ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

ဘေးအန္တရာယ်ဆိုင်ရာ မြေပုံတွေမှာ ဖော်ပြထားတဲ့ သဘာဝဘေးအန္တရာယ်များ

အပိုင်း (၁) hazard map ဆိုတာ ဘာလဲ။

ဂျပန်ဟာ ရေကြီးတာ၊ ရွံ့မြေပြိုတာ၊ ငလျှင်လှုပ်တာ၊ ဆူနာမီ လှိုင်းတွေ ရိုက်ခတ်တာ၊ မီးတောင်ပေါက်တာစတဲ့ သဘာဝဘေးအန္တရာယ် မျိုးစုံရှိတဲ့ နိုင်ငံပါ။ ဒီလို ဘေးအန္တရာယ်များတဲ့ နိုင်ငံမှာ နေထိုင်တဲ့အခါ ကိုယ်နေတဲ့ဒေသမှာ ဘယ်လို သဘာဝဘေးအန္တရာယ်တွေ ရှိသလဲ? အန္တရာယ်ရှိတဲ့ နေရာတွေက ဘယ်မှာလဲ ဆိုတာကို Hazard map မြေပုံမှာ ကြိုတင်လေ့လာ ကြည့်ရှုထားမယ်ဆိုရင် ကိုယ့်အသက်အန္တရာယ်ကို ကိုယ်ကာကွယ်နိုင်မယ့် ပထမအဆင့်ကို ဆောင်ရွက်ပြီး ဖြစ်ပါလိမ့်မယ်။
Hazard map မြေပုံ ဆိုတာ သဘာဝဘေး အန္တရာယ် ကြောင့် ဘေးဒုက္ခ အကြီးအကျယ်ရောက်နိုင်တဲ့ ဧရိယာတွေကို အန္တရာယ်ဖြစ်နိုင်ခြေ အနည်းအများအလိုက် အရောင်တွေ ခြယ်ပြသထားတဲ့ မြေပုံ ဖြစ်ပါတယ်။ အဲဒီ မြေပုံတွေကို မြို့နယ်အလိုက်၊ ရပ်ကွက် အလိုက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်လုပ် ပေးထားတာ ဖြစ်ပါတယ်။
ရေနဲ့ပတ်သက်တဲ့ Hazard map ဘေးအန္တရာယ်ဆိုင်ရာ မြေပုံကတော့ ရေကြီးရေလျှံတာ၊ ဆူနာမီနဲ့ မုန်တိုင်းတိုက်တာလိုမျိုး ရေနဲ့ဆက်စပ်တဲ့ သဘာဝဘေးတွေအတွက် အဲဒီသဘာဝဘေးတွေ ဖြစ်တတ်တဲ့ နေရာတွေက ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ဝေ ပေးထားပါတယ်။ သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ တစ်ခုချင်းစီက အခြေအနေပေါ်မူတည်ပြီး ငလျင်နဲ့ မီးတောင်ပေါက် ကွဲမှုဘေးအန္တရာယ်ဆိုင်ရာ မြေပုံကိုလည်း ထုတ်ထားတာ ရှိပါတယ်။
၂၀၁၈ ခုနှစ် ဇူလိုင်လက ဂျပန်နိုင်ငံအနောက်ပိုင်း Okayama ခရိုင် ၊ Kurashiki မြို့မှာရှိတဲ့ Mabi အရပ်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုဒဏ်ကြောင့် မြစ်ရဲ့တာတမံ ဆိုးဆိုးရွားရွား ကျိုးပဲ့ ပျက်စီးခဲ့ရပါတယ်။ မြစ်တွေတစ်လျှောက်မှာရှိတဲ့ လယ်ကွင်းတွေ ရေလျှံပျက်စီးသွားပြီး အဲဒီ အရပ်ရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး ရေ မြှုပ်သွားခဲ့ပါတယ်။ လူပေါင်း ၅၁ ဦး လည်းသေဆုံးခဲ့ရပါတယ်။
ဂျပန်နိုင်ငံ Geospatial Information Authority ပထဝီမြေပြင်ဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်ရေး အာဏာပိုင်အဖွဲ့ က အဲဒီမြို့မှာ ရေလွှမ်းမိုး နိုင်တဲ့ ဧရိယာတွေကို တိုင်းတာပြီး မြေပုံထဲမှာ ဖေါ်ပြခဲ့ပါတယ်။ ရေလွှမ်းသွားခဲ့တဲ့ ဧရိယာတွေဟာ အဲဒီ သဘာဝဘေးမဖြစ်ခင်က Kurashiki မြို့ အာဏာပိုင်တွေကနေ ထုတ်ပြန်ထားတဲ့ မြေပုံနဲ့ တကယ်
အန္တရာယ် ဖြစ်သွားတဲ့ ဒေသတွေရဲ့ ဧရိယာတွေ အတော်လေး ကိုက်ညီနေတာ တွေ့ရှိရပါတယ်။
သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာတဲ့အခါ မျှော်လင့် မထားတဲ့ အခြေအနေမျိုး ဖြစ်ပေါ်တတ်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့ သဘာဝဘေးအန္တရာယ် ဆိုတာ တကယ် မျှော်မှန်းတွက်ချက်ထားရင် ပျက်စီးဆုံးရှုံးမှုဟာလည်း အတိုင်းအတာ တစ်ခု အတွင်းမှာပဲ ရှိတတ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း (၂) ဘေးအန္တရာယ်ဆိုင်ရာ မြေပုံ Hazard map ရှာဖွေပုံ ရှာဖွေနည်း

ဒီတစ်ခေါက်မှာ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံ Hazard map ရှာဖွေပုံ ရှာဖွေနည်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြပါမယ်။
အများအားဖြင့် မိမိရှာဖွေလိုတဲ့ နေရာဌာန ဒေသန္တရရဲ့ အမည်နဲ့ ” Hazard map ” ဆိုတဲ့ စကားစုကို Google လိုမျိုး online search engines တွေမှာ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။
သဘာဝဘေးအန္တရာယ် အမျိုးအစားပေါ်မူတည်ပြီး တချို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကဘေးအန္တရာယ်ဆိုင်ရာ မြေပုံ အချက်အလက်တွေကို ထုတ်ပြန်ထားခြင်း မရှိရင် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ကို တိုက်ရိုက်ဆက်သွယ်မေးမြန်း သင့်ပါတယ်။
မိမိ မိသားစုဝင်တွေ ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေအဝေးမှာ နေထိုင်နေရင် ဒါမှမဟုတ် ဂျပန်ဘာသာစကား အခက်အခဲကြောင့် သတင်းအချက်အလက်တွေကို ရှာဖွေဖို့ အခက်ကြုံနေသူတွေ ရှိရင် အင်တာနက်စာမျက်နှာကနေ သတင်းအချက်အလက်တွေကို ရှာဖွေ ဖတ်ယူ နိုင်တဲ့သူက အခက်အခဲရှိသူတွေကို တစ်ဆင့် ပြန်ပြောပြပေးဖို့ အချက်ကလည်း အရေးကြီးပါတယ်။
မိမိနေထိုင်ရာဒေသမှာ ဖြစ်လေ့ရှိတဲ့ သဘာဝဘေးအမျိုးမျိုး အကြောင်းကို ကြိုသိထားတာနဲ့ မသိဘဲ နေတာဟာ အလွန်ကို ကွာခြားပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံ ” Hazard map ” ကြည့်ရှုလေ့လာထားပြီး သဘာဝဘေး ကျရောက်လာချိန်မှာ ဘယ်လို တိမ်းရှောင်ရမလဲ ဆိုတာကို ကြိုတင် သိရှိပြီး စဉ်းစားထားမှ အရေးပေါ်အခြေအနေရောက်လာရင် သင့်လျှော်တဲ့ လုပ်ဆောင်မှုတွေကို ဆုံးဖြတ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း (၃) Ml-IT Hazard Map Portal Site ရဲ့ အင်တာနက် စာမျက်နှာ

ဘေးအန္တရာယ်ဆိုင်ရာ မြေပုံ Hazard map အကြောင်း သိရှိစေဖို့ ပြောပြပေးပါမယ်။ အပိုင်း (၃) မှာ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဦးစီးထုတ်ဝေတဲ့ Ml-IT Hazard Map Portal Site
အင်တာနက် စာမျက်နှာကို လေ့လာကြပါမယ်။ အဲဒီ စာမျက်နှာမှာ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံကို ဂျပန်ဘာသာ အင်တာနက်စာမျက်နှာ ၂ခု နဲ့ သတင်းအချက်အလက်တွေ စုစည်းပြီး ထုတ်ပြန်ပေး ထားပါတယ်။
ပထမအမျိုးအစားက ကျွန်ုပ်တို့နေထိုင်ရာမြို့ရဲ့ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံ လို့ အမည်ပေးထားတဲ့ “Wagamachi Hazard Map” မှာတော့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ပြုစုထားတဲ့ Hazard Map ဘေးအန္တရာယ်ဆိုင်ရာ မြေပုံရဲ့ ဝဘ်ဆိုက်လင့်ခ်တွေကို စုစည်း ပေးထားပါတယ်။ မိမိသိလိုတဲ့ ဒေသကို ရွေးချယ်လိုက်ရင် သက်ဆိုင်ရာ ဒေသန္တရအစိုးရအဖွဲ့က တင်ထားတဲ့ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံ ဝဘ်ဆိုက်လင့်ခ် ကို တန်းရောက် သွားပါတယ်။ မိုးကြီးလို့ မြစ်ထဲကို ရေနုတ်တူးမြောင်းကနေ ရေစီးဆင်းတာ လက်ခံနိုင်တဲ့ ပမာဏထက် ကျော်လွန်ပြီး ရေကြီးရေလျှံမှုဖြစ်တာ၊ ဒေသတွင်း ရေလွှမ်းမိုးတာ၊ ရေတက်တာ၊ မိုးသက်မုန်တိုင်းကျတာ၊ ဆူနာမီလှိုင်းကြီးတွေ ဝင်တာ၊ ရွံ့မြေပြိုကျတာ၊ မီးတောင်ပေါက်ကွဲတာနဲ့ ငလျင်စတဲ့ သဘာဝဘေးအန္တရာယ် အမျိုးမျိုးနဲ့ သက်ဆိုင်တဲ့ မြေပုံတွေကို အင်တာနက် စာမျက်နှာပေါ်မှာ တင်ထားပါတယ်။ မြေငလျင်ဘေး အန္တရာယ်ဆိုင်ရာ မြေပုံဆိုရင် မိမိနေထိုင်ရာဒေသမှာ ငလျင်လှုပ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးနိုင်ခြေ အဆင့်ဆင့်ကို အတိုင်းအတာနဲ့ အမျိုးအစားအလိုက် သိရှိနိုင်အောင်တင်ထား ပါတယ်။ တချို့မြေပုံတွေမှာတော့ ဧရိယာအသီးသီးရဲ့ မြေသား အပျော့အမာ ခံနိုင်ရည်အခြေအနေ၊ မြေသား နိမ့်ဆင်းပြိုကျနိုင်ခြေနဲ့ မီးလောင်မှု အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကိုလည်း ဖော်ပြထားပါတယ်။
အဲဒီ “Wagamachi Hazard Map” ရဲ့ အင်တာနက်စာမျက်နှာ လိပ်စာကတော့
https://disaportal.gsi.go.jp/hazardmap/
ဖြစ်ပါတယ်။

အခု ဆက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ “Kasaneru Hazard Map” မြေပုံ စာမျက်နှာကို လေ့လာပါမယ်။ ဒီစာမျက်နှာမှာတော့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်တဲ့အချက်အလက်တွေ၊ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အသုံးဝင်တဲ့ အချက်အလက်တွေကို ဖော်ပြထားပါတယ်။ အဲဒီ စာမျက်နှာမှာ မိမိရဲ့ လိပ်စာကို ရိုက်ထည့်လိုက်မယ်ဆိုရင် မိမိနေထိုင်တဲ့ သက်ဆိုင်ရာ ဧရိယာရဲ့ မြေပုံတစ်ခု ဝဘ်ဆိုက်မှာ ပေါ်လာပါလိမ့်မယ်။ မိမိ သိလိုတဲ့ ဘေးအန္တရာယ် အမျိုးအစားကို ရွေးချယ်လိုက်ရင် အဲဒီ သဘာဝဘေး အန္တရာယ်ရှိနိုင်တဲ့ ဧရိယာတွေကို အရောင်အမျိုးမျိုးနဲ့ ဖော်ပြပေးထားတာ တွေ့ရပါမယ်။ ရေကြီးမှု၊ မြေပြိုမှုနဲ့ ဆူနာမီ ဘေးအန္တရာယ် နဲ့သက်ဆိုင်တဲ့ မြေပုံတွေ ရှိပါတယ်။ ရေလွှမ်းနိုင်တဲ့ လမ်းတွေကို အပိုင်းလိုက် အရောင်တွေနဲ့ ပြသထားပါတယ်။
ရေနစ်မြုပ်ပြီး အန္တရာယ်ရှိနိုင်တဲ့ ဧရိယာတွေကို ကြိုတင် ခန့်မှန်းထားတဲ့ နေရာကို ရွေးချယ်လိုက်ရင်တော့ ရေအနက် ဘယ်လောက်အထိ ရေလွှမ်းမိုးနိုင်ခြေ ရှိတယ်ဆိုတာကို ဖေါ်ပြထားပါတယ်။

“Kasaneru Hazard Map” ရဲ့ အင်တာနက်စာမျက်နှာ လိပ်စာကတော့
https://disaportal.gsi.go.jp/maps/
ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း (၄) ဘေးအန္တရာယ်ဆိုင်ရာ မြေပုံကြည့်ရှုရာမှာ သတိပြုရမယ့် အဓိက အချက်

ဘေးအန္တရာယ်ဆိုင်ရာ မြေပုံ Hazard map အကြောင်းကို ဆက်ပြီးလေ့လာကြပါမယ်။ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံကြည့်ရှုရာမှာ သတိပြုရမယ့် အဓိက အချက်တွေကို ကြည့်ကြရအောင်။
မြစ်ရေလျှံတာနဲ့ တခြား သဘာဝအလျောက် ဖြစ်ပေါ်တဲ့ ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အခါ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတဲ့ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံတွေမှာ ခြယ်ပြထားတဲ့ အရောင်တွေကို ဂရုစိုက် ကြည့်ရှုရပါမယ်။ အရောင်တစ်ခုစီဟာ ‌ရေလွှမ်းတဲ့အခါ ရေ အနက်ကို ညွှန်ပြထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် မိမိနေထိုင်ရာ ဒေသအလိုက် ခြယ်ပြထားတဲ့ အရောင်ပေါ်မူတည်ပြီး ရေအနက် မတူတာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ရမယ့် နည်းလမ်းလည်း ကွဲပြားပါလိမ့်မယ်။
အထူးသဖြင့် ၂ ထပ် အဆောက်အဦ ရေအောက်နစ်မြှုပ်တဲ့အဆင့် အထိ ရေအနက် ၅ မီတာ နဲ့ အထက် အထိ ရေလွှမ်းနိုင်ခြေရှိတဲ့ နေရာတွေနဲ့ အိမ်တွေ မျောပါသွားလောက်အောင် ရေကြီးမှု အန္တရာယ် ရှိနိုင်တယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ နေထိုင်သူတွေဟာ အထူးသတိထားဖို့ လိုအပ်ပါတယ်။
အိမ်မှာပဲ ဆက်နေနေမယ် ဆိုရင် ရေကြီးရေလျှံတာ အခြေအနေ ဆိုးလာတဲ့အခါ အလွန်အမင်း ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် အခြေအနေ မဆိုးလာခင် ဘေးလွတ်ရာကို စောစော တိမ်းရှောင်ဖို့ အလွန်အရေးကြီးပါတယ်။
ဒါ့အပြင် တိမ်းရှောင်ရေးစခန်းရဲ့ တည်နေရာ၊ အိမ်နဲ့ တိမ်းရှောင်မယ့်နေရာ အကွာအဝေး၊ တိမ်းရှောင်မယ့် လမ်းကြောင်း စတာတွေကို ဘေးအန္တရာယ်ဆိုင်ရာ မြေပုံမှာ ကြိုတင် စစ်ဆေးကြည့်ရှုထားဖို့ လိုအပ်ပါတယ်။ ဘေးလွတ်ရာကို တိမ်းရှောင်တဲ့အခါ ရေလွှမ်းတာနဲ့ မြေပြိုဖို့ အန္တရာယ်ရှိတဲ့ နေရာတွေကို ရှောင်ပြီး သွားသင့်ပါတယ်။ မြေပုံမှာ ဘာအရောင်မှ မခြယ်ပြထားတဲ့ ဧရိယာတွေကိုတောင် အန္တရာယ်ကင်းတယ်လို့ မယူဆထားသင့်ပါဘူး။ အထူးသဖြင့် အလတ်စား မြစ်ကနေ မြစ်ငယ်တွေ စီးဆင်းနေတဲ့ ဒေသအနီးတစ်ဝိုက်ဟာ အရင်က သဘာဝဘေးဒဏ် ခံခဲ့ရဖူးတဲ့ ‌ဒေသတွေ ဖြစ်ပေမဲ့လည်း ဘေးအန္တရာယ်ဆိုင်ရာ မြေပုံတွေမှာ တင်ဖို့ အချိန်မမှီလို့ မရေးထားတာ မျိုးလည်း ရှိနိုင်ပါတယ်။
ဒါကြောင့် ရေကာတာ၊ တာတမံတွေ၊ တံတားတွေ၊ တောင်ကမ်းပါးတွေနဲ့ တောင်စောင်းတွေထက် မြေနိမ့်တဲ့ ဧရိယာတွေမှာ နေထိုင်သူတွေဟာ အန္တရာယ်ရှိတဲ့ နေရာမှာ နေထိုင်နေတယ်ဆိုတာ သိထားပြီး တစ်ခုခု ဖြစ်လာရင် ဘေးလွတ်ရာကို အမြန်တိမ်းရှောင် ဖို့ လုပ်ဆောင်သင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း (၅) 「避難場‐Hinan jyo」“တိမ်းရှောင်ခိုလှုံရေးစင်တာ” နဲ့ 「避難場所‐Hinan basho」“ဘေးကင်းတဲ့ တိမ်းရှောင်ရေး စုရပ်”

ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို NHK က ဖြေကြားပေးနေပါတယ်။ ဘေးအန္တရာယ်ပြ မြေပုံ Hazard map ကနေကိုယ်နေတဲ့ ဒေသမှာ ဖြစ်ပေါ်နိုင်တဲ့ ဘေးအန္တရာယ်တွေအကြောင်း လေ့လာဖို့အတွက် ဒီနေ့တော့ အဲဒီမြေပုံတွေမှာ ဖော်ပြထားတဲ့ 「避難場‐Hinan jyo」“တိမ်းရှောင်ခိုလှုံရေးစင်တာ” နဲ့ 「避難場所‐Hinan basho」“ဘေးကင်းတဲ့ တိမ်းရှောင်ရေး စုရပ်”ဘယ်လို ကွဲပြားသလဲ လေ့လာကြည့် ရအောင်။
အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ အနေအထားမှာ လူတွေ တိမ်းရှောင်နိုင်တဲ့ နေရာတွေကို ဘေးအန္တရာယ်ပြမြေပုံ Hazard map တွေမှာ ဖော်ပြထားပါတယ်။ အရေးပေါ်အနေအထားမှာ ဘယ်နေရာကို ထွက်ပြေးတိမ်းရှောင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ အရေးကြီးပါတယ်။ အဲဒီထဲမှာ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ Hinan jyo ဆိုတဲ့ “တိမ်းရှောင်ရေးစင်တာ” နဲ့ Hinan basho ဆိုတဲ့ “ဘေးကင်းတဲ့ တိမ်းရှောင်ရေး စုရပ်” ကွဲပြားတာကို သိထားဖို့ လိုပါတယ်။
Hinan jyo ဆိုတာ လူတွေ တိမ်းရှောင်ပြီး ဘေးလွတ်ရာမှာနေထိုင်နိုင်တဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။ ကျောင်းအားကစားခန်းမလို အများပြည်သူပိုင် အဆောက်အအုံတွေကို တိမ်းရှောင်ခိုလှုံရေးစင်တာတွေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။
Hinan basho ကတော့ အရေးပေါ်အခြေအနေမှာ ခတ္တတိမ်းရှောင်နေနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ အားကစားခန်းမလို အဆောက်အအုံတွေအပြင် ပန်းခြံတွေလို ကြီးမားကျယ်ပြန့်တဲ့ ကွင်းပြင်နေရာတွေကို “ဘေးကင်းတဲ့ တိမ်းရှောင်ရေး စုရပ်” အဖြစ် သတ်မှတ်လေ့ ရှိပါတယ်။
ဆူနာမီ ဒါမှမဟုတ် ရေကြီးမှုတွေ ဖြစ်တဲ့အခါ “တိမ်းရှောင်ခိုလှုံရေးစင်တာတွေ” ထဲ ရေဝင်တာ ဒါမှမဟုတ် ရေလွှမ်းတာတွေ ဖြစ်တတ်ပါတယ်။ အန္တရာယ်ကျရောက်တဲ့ အနေအထားမှာ အခြေခံအားဖြင့် “တိမ်းရှောင်ခိုလှုံရေးစင်တာ” Hinan jyo ထက် “ဘေးကင်းတဲ့ တိမ်းရှောင်ရေး စုရပ်” Hinan basho ကို သွားရမှာ ဖြစ်ပါတယ်။
“ဘေးကင်းတဲ့ တိမ်းရှောင်ရေး စုရပ်” Hinan basho ဟာ ဘေးအန္တရာယ်အပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဥပမာ ကမ်းရိုးတန်းဧရိယာတွေဟာ ဆူနာမီဖြစ်နိုင်တဲ့ အန္တရာယ် မြင့်မားပြီး တောင်တွေနဲ့ နီးတဲ့ ဧရိယာတွေကတော့ မြေပြိုမှုဖြစ်နိုင်တဲ့ အန္တရာယ် ပိုများပါတယ်။ အဲဒါအကြောင့် Hinan bashoကို ကြိုတင်လေ့လာ သိရှိထားဖို့ လိုအပ်ပါတယ်။
ဂျပန်အစိုးရဟာ ၂၀၁၁ ခုနှစ် မတ်လက ငလျင်နဲ့ ဆူနာမီအန္တရာယ်ကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေအပေါ် အခြေခံပြီး Hinan jyo နဲ့ Hinan basho ကို ကွဲကွဲပြားပြား သိအောင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအချိန်က လူအများအပြားဟာ အန္တရာယ်ရှိတဲ့ Hinan jyo ကို သွားရောက် ခိုလှုံမိခဲ့တဲ့အတွက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အန္တရာယ်ကျရောက်တဲ့အခါ ဘေးကင်းအောင် ဘယ်ကို သွားရမလဲဆိုတာကို ကြိုတင်သိထားဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ကြိုတင်လေ့လာထားပါ။

ဒီသတင်းအချက်အလက်တွေဟာ မတ်လ ၂၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
NHK World Japan ရဲ့ အင်တာနက်စာမျက်နှာနဲ့ လူမှုကွန်ရက်ပေါ်မှာလည်း ဖတ်ရှုနိုင်ပါတယ်။

အပိုင်း (၆) NHK ရဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်း အချက်အလက်များ(1)

အခုတစ်‌ခေါက်မှာတော့ NHK က သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းတွေ ဖြန့်ဝေနေတာကိုသိရှိအောင် မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
NHK ရဲ့ “Your Weather and Bosai” အင်တာနက်စာမျက်နှာ (https://www.nhk.or.jp/kishou-saigai/disaster/) နဲ့ “News / Bosai အက်ပလီကေးရှင်း တွေမှာ “ဘေးအန္တရာယ်ပြမြေပုံ “Hazard map တွေကို ဝင်ကြည့်လေ့လာနိုင်ပါတယ်။ အချက်အလက်တွေကိုတော့ ဂျပန်ဘာသာနဲ့ပဲ ဖော်ပြထားပါတယ်။

ညာဘက်အပေါ်ထောင့်နားမှာပေါ်နေတဲ့ ဂျပန်ဘာသာနဲ့ “Hazard Map” လို့ရေးထားတဲ့စာလုံးတွေကို click လုပ်လိုက်မယ်ဆိုရင်၊ ကိုယ်နေထိုင်တဲ့ မြို့နာမည် ဒါမှမဟုတ် စာပို့သင်္ကေတ (postal code) ကို ရိုက်ထည့်ပြီး နိုင်ငံတစ်ဝန်းက ဘေးအန္တရာယ်ပြမြေပုံတွေကို ရှာဖွေနိုင်တဲ့ အင်တာနက်စာမျက်နှာဆီကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။

“Your Weather and Bosai” မှာ ဒေသတစ်ခုစီအတွက် မိုးလေဝသခန့်မှန်းချက်လိုမျိုး တခြား အချက်အလက်တွေကိုလည်း တင်ထားပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဧရိယာအနီးမှာရှိတဲ့ ဂျပန် မိုးလေဝသအေဂျင်စီရဲ့ တိုင်းတာရေးစခန်းတွေက မှတ်တမ်းတင်ထားတဲ့ အပူချိန်၊ မိုးရေချိန်၊ လေတိုက်ရာအရပ်နဲ့ လေတိုက်နှုန်းတွေကိုလည်း ဝင်ကြည့်နိုင်ပါတယ်။ မိုးတိမ်တောင်တွေ နဲ့ မြစ်ချောင်းတွေရဲ့ အခြေအနေ နောက်ဆုံးသတင်း အချက်အလက်တွေကိုလည်း ရှာဖွေကြည့်ရှုနိုင်ပါတယ်။

ဒေသအလိုက် ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေ၊ အကြံပြုချက်တွေနဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့ခိုလှုံနိုင်ဖို့ သိရမယ့် သတင်း အချက်အလက်တွေကို “Your Weather and Bosai” အင်တာနက်စာမျက်နှာမှာ သွားရောက် ကြည့်ရှုပါ။

တိုင်ဖွန်းမုန်တိုင်း၊ မြေငလျင် ဒါမှမဟုတ် တခြား သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်နေချိန်၊ ဖြစ်နေတဲ့ လက်ရှိအခြေအနေတွေနဲ့ သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို NHK ကနေ ထုတ်လွှင့်နေတဲ့အခါမှာ၊ အဲဒီဝက်ဘ်ဆိုက် အင်တာနက် စာမျက်နှာ ပေါ်မှာလည်း ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ချိန်တည်း ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ရုပ်မြင်သံကြားထုတ်လွှင့်မှုထက် အချိန် ကြန့်ကြာသွားတတ်တာကြောင့် အရေးပေါ်မြေငလျင်သတိပေးချက် လိုမျိုး အချိန်နာရီအလိုက် ထွက်ရှိတဲ့ သတင်း အချက်အလက်တွေဟာ နောက်ကျပြီးမှာ အင်တာနက်စာမျက်နှာမှာ မြင်ရနိုင်ပါတယ်။

အခုသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်နေ့အထိ ရထားတာဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို NHK World JAPAN ရဲ့ အင်တာနက်စာမျက်နှာ နဲ့ NHK ရဲ့ လူမှုမီဒီယာစာမျက်နှာတွေမှာလည်း ရရှိနိုင်ပါတယ်။

NHK Your Weather and Bosai:
https://www.nhk.or.jp/kishou-saigai/top

အပိုင်း (၇) NHK ရဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်း အချက်အလက်များ(2)

အခုတစ်‌ခေါက်မှာတော့ NHK က သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းတွေ ဖြန့်ဝေနေတာကိုသိရှိအောင် ဒုတိယပိုင်းကို ဆက်လက် မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

NHK ရဲ့ နောက်ဆုံးထုတ်လွှင့်မှုတွေကို “Your Weather and Bosai” အင်တာနက်စာမျက်နှာ ဖော်ပြထားပါတယ်။ “News/Bosai” အပလီကေးရှင်းကို ဒေါင်းလုပ်ဒ်ယူပြီး သတင်းအချက်အလက် ရယူလိုတဲ့ ဧရိယာကို ထည့်သွင်းကြည့်ရှုပါ။

ဒီအပလီကေးရှင်းဟာ သုံးစွဲသူက စာရင်းသွင်းထားတဲ့ ဧရိယာမှာ ရာသီဥတု သတိပေးချက် ဒါမှမဟုတ် အရေးပေါ် သတိပေးချက်၊ တိမ်းရှောင်ဖို့ သတင်း ထုတ်ပြန်လိုက်တဲ့အချိန်မှာ Push notification နဲ့ အလိုလို အသိပေး ပါတယ်။ Hazard map ဘေးအန္တရာယ်ပြမြေပုံတွေ၊ မိုးတိမ်တိုက်တွေ ပြန့်နှံ့မှုပြတဲ့ မြေပုံတွေနဲ့ ရေလျှံနေတဲ့ မြစ်အနေအထားတွေကိုလည်း မြေပုံ စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။

ဂျပန်ဘာသာစကားနဲ့ပဲ ဝန်ဆောင်မှုပေးတဲ့ “News/Bosai” အပလီကေးရှင်းကို App Store (iOS) နဲ့ Goole Play (Android) တွေမှာ ဒေါင်းလုဒ် ယူလို့ ရနိုင်ပါတယ်။

အဲဒီအပလီကေးရှင်းကို အခမဲ့ ရပေမဲ့ အင်တာနက် ဝန်ဆောင်မှုစရိတ်၊ ဆက်သွယ်ရေးအတွက်ကုန်ကျငွေနဲ့ packet ဆက်သွယ်မှု လုပ်ရင် ကျသင့်တဲ့ ပေးရမဲ့ စရိတ်စကတွေကိုတော့ သုံးစွဲသူကိုယ်တိုင် ကျခံရမှာ ဖြစ်ပါတယ်။ ဒီအပလီကေးရှင်းကို ဂျပန်နိုင်ငံ ပြင်ပမှာလည်း အသုံးပြုနိုင်ပေမဲ့ တချို့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကတော့ မူပိုင်ခွင့်နဲ့ တခြားတားမြစ်ချက်တွေကြောင့် နိုင်ငံရပ်ခြားမှာ ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။