ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

ဘေးအန္တရာယ်ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ

(၁) ဘေးအန္တရာယ်ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍ

NHK က သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးရေးအတွက် ရည်ရွယ်ပြီး တင်ဆက်ပေးနေပါတယ်။
ဂျပန်အလယ်ပိုင်း နိုတိုကျွန်းဆွယ်မှာ နှစ်ဆန်းတစ်ရက်နေ့က ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး နှစ်လကျော်သွားပေမဲ့ သဘာဝဘေးသင့်ဧရိယာတွေမှာ စေတနာ့ဝန်ထမ်းတွေက ကူညီ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ ဘေးအန္တရာယ် ကယ်ဆယ်ရေးမှာ စေတနာ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သတိပြုရမယ့် အချက်တွေကို လေ့လာကြည့်ကြပါမယ်။
ဂျပန်မှာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားတဲ့အခါ စေတနာ့ဝန်ထမ်းတွေဟာ သဘာဝဘေးသင့်ခဲ့တဲ့ ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားကြပါတယ်။ သူတို့ဟာ အဲဒီဒေသတွေကနေ တစ်စုံတစ်ရာ ပြန်လည်ရယူလိုစိတ်နဲ့မဟုတ်ဘဲ စေတနာအလျောက် ကူညီပံ့ပိုးပေးကြတာ ဖြစ်ပါတယ်။ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ် တွေ ကျရောက်တဲ့အခါ စေတနာ့ဝန်ထမ်းတွေဟာ တကယ်လိုအပ်ပါတယ်။
စေတနာ့ဝန်ထမ်းတွေဟာ အပျက်အစီးတွေကို ရှင်းလင်းတာ၊ အခန်းတွေ သန့်ရှင်းရေးလုပ်ပေးတာနဲ့ ဘေးသင့်ခံခဲ့ရသူတွေကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးတာ စတဲ့ ကျယ်ပြန့်တဲ့အတိုင်းအတာနဲ့ ပါဝင်ဆောင်ရွက်ကြပါတယ်။
တချို့အလုပ်တွေကို အချိန်တိုအတွင်းမှာ လုပ်ဆောင်နိုင်ပေမဲ့ တချို့အလုပ်တွေကတော့ ကာလကြာရှည်အောင် ရပ်ရွာလူထုကို ကူညီပံ့ပိုးဖို့ လိုအပ်တာတွေ ရှိပါတယ်။ ဘေးသင့်ဒေသတွေကို အကူအညီပေးဖို့ စေတနာ့ဝန်ထမ်းတွေဟာ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့ အထူးလိုအပ်တာ မရှိသလို အထူးကျွမ်းကျင်တဲ့ ပညာရပ်တွေရှိဖို့လည်း မလိုအပ်တာကြောင့် ဆန္ဒရှိတဲ့အလျောက် ပါဝင်ဆောင်ရွက်ပေးနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၂) နိုတိုကျွန်းဆွယ်က ဘေးအန္တရာယ်ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းအလုပ်

အခုတစ်ခါ နိုတိုကျွန်းဆွယ်မှာ လုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတွေကို လေ့လာကြပါမယ်။
ပထမဆုံးငလျင်လှုပ်ခတ်ပြီးချိန်မှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဧရိယာအများအပြားဟာ စေတနာ့ဝန်ထမ်းတွေကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် တရားဝင်လက်ခံမှု မစတင်ခင်အထိ စေတနာ့ဝန်ထမ်းလုပ်ဖို့ သတင်းမေးမြန်းစုံစမ်းတာတွေ ရှောင်ကြဉ်ဖို့ လူတွေကို Ishikawa ခရိုင်က တောင်းဆိုခဲ့ပါတယ်။
ဇန်န၀ါရီလ ၆ရက်နေ့၊ ပထမဆုံးငလျင်လှုပ်ပြီး ၅ ရက်အကြာမှာ အဲဒီခရိုင်ဟာ စေတနာ့ဝန်ထမ်းတွေ စာရင်းပေးသွင်းနိုင်တဲ့ အထူး အင်တာနက်စာမျက်နှာကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်လည်း စေတနာ့ဝန်ထမ်းလက်ခံဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဧရိယာတွေက ကျန်နေခဲ့ပါသေးတယ်။ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တချို့ကတော့ အဲဒီဒေသတွင်းမှာ နေထိုင်သူတွေသာ စေတနာ့ဝန်ထမ်းအဖြစ် လာလုပ်ဖို့ လက်ခံတာလည်းရှိခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းလှုပ်ရှားမှုကို Suzu မြို့မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က၊ Noto မြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က နဲ့ Wajima မြို့မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က အသီးသီး စတင်ခဲ့ကြပါတယ်။
စေတနာ့ဝန်ထမ်း လုပ်ဆောင်လိုသူတွေအနေနဲ့ Ishikawa ခရိုင်ရဲ့ အင်တာနက်စာမျက်နှာကနေတစ်ဆင့် ကြိုတင်စာရင်းသွင်းဖို့နဲ့ တစ်ဦးချင်းပုဂ္ဂလိကအနေနဲ့ ကူညီတာကို လုပ်ဆောင်တာမျိုး ရှောင်ကြဉ်ကြဖို့ အဲဒီခရိုင်က တိုက်တွန်းထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၃) ဘေးအန္တရာယ်ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းအဖြစ် စာရင်းမသွင်းခင် လုပ်ဆောင်ဖို့လိုအပ်တဲ့အချက်များ

ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ဘယ်လိုပါဝင်နိုင်သလဲ ဆိုတာကို ဒီတစ်ခါ လေ့လာပါမယ်။
သဘာဝဘေးကြီးတစ်ခုခု ဖြစ်ပြီးသွားရင် စေတနာ့ဝန်ထမ်း လှုပ်ရှားမှုတွေမှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ပထမဆုံး လုပ်ဆောင်ရမှာက မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ စတာတွေက ဘယ်နေရာမှာ စေတနာ့ဝန်ထမ်းလက်ခံမလဲ၊ ဘယ်လိုလုပ်ဆောင်ပေးမလဲ ဆိုတာကို စုံစမ်းလေ့လာဖို့ ဖြစ်ပါတယ်။ အများအားဖြင့် သဘာဝဘေးသင့်ဧရိယာက ‌ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဟာ စေတနာ့ဝန်ထမ်းတွေ လိုအပ်တယ်လို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စေတနာ့ဝန်ထမ်းစင်တာကို ထူထောင် ဖွင့်လှစ်လေ့ရှိပါတယ်။ အဓိကစကားလုံးတွေဖြစ်တဲ့ Jichitaimei(自治体名) ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့၊ Shakaifukushi kyougikai(社会福祉協議会)လူမှုဖူလုံရေးလုပ်ငန်းအဖွဲ့အစည်း ဒါမှမဟုတ် Volunteer center (ボランティアセンター)စေတနာ့ဝန်ထမ်းစင်တာဆိုတဲ့ နာမည်တွေကို အွန်လိုင်းမှာ ရိုက်ထည့်ပြီး အချက်အလက်တွေ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ စေတနာ့ဝန်ထမ်းဖြစ်ဖို့ သတ်မှတ်ထားတဲ့ အချက်အလက်တွေကို သေချာဖတ်ရှုမှတ်သားပြီး စေတနာ့ဝန်ထမ်းအဖြစ် ကိုယ်သွားရောက်လုပ်ကိုင်ပေးချင်တဲ့ နေရာကို ဆုံးဖြတ်ပါ။ စေတနာ့ဝန်ထမ်းအဖြစ် စာရင်းသွင်းခြင်းမပြုဘဲ ဘေးသင့်နေတဲ့ ဒေသကို သွားရောက်လုပ်ကိုင်တာမျိုး ရှောင်ကြဉ်ပါ။ ဒါ့အပြင် စေတနာ့ဝန်ထမ်း လှုပ်ရှားမှုတွေကို‌ ဆောင်ရွက်ရင်း ထိခိုက်ဒဏ်ရာရချိန်မှာ အထောက်အကူဖြစ်စေဖို့ ကျန်းမာရေးအာမခံထားရှိဖို့ သေချာပေါက် လိုအပ်ပါတယ်။ အဲဒီအာမခံထားတာကို ကိုယ်နေထိုင်ရာမြို့နယ် ဒေသန္တရအုပ်ချုပ်ရေးရုံးရဲ့ Shakaifukushi kyougikai(社会福祉協議会)လူမှုဖူလုံရေးလုပ်ငန်းအဖွဲ့အစည်းမှာ စာရင်းထည့် မှတ်ပုံတင်နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၄) စေတနာ့ဝန်ထမ်းလုပ်ဆောင်နေစဉ်အတွင်း ဘယ်လို ဝတ်ဆင်သင့်သလဲ

စေတနာ့ဝန်ထမ်းအလုပ်တွေကို လုပ်ဆောင်နေစဉ်အတွင်း ဘယ်လို ဝတ်ဆင်သင့်သလဲ ဆိုတာကို ဒီတစ်ခေါက် လေ့လာပါမယ်။

အစွန်းအထင် အညစ်အပေခံနိုင်ပြီး ခန္ဓာကိုယ်ကို လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ ချောင်ချိတဲ့အဝတ်အစားမျိုးကို ဝတ်ဆင်ပါ။
ခရမ်းလွန်ရောင်ခြည် နေအပူဒဏ်ကိုကာကွယ်ဖို့ လက်ရှည်၊ ဘောင်းဘီရှည်နဲ့ ဦးထုပ်တွေကို ၀တ်ဆင်ပါ။ helmet လုပ်ငန်းခွင်သုံး အမာစားဦးထုပ်၊ အလုပ်ကြမ်းသုံးလက်အိတ် ဒါမှမဟုတ် ရာဘာလက်အိတ်တွေကိုလည်း အသင့်ယူ ဆောင်သွားသင့်ပါတယ်။ ချွေးသုတ်ဖို့ မျက်နှာသုတ်ပုဝါတွေလည်း ပါဖို့လိုအပ်ပါတယ်။
နေကာလေကာနိုင်တဲ့မျက်မှန်၊ ရိုးရိုးမျက်မှန်နဲ့ နှာခေါင်းစည်းကလည်း ဖုန်မှုန့်တွေကို အကာအကွယ်ပြုရာမှာ ထိရောက်မှုရှိပါတယ်။
သံတိုသံစ ဒါမှမဟုတ် မှန်ကွဲစတွေကို တက်နင်းမိပြီး ထိခိုက်ဒဏ်ရာရတာကနေ ကာကွယ်ဖို့ ခိုင်ခံ့ထူထဲတဲ့ဖိနပ်ကို ဝတ်ဆင်ပြီး ကိုယ့်ခြေထောက်ကို ဂရုစိုက်ကာကွယ်သင့်ပါတယ်။ ဆောက်လုပ်ရေးအလုပ်သမားတွေသုံးတဲ့ ဘွတ်ဖိနပ်တွေကို ဝတ်ဆင်တာ ဒါမှမဟုတ် လည်ရှည်ဘွတ်ဖိနပ် ဝတ်ဆင်ရင်အထဲကို သံတိုသံစတွေ ဖောက်ဝင်တာမျိုးမဖြစ်ရအောင် ခြေဖဝါးအောက် ခြေခံတဲ့ ဆိုးလ်ပြားတွေကို ထည့်ပြီး ဖိနပ်စီးတာလည်း ကာကွယ်ရာ ရောက်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၅) သယ်ဆောင်သွားသင့်တဲ့ ပစ္စည်းများ

စေတနာ့ဝန်ထမ်းအလုပ်တွေကို ပါဝင်လုပ်ဆောင်တဲ့အခါ ဘယ်ပစ္စည်းတွေကို သယ်ဆောင်သွားသင့်သလဲ ဆိုတာကို ဒီတစ်ခေါက် လေ့လာပါမယ်။
ပထမဆုံး ကိုယ်တိုင်စားဖို့အတွက် အစားအစာနဲ့ ရေကို လုံလောက်အောင် ပြင်ဆင်ယူဆောင်သွားပါ။ နွေရာသီအချိန်တွင်းမှာဆိုရင် ရေကိုပိုပိုသာသာ ယူသွားဖို့လိုပါတယ်။ အလွယ်တကူ မပုပ်သိုးသွားနိုင်တဲ့ အစားအစာတွေကိုလည်း ယူဆောင်သွားပါ။ အထူးသဖြင့် ကိုယ်လုပ်ဆောင်ရမယ့် တာဝန်က ချွေးထွက်များစေမယ့် အလုပ်မျိုးဆိုရင် ဆားဓာတ် အလုံအလောက်ရှိဖို့ ဆားဓာတ်ပါတဲ့ သကြားလုံး၊ဆားငံစေ့၊ ဓာတ်ဆားရည်ကိုလည်း ပါအောင် ယူသွားဖို့ ဂရုစိုက်သင့်ပါတယ်။ မျက်နှာသုတ်ပုဝါတွေ အရမ်းညစ်ပတ်လာတဲ့အခါ သုံးနိုင်အောင် တစ်ရှူးတွေ၊ ပိုးသတ်ဆေးပါတဲ့ wet tissue တွေကို ယူသွားတာ ကောင်းပါတယ်။
မိုးရွာတဲ့အခါမျိုးအတွက် အပေါ်အင်္ကျီနဲ့အောက်ကဘောင်းဘီ သပ်သပ်စီ ရှိတဲ့ မိုးကာ အဝတ်အစားကိုလည်း ယူဆောင်သင့်ပါတယ်။ ကော်တိပ်၊ ကတ်ကြေးနဲ့ marker pen တွေကိုဆောင်ထားတာက ကိုယ်ပိုင်အနေနဲ့သုံးချင်တဲ့အချိန်သုံးလို့ရတာကြောင့် ပို‌ကောင်း ပါတယ်။ ဂေါ်ပြားနဲ့ရေပုံးတွေလို စေတနာ့ဝန်ထမ်းတွေအသုံးပြု လေ့ရှိတဲ့ အခြေခံပစ္စည်းတွေကိုတော့ စေတနာ့ဝန်ထမ်းစင်တာကနေ ငှားနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၆) စေတနာ့ဝန်ထမ်းတစ်ယောက်သတိပြုသင့်တဲ့ အကြံပြုချက်များ

သဘာဝဘေး ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းလုပ်ရင်သိထားရမယ့် မှတ်သားစရာ အချက်တချို့ကို မိတ်ဆက်ပေးပါမယ်။ ။
သဘာဝဘေးအန္တရာယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်တဲ့အခါ ဘေးသင့်ရပ်ရွာဒေသကိုသွားတဲ့အခါ ဒေသခံတွေအတွက် ကိုယ်က ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် နေတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်သွားရောက် လုပ်အားပေးမယ့် နေရာဒေသရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကြိုပြီး အပြည့်အဝ သိထားအောင်လေ့လာပြီး ဘေးကင်းလုံခြုံမယ့် သယ်ယူပို့ဆောင်ရေး နည်းလမ်းနဲ့သွားပါ။ တည်းခိုမယ့်နေရာတွေအတွက် ကိုယ်တိုင်ရှာဖွေ ပြင်ဆင်ပါ။ လုပ်အားပေးတဲ့အလုပ်ကို စလုပ်တာနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ရမှာဖြစ်ပါတယ်။ အပူမလျှပ်အောင်နဲ့အန္တရာယ်မရှိအောင် အခြေအနေ ကြည့်ပြီး သတိနဲ့ အလုပ်လုပ်ရပါမယ်။ မကြာခဏ အနားယူပါ။ နေမကောင်းဘူးလို့ ခံစားရတယ်ရင် ကူညီလုပ်ကိုင်နေတာကိုနားလိုက်ပါ။ ကိုယ့်အတွက်အလွန်ခက်ခဲတာ ဒါမှမဟုတ် အန္တရာယ်များမယ်လို့ ယူဆရတဲ့အလုပ်တွေဆိုရင် စေတနာ့ဝန်ထမ်းစင်တာနဲ့ မတုံံ့မဆိုင်း တိုင်ပင်ဆွေးနွေးပြီး ထိခိုက်ဒဏ်ရာမဖြစ်အောင် ‌ရှောင်ရှားပါ။
ဘေးသင့်ခံရတဲ့နေရာဒေသတွေမှာ စေတနာ့ဝန်ထမ်းအလုပ်ကို လုပ်တဲ့အခါ စိတ်ထိခိုက်စရာမြင်ကွင်းတွေကို မြင်တွေ့ရ နိုင်တာကြောင့် စိတ်ဖိစီးမှုတွေလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် စေတနာ့ဝန်ထမ်းအလုပ်တွေ လုပ်ပြီးရင် စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ ကောင်းကောင်းအနားယူဖို့ သေချာလုပ်ဆောင်ပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၇) ဘေးအန္တရာယ်ကနေ အသက်ရှင်လွတ်မြောက်လာသူတွေအပေါ် စာနာစိတ်နဲ့ စဉ်းစားပြီး ကူညီဆောင်ရွက်ပါ

သဘာဝဘေးအန္တရာယ်ကနေ အသက်ရှင်လွတ်မြောက်လာသူတွေနဲ့ ဆက်ဆံတဲ့အခါ သတိထားသင့်တဲ့အချက်တွေကို လေ့လာကြည့်ရအောင်။
ဘေးအန္တရာယ်ကျရောက်ပြီးနောက်မှာ စေတနာ့ဝန်ထမ်း အဖြစ် သွားရောက် လုပ်ဆောင်သူတွေအနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအပေါ် အမြဲထောက်ထားစာနာမှုပေးဖို့ အရေးကြီးပါတယ်။ ကိုယ်ချစ်ခင်ရသူတွေ၊ နေအိမ်တွေ ဒါမှမဟုတ် ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဆုံးရှုံးရတဲ့အခါ ဘယ်လိုခံစားရမလဲ ဆိုတာကို ကိုယ်ချင်းစာနာပါ။ စေတနာ့ဝန်ထမ်း လုပ်အားပေးနေစဉ် အတွင်း တစ်ဘက်သားအတွက် အမြဲထည့်သွင်းစဉ်းစားပါ။ ဥပမာ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ပရိဘောဂတွေ၊ အိမ်က ပစ္စည်းတွေကို စွန့်ပစ်၊မပစ် ဆုံးဖြတ်ချက်ချရတာမျိုး ရှိပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို အိမ်ပိုင်ရှင်ကိုသာ ဆုံးဖြတ်စေသင့်ပြီး သူတို့စဉ်းစားဖို့ အချိန် အလုံအလောက်ပေးသင့်ပါတယ်။
ဒါ့အပြင် လုပ်အားပေးရင်းနဲ့ကြားသိခဲ့တဲ့ သဘာဝဘေးသင့်သူတွေရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေ မိသားစုအကြောင်းတွေကို တခြားသူတွေကို ဘယ်တော့မှမပြောမိပါစေနဲ့။ အတတ်နိုင်ဆုံး သူတို့ကို ဓာတ်ပုံရိုက်ယူတာမျိုး ရှောင်ကြဉ်ပါ။ လိုအပ်ရင် ခွင့်ပြုချက်တောင်းပါ။ နောက်ဆုံးအချက်အနေနဲ့ ဘေးဒဏ်သင့်ဒေသတွေကို ကူညီတာက စေတနာ့ဝန်ထမ်း လုပ်ဆောင်တာတစ်ခုတည်းမဟုတ်ပါဘူး။ အလှူငွေလှူဒါန်းတာ ဒါမှမဟုတ် နောက်ပိုင်းအချိန်တွေမှာ ခရီးသွားအနေနဲ့ ဘေးသင့်ဒေသကို သွားရောက်လည်ပတ်တာတွေကလည်း အကူအညီ အထောက်အပံ့ပေးတာ ဖြစ်ပါတယ်။ ဘေးသင့်ဒေသတွေ ပြန်လည်တည်ဆောက်ရေးအတွက် ရေရှည်ကြည့်ပြီး ကူညီပေးဖို့ အရေးကြီးပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။