲ့ ဘေစင်တစ်ခုလုံးကို ပွတ်တိုက်ပြီးမှ ရေဖြင့်ပြောင်စင်အောင် ဆေးကြောပါ။
ပန်းကန်ဆေးတဲ့ ရေမြှုပ်ကလည်း ရေစိုနေတဲ့အတွက် ပိုးမွှားတွေ အလွယ်တကူ ပေါက်ပွားနိုင်တာကြောင့် အသုံးပြုပြီးသားရေမြှုပ်တွေကို ရေနွေးစိမ်ပြီး ဒါမှမဟုတ် ပိုးသတ်ဆေးနဲ့ ပုံမှန်ပိုးသတ်ဆေးကြောဖို့လည်း အရေးကြီးပါတယ်။ ကာလရှည်ကြာ အသုံးပြုနေတဲ့ စဉ်းတီတုံးပေါ်က ဓားမွန်းရာ အစင်းအကြောင်းတွေကြားထဲမှာလည်း ပိုးမွှားတွေနဲ့ အညစ်အကြေးတွေ ဝင်ပြီးကျန်ရစ်နေတာကြောင့် စဉ်းတီတုံးကို ဆပ်ပြာနဲ့ ဆေးကြောပြီး ကလိုရင်းပိုးသတ်ဆေး ဒါမှမဟုတ် ပွက်ပွက်ဆူနေတဲ့ရေပူနဲ့ဆေးချပြီး ပိုးသတ်တာဟာ ထိရောက်ပါတယ်။
Hachioji မြို့နယ် ပြည်သူ့ကျန်းမာရေးစင်တာက တာဝန်ရှိသူတစ်ဦးက အစာအဆိပ်သင့်မှုမဖြစ်ပွားစေဖို့ ဘက်တီးရီးယားပိုးတွေ မပေါက်ပွားအောင် ဂရုတစိုက်နဲ့ ကာကွယ်ကြဖို့က အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် နွေရာသီကာလမှာ ချက်ပြုတ်ပြီးတာနဲ့ ချက်ခြင်းစားသုံးဖို့၊ ကျန်ရှိတဲ့ အစားအသောက်တွေကို အခန်းထဲမှာ ဒီအတိုင်း မထားခဲ့ကြဖို့တွေ အပြင် လက်တွေကို ဆေးကြောကြဖို့၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ပိုးသတ်ဆေးကြောကြဖို့ ဂျပန် ကျန်းမာရေးအရာရှိတွေက တိုက်တွန်းနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

−၅ အစားအစာမှိုတက်တာကို သတိထားပါ။

မိုးရာသီနဲ့ နွေရာသီမှာ အပူချိန်မြင့်တာနဲ့ စိုထိုင်းဆများလာတဲ့အခါ အစာအဆိပ်သင့်မှုတွေ အဖြစ်များပါတယ်။
ဒီတစ်ခါ အစားအစာကို မှိုတက်တာကို သတိထားဖို့လိုတဲ့အကြောင်း လေ့လာကြည့်ရအောင်။
မှိုကြောင့် အစာအဆိပ်သင့်စေတယ်လို့ အစိုးရက သတ်မှတ်ထုတ်ပြန် ထားတာမျိုး မရှိပေမဲ့လည်း သတိတော့ထားသင့်ပါတယ်။ မှိုဆိုတာဟာ လေထဲမှာ ပျံဝဲနေတတ်ပြီး မှိုတွေကိုဖြစ်ပွားစေတဲ့ “spore” လို့ခေါ်တဲ့ မျိုးဥတွေနဲ့ “hyphae” လို့ခေါ်တဲ့ မှိုအမျှင်တွေကနေ ပွားပါတယ်။ အဲဒီလေထဲက မှိုဖြစ်စေတတ်တဲ့ အမှုန်တွေအမျှင်တွေဟာ အစားအစာတွေပေါ်ကျတာ ဒါမှမဟုတ် တခြား ပေါက်ပွားလွယ်တဲ့နေရာတွေပေါ်မှာ တွယ်ကပ်ပြီးပေါက် ပွားလာပါတယ်။ ဒီလိုမှိုတွေပေါက်တဲ့အခါ အဆိပ်ရှိတဲ့ မှိုအမျိုးအစားတွေလည်း ရှိပါတယ်။
မှိုဟာ ကစီဓာတ်နဲ့ သကြားပါတဲ့ အရာတွေကို နှစ်သက်ပြီး ဘယ်အစားအစာတွေပေါ်မှာမဆို ပေါက်ပွားနိုင်ပါတယ်။ အစားအစာတွေမှာ တစ်စိတ်တစ်ပိုင်းလောက်ပဲ မှိုတက်နေပြီး ကျန်တဲ့အပိုင်းတွေမှာ မှိုမမြင်ရတဲ့အခါ မှိုမတက်တဲ့အပိုင်းတွေကို စားလို့ရတယ်လို့ ထင်တတ်ကြပေမဲ့ တကယ်တမ်းက အစားအစာ တစ်ခုလုံးထဲမှာ အဆိပ်အတောက် ထုတ်ပေးတဲ့ မှိုမျိုးအမှုန်တွေ ပျံ့နှံ့နေပြီ ဖြစ်တာကြောင့် မစားသုံးတာကောင်းပါတယ်။ အစားအစာရဲ့ ဘယ်အစိတ်အပိုင်းမှာပဲ ဖြစ်ဖြစ်မှိုတက်နေပြီဆိုရင် အစားအစာအားလုံးကိုလွှင့်ပစ်ဖို့ အကြံပြုလိုပါတယ်။
အစားအသောက် ဘေးကင်းရေးဆိုင်ရာ ကော်မရှင်ရဲ့အဆိုအရ အစားအစာတွေကို အေးမြတဲ့နေရာ ခြောက်သွေ့တဲ့နေရာမှာ လေလုံ အောင်ထားပါ။ဒီလို ထားရှိတာဟာ မှိုမတက်အောင် ကာကွယ်နိုင်မယ့် အဓိကသော့ချက် နည်းလမ်းဖြစ်ပါတယ်။ မှိုပေါက်ပွားစေတဲ့ အကောင်းဆုံးအပူချိန်က ၂၀-၂၅ ဒီဂရီစင်တီဂရိတ် ကြားဖြစ်ပြီး မှိုဟာ ရေငွေ့နဲ့အစိုဓာတ်ကို နှစ်သက်ပါတယ်။ မှိုအတော်များများဟာ ပေါက်ပွားကြီးထွားဖို့ အောက်ဆီဂျင်လိုအပ်ပါတယ်။ မှိုပေါက်ပွားလွယ်တဲ့ အဲဒီလို အခြေအနေမျိုးတွေမဖြစ်အောင် အစားအစာကို ထားတာဟာ မှိုမတက်အောင်ကြိုတင်ကာကွယ်တဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

−၆ အစာအဆိပ်သင့်ခြင်း ဖြစ်ပွားမှု တစ်ဖန်ပြန် မြင့်တက်လာနိုင် သလား။

အစာအဆိပ်သင့်ခြင်း ဘာ့ကြောင့်ဖြစ်ရသလဲ၊ ဘယ်လိုကာကွယ်မလဲ ဆိုတာကိုကြည့်ကြရအောင်။ အခုတစ်ကြိမ်မှာ ဒီရာသီအတွင်း အစာအဆိပ်သင့်ဖြစ်ပွားမှု ဘယ်လောက်များသလဲ ဆိုတာကို လေ့လာပါမယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မှာ အစာအဆိပ်သင့်မှု ၇၁၇ မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ကူးစက်မှုအနိမ့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၂မှာလည်း အစာအဆိပ်သင့်တဲ့ လူနာအရေအတွက်ဟာ ၆,၈၅၆ ဦးရှိခဲ့ပါတယ်။ မှတ်တမ်းစတင် ကောက်ယူခဲ့တဲ့ ၁၉၅၂ ခုနှစ် နောက်ပိုင်း ကူးစက်မှု အနိမ့်ဆုံး ဖြစ်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒီနောက်ပိုင်းနှစ်တွေမှာ အစာအဆိပ်သင့်မှုဖြစ်ပွားတာ လျော့ကျလာရတဲ့ အကြောင်းရင်းကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်နေချိန်မှာ စားသောက်ဆိုင်တွေနဲ့ ဘားတွေပိတ်ထားတာအပြင် ဆိုင်မှာစားသောက်ဖို့ အခွင့်အလမ်းနည်း လာတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ဒါပေမဲ့လည်း COVID-19 ကို ရာသီပေါ်တုပ်ကွေးရောဂါနဲ့ အလားတူအမျိုးအစား အဆင့် ၅ ကို လျှော့ချလိုက်တာကြောင့် လူတွေဆိုင်မှာစားတာ တိုးလာစေပြီး အစားအသောက် သန့်ရှင်းရေးကို ဂရုစိုက်တာ၊ လက်ဆေးတာ၊ ပိုးသတ်ဆေးရည်နဲ့ သန့်စင်တာတွေကို သတိထား လုပ်ဆောင်မှု နည်းပါးလာတာကြောင့် အစာအဆိပ်သင့်မှုဖြစ်တာ အရေအတွက်ပြန် မြင့်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေး ပြောကြားထားပါတယ်။
အစာအဆိပ်သင့်မှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်က ပါမောက္ခ Lgimi Shizunobu က အစာအဆိပ်သင့်မှု အဖြစ်များတာက အရက်ဆိုင်နဲ့ စားသောက်ဆိုင်တွေ ဖြစ်တာကြောင့် အစာအဆိပ်သင့်မှု ဖြစ်ပွားလာတာတွေ များလာနိုင်ခြေ ရှိတဲ့အတွက် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်တွေ အနေနဲ့ ဆိုင်မှာရောင်းတဲ့ အစားအသောက် ဘေးကင်းစိတ်ချရရဲ့လား အာမခံချက်ပေးနိုင်အောင် ပြန်လည်စိစစ် သုံးသပ်ကြဖို့ အရေးကြီးတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။