ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

ဘေးလွတ်ရာတိမ်းရှောင်တဲ့အခါ အသုံးဝင်မယ့် အချက်များ

အပိုင်း(၁) တိမ်းရှောင်ရေးစခန်းများ

NHK က သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးရေးအတွက် ရည်ရွယ်ပြီး တင်ဆက်ပေးနေပါတယ်။
နိုတိုကျွန်းဆွယ်မှာ ၂၀၂၄ နှစ်ဆန်းတစ်ရက်နေ့က ပြင်းထန်တဲ့ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး နေအိမ်တွေမှာ မနေနိုင်ကြတော့တဲ့ အခြေအနေရှိတဲ့ လူအများအပြား ဘေးလွတ်ရာ တိမ်းရှောင်ပြီး အနီးဝန်းကျင်မှာရှိတဲ့避難所(Hinanjo) တိမ်းရှောင်ရေး စခန်းတွေမှာ ခိုလှုံဖို့ ဖြစ်လာခဲ့ရပါတယ်။
အခုတစ်ကြိမ်မှာ ဘေးလွတ်ရာတိမ်းရှောင်ရေးစခန်းတွေမှာ နေရတဲ့ အချိန်အတွင်း အထောက်အကူဖြစ်စေမယ့် အကြံပြုချက်တွေကို လေ့လာကြပါမယ်။ ပထမဆုံး 避難所(Hinanjo)တိမ်းရှောင်ရေး စခန်းမှာ နေရပြီဆိုရင် ဘယ်လိုအချက်တွေကို သိထားသင့်ပါသလဲ။ လေ့လာကြရအောင်။
ဘေးအန္တရာယ်ကြောင့် နေအိမ်တွေ ပျက်စီးသွားတဲ့သူတွေ ဒါမှမဟုတ် နေထိုင်ဖို့အတွက် ဘေးကင်းလုံခြုံမှုမရှိတော့တဲ့ နေရာတွေမှာ နေထိုင်သူတွေအတွက် ကျောင်းအားကစားရုံတွေ ဒါမှမဟုတ် ရပ်ရွာတွင်းက 公民館(Kouminkan)လို့ခေါ်တဲ့မြို့နယ် ခန်းမတွေကို တိမ်းရှောင်ရေးနေရာ避難所(Hinanjo)တွေအဖြစ် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က ပြုလုပ်ပေးထားပါတယ်။ ဒေသခံတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ထူထောင်ဖွင့်လှစ်ထားတဲ့ 避難所(Hinanjo)တိမ်းရှောင်ရေး စခန်းတွေလည်း ရှိပါတယ်။ ဒေသန္တရအုပ်ချုပ်ရေး ရုံးတွေက ထုတ်ထားတဲ့防災マップ( Bosai Map)ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မြေပုံတွေ ဒါမှမဟုတ် ဒေသန္တရအုပ်ချုပ်ရေးရုံး ရဲ့အင်တာနက် စာမျက်နှာတွေမှာ တိမ်းရှောင်နိုင်တဲ့နေရာတွေရဲ့ တည်နေရာကို ရှာဖွေကြည့်ရှုနိုင်ပါတယ်။
避難所(Hinanjo)ကိုဘေးလွတ်ရာ တိမ်းရှောင်လာသူတွေအနေနဲ့ တိမ်းရှောင်ရေးစခန်းတွေမှာ အစားအစာ၊ စောင်နဲ့ လိုအပ်တဲ့ နေ့စဥ်သုံးပစ္စည်းတွေကို ဖြန့်ဝေပေးတာကြောင့် ကာလရှည်ကြာ နေထိုင်နိုင်ပါတယ်။
မော်တော်ကားတွေနဲ့ တိမ်းရှောင်လာသူတွေလည်း အခြေအနေကို ရှင်းပြပြီး တောင်းဆိုမယ်ဆိုရင် အဲဒီတိမ်းရှောင်ရေးနေရာတွေမှာ အစားအသောက်နဲ့ တခြား ပစ္စည်းတွေကို ရနိုင်ပါတယ်။
避難所(Hinanjo)ဘေးလွတ်ရာတိမ်းရှောင်ရေးနေရာတွေတိုင်းမှာ သူ့နေရာနဲ့သူ စည်းကမ်းတကျ ဖြစ်စေဖို့ ကိုယ်ပိုင်စည်းကမ်းတွေ ချမှတ်ထားပါတယ်။ လာရောက်ခိုလှုံသူတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အစားအစာတွေကို ယူတဲ့အခါ၊ ရေချိုးခန်း အသုံးပြုချင်တဲ့အခါတွေမှာ စနစ်တကျ သူများတန်းစီနေတဲ့ နောက်ကနေ တန်းစီစောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
တိမ်းရှောင်ရေးစခန်းမှာ ခိုလှုံနေထိုင်စဉ် ကာလအတွင်း အချင်းချင်း ကူညီရိုင်းပင်းမှု ရှိဖို့ အရေးကြီးပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း(၂) Hypothermia ခန္ဓာကိုယ်အပူချိန်အလွန်အမင်းကျဆင်းခြင်း

ဂျပန်မှာနေထိုင်စဉ်အတွင်း ဘေးအန္တရာယ်တစ်ခုကျရောက်လို့ တိမ်းရှောင်ရေးစခန်းတွေမှာ ခိုလှုံရတဲ့အခါ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်တွေကို ပေးနေပါတယ်။ အခုတစ်ကြိမ်မှာ အေးမြတဲ့ ဆောင်းရာသီအတွင်း ခန္ဓာကိုယ်အပူချိန် အလွန်အမင်းကျဆင်းမှု မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာကြရ အောင်။
ဆောင်းရာသီအတွင်း 避難所(Hinanjo) တိမ်းရှောင်ရေးစခန်း တွေမှာ ခိုလှုံနေတဲ့အခါ ခန္ဓာကိုယ်အပူချိန် အလွန်အမင်းကျဆင်းတဲ့ အန္တရာယ်မဖြစ်အောင် သတိပြုဖို့ လိုအပ်ပါတယ်။ တခါတရံ ကျောင်းအားကစားရုံတွေကို တိမ်းရှောင်ရေးစခန်းတွေ လုပ်လိုက်တဲ့အခါမှာ လုံလောက်တဲ့ အပူပေးစနစ်တွေ Heaterတွေ တပ်ဆင်ထားခြင်းမရှိတာ တွေ့ရပါတယ်။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန် အလွန်အမင်းကျဆင်းတဲ့အတွက် အလွန်အမင်း တုန်လာတတ်ပါတယ်။ တုန်ခါမှုမရပ်ဘဲ အဆိုးဆုံး အခြေအနေမှာ အသက်ဆုံးရှုံး သွားနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန် မကျအောင် ဆောင်းတွင်းဝတ် နွေးစေမယ့်အဝတ်အစားထူထူကို အထပ်ထပ်ဝတ်ပါ။ အင်္ကျီအတွင်းမှာ သတင်းစာတွေ ချေထည့်ထား ရင်လည်း နွေးထွေးလာပါမယ်။ စောင်ထူထူ ပတ်ပြီးခြုံထားတာကလည်း ထိရောက်ပါတယ်။ ခန္ဓာကိုယ်အပူချိန် ကျဆင်းလာတာကို ကာကွယ်ဖို့အတွက် ခန္ဓာကိုယ်အောက်မှာ စောင်ခင်းတာမျိုး ဒါမှမဟုတ် ကတ်ထူစက္ကူပြားကို ကြမ်းပြင်မှာခင်းထားတာမျိုးလုပ်ပါ။ ခန္ဓာကိုယ်တွင်း နွေးထွေးနေစေဖို့ ရေနွေး ဒါမှမဟုတ် တခြားအရည် တစ်မျိုးမျိုးကို သောက်ဖို့ အကြံပေးပါရစေ။ ရေနွေးဖြည့်ထားတဲ့ ပလပ်စတစ်ဘူးကလည်း အလွယ်တကူ သုံးလို့ရတဲ့ ရေနွေးအိတ်ပါပဲ။ カイロ(Kairo)လို့ခေါ်တဲ့ တစ်ခါသုံး အနွေးပေးအထုပ်လေးတွေကို သုံးတာလည်း ကောင်းပါတယ်။
အထူးသဖြင့် သက်ကြီးရွယ်အိုတွေရဲ့ခန္ဓာကိုယ်ဟာ အပူချိန်ကို တည်ငြိမ်အောင်ထိန်းထားဖို့ခက်ခဲတတ်တာကြောင့် hypothermia လို့ခေါ်တဲ့ ကိုယ်အပူချိန်အလွန်အမင်းကျဆင်းမှု ဖြစ်နိုင်ခြေများ ပါတယ်။ hypothermia လို့ခေါ်တဲ့ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းတဲ့ လက္ခဏာတွေပြတဲ့သူကို တွေ့ရင် ခန္ဓာကိုယ်ကို နွေးနွေး ထွေးထွေးဖြစ်အောင် ချက်ခြင်းလုပ်ပေးပါ။ လိုအပ်လာရင် ဆေးရုံကို ပို့ဆောင်ပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း (၃) economy class syndrome ရောဂါလက္ခဏာ

အခုတစ်ကြိမ်မှာ economy class syndrome လို့သိကြတဲ့ မလှုပ်မရှားဘဲနေတာ ကြာတဲ့အခါ သွေးပြန်ကြော သွေးခဲပိတ်ဆို့ပြီး ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို လေ့လာရပါမယ်။

လူတစ်ဦးမှာ သွေးလည်ပတ်စီးဆင်းမှု မကောင်းတော့တဲ့အခါ သွေးတွေဟာ ခဲလာတတ်ပါတယ်။ အဲဒီသွေးခဲတွေက အဆုတ်ထဲ ရောက်သွားပြီး ပိတ်ဆို့သွားတဲ့အခါ economy class syndrome ရောဂါလက္ခဏာတွေ ဖြစ်ပွားနိုင်ပါတယ်။ Syndrome ကြောင့် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်ခဲတာနဲ့ အဆိုးဆုံးအခြေအနေ မှာ အသက် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
လူတွေဟာ တိမ်းရှောင်ရေးစခန်းမှာနေတာ ဒါမှမဟုတ် ကားတွေ ထဲမှာ တိမ်းရှောင်နေထိုင်တဲ့ကာလအတွင်းမှာ အချိန်ရှည်ကြာအောင် မလှုပ်မရှား နေမယ်ဆိုရင် economy class syndrome ရောဂါ လက္ခဏာတွေ ဖြစ်ပွားနိုင်ခြေများပါတယ်။
ဒီရောဂါလက္ခဏာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ရမယ့်အချက် တွေကို သိထားပြီး လုပ်ဆောင်မယ်ဆိုရင် ဒီရောဂါမဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်။
• လက်နဲ့ခြေထောက်တွေကို ပုံမှန်လှုပ်ရှားပေးပါ။
• ခြေသလုံးကြွက်သားတွေကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။
• အရည်တစ်ခုခုကို မကြာမကြာ သောက်ပါ။
• နေ့ခင်းဘက် အပြင်မှာ လေ့ကျင့်ခန်းလုပ်ပေးတာကလည်း ထိရောက်မှု ရှိပါတယ်။
ရင်ဘတ်အောင့်တာ ဒါမှမဟုတ် အသက်ရှုကြပ်လာတာ စတဲ့ လက္ခဏာတွေဖြစ်လာရင် တုံ့ဆိုင်းမနေဘဲချက်ချင်း ပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်းခံပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း (၄) ကာဗွန်မိုနောက်ဆိုဒ် (Carbon monoxide) ဓာတ်ငွေ့ အဆိပ်သင့်မှုအန္တရာယ်

အခုတစ်ခါ ကာဗွန်မိုနောက်ဆိုဒ် (Carbon monoxide) ဓာတ်ငွေ့ အဆိပ်သင့်မှု အန္တရာယ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက် တွေကို မိတ်ဆက်ပေးပါမယ်။
တိမ်းရှောင်ရေးစခန်းမှာ နေထိုင်စဉ်အတွင်း အနွေးဓာတ်ရစေဖို့ မီးသွေးနဲ့ မီးဖိုပေးတာ ဒါမှမဟုတ် အလွယ်အကူသယ်ယူသွားနိုင်တဲ့ မီးစက်ကို အခန်းတွင်းမှာ ထည့်ထားပြီးသုံးတဲ့အခါ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ ထွက်ပြီး အခန်းတွင်းမှာ အဆိပ်သင့်မှု ဖြစ်နိုင်ပါတယ်။
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့မှာ အရောင်၊အနံ့မရှိပါဘူး။ အဲဒီ ဓာတ်ငွေ့ကို ဆက်တိုက်ရှူရှိုက်မိရင် ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ သတိလစ်သွားတာနဲ့ အဆိုးဆုံးအခြေအနေမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အဆောက်အအုံတွင်း၊ အခန်းတွင်းမှာ ကာဗွန် မိုနောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်တဲ့ လောင်စာတွေကို သုံးတာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။
တိမ်းရှောင်နေရတဲ့ကာလအတွင်း မော်တော်ကားထဲမှာ နေထိုင်မယ် ဆိုရင်လည်း ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုအန္တရာယ်ကို သတိထားသင့်ပါတယ်။ ဂတ်စ်နဲ့မောင်းတဲ့ကား အသုံးပြုသူဆိုရင် ကားဂိုဒေါင်အတွင်းမှာ ကားအင်ဂျင်စက်ကို ဖွင့်ထားတာမျိုး မပြုလုပ် ပါနဲ့။ ကားနဲ့အပြင်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုရင် နှင်းတွေ ကျနေတဲ့ အချိန်မျိုးမှာ ကားရဲ့ အိတ်ဇောပိုက်ပေါ်မှာ နှင်းတွေဖုံးပြီး ပိတ်မနေအောင် ပြုလုပ်ပါ။ ဂိုဒေါင်အတွင်းမှာ ကားစက်နိုးထားတာနဲ့ အိတ်ဇောပိုက် အပေါ်မှာနှင်းဖုံးပြီး အိတ်ဇောပိုက်ပိတ်နေတဲ့ အခြေအနေတွေမှာ ကားက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ဟာ ကားထဲကို ပြောင်းပြန် ပြန်စီးဝင်တတ်တာမို့ အဆိပ်သင့်ပြီးမူးမေ့သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း (၅) ကူးစက်ရောဂါ မဖြစ်အောင် ကာကွယ်တားဆီးခြင်း

အခုတစ်ခါ ကူးစက်ရောဂါ မဖြစ်အောင် ကာကွယ်တားဆီးနိုင်တဲ့ ဆောင်ရွက်ချက် အစီအမံတွေကို မိတ်ဆက်ပေးပါမယ်။
ဘေးလွတ်ရာ တိမ်းရှောင်တဲ့အခါ စခန်းတွေဟာ တိမ်းရှောင်ခိုလှုံသူ အများအပြားနဲ့ ပြည့်ကျပ်နေတတ်ပြီး သန့်ရှင်းရေး ကို ကောင်းမွန်စွာ ထိန်းသိမ်းဖို့လိုအပ်ပေမဲ့ သန့်ရှင်းတဲ့ရေ ဒါမှမဟုတ် အရက်ပြန်စတဲ့ လက်ကို ပိုးသတ် သန့်စင်ပေးတဲ့ ဆေးရည်တွေ အလုံအလောက် မရှိနိုင်ပါဘူး။
အဲဒီလို ပတ်ဝန်းကျင်အနေအထားမှာ တုပ်ကွေး၊ အစာအိမ်ရောဂါ ဒါမှမဟုတ် COVID-19 ရောဂါပိုးတွေဟာ အလွယ်တကူ ကူးစက်နိုင်တာကြောင့် အစုလိုက်အပြုံလိုက် ကူးစက်ပြန့်ပွားမှု မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်ပါတယ်။
ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကအခုလို အကြံပေးထား ပါတယ်။ “အစာမစားခင်လက်ဆေးပါ။ အိမ်သာအသုံးပြုပြီးတဲ့အခါ လက်ကို သေသေချာချာစင်ကြယ်အောင် ဆေးပါ။ လက်ဆေးတာက ကူးစက်ရောဂါကာကွယ်တားဆီးရေးမှာ အထောက်အကူ ပြုပါတယ်။ ရေမလုံလောက်ရင် ဒါမှမဟုတ် ပိုးသတ်ဆေးရည် မရှိဘူးဆိုရင် လက်သန့်စင်ပေးတဲ့ wet tissue လက်သုတ်ပဝါအစို ဒါမှမဟုတ် တစ်ရှူးကို ရေ ဒါမှမဟုတ် green tea လက်ဖက်ရည်ကြမ်း အနည်းငယ်စွတ်ပြီး လက်ကိုသုတ်ပေးတာလုပ်ပါ။ ဒီလိုလုပ်တာဟာ ရောဂါပိုးကူးစက်မှုအန္တရာယ်ကို လျှော့ချရာမှာ ထိရောက်မှုရှိပါတယ်” လို့ ပြောပြပါတယ်။
ဖျားနာတာ ဒါမှမဟုတ် ချောင်းဆိုးတာလိုမျိုး လက္ခဏာတွေ ခံစားရတယ်ဆိုရင် နှာခေါင်းစည်းတပ်ဆင်ရမှာဖြစ်ပြီး ကူးစက် ပြန့်ပွားမှုတွေမဖြစ်အောင် တခြားသူတွေနဲ့အတူမနေပဲ သီးခြားအခန်း မှာနေဖို့ အကြံပြုထားပါတယ်။ နေမကောင်းဖျားနာ ဖြစ်လာတဲ့အခါ ကိုယ့်အနီးဝန်းကျင်ကသူတွေကို အကူအညီတောင်းဖို့ တွန့်ဆုတ်မနေ ပါနဲ့လို့လည်း ကျွမ်းကျင်သူက အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း (၆) မူခင်းမဖြစ်အောင်ကြိုတင်ကာကွယ်ခြင်း

အခုတစ်ခါ ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေ ရှုပ်ထွေးမှုတွေကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ရာဇဝတ်မှုတွေ နဲ့ပတ်သက်ပြီး သတိပြုသင့်တာတွေကို လေ့လာကြပါမယ်။
သဘာဝဘေးသင့်ဒေသမှာ “ခိုးမှု” အဓိကစိုးရိမ်စရာဖြစ်တယ်လို့ ဆို ကြပါတယ်။ ဒေသခံတွေဟာ တိမ်းရှောင်ရေးစခန်းတွေမှာ ခိုလှုံနေတဲ့ ကာလအတွင်း သူတို့ရဲ့အိမ်တွေ ဒါမှမဟုတ် စတိုးဆိုင်တွေထဲ သူခိုးဝင်ပြီး ငွေသားနဲ့ တခြားပစ္စည်းတွေ ခိုးယူခံရတတ်ပါတယ်။ အရင်က သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့ပြီးနောက်မှာ အဲဒီလိုမှုခင်းတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။ ငလျင်ဘေးသင့်ဧရိယာအတွင်းမှာ ရဲတပ်ဖွဲ့ဟာ ကင်းလှည့်တာနဲ့ စုံစမ်းစစ်ဆေးတာတွေကို အရှိန်မြှင့် တိုးချဲ့ ဆောင်ရွက်နေပါတယ်။
ဘေးလွတ်ရာ တိမ်းရှောင်ရေးစခန်းတွေမှာလည်း ပစ္စည်းတွေ အခိုး မခံရအောင်လည်း သတိထားသင့်ပါတယ်။ တိမ်းရှောင်လာသူတွေ အနေနဲ့ အဖိုးတန်ပစ္စည်းတွေကို ကိုယ်နဲ့မကွာ သိမ်းဆည်းတာ ဒါမှမဟုတ် မြင်ရတဲ့နေရာမှာထားတာတွေ လုပ်ဆောင်ဖို့ အကြံပြု ထားပါတယ်။
ဘေးလွတ်ရာတိမ်းရှောင်လာသူတွေဟာ ငွေလိမ်ခံရနိုင်တဲ့ အန္တရာယ် လည်း ရှိနိုင်ပါတယ်။ အရင်က ဘေးအန္တရာယ်ကျရောက်ပြီး နောက်ပိုင်း မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ထားတဲ့စာချုပ်မှာ လိမ်လည် ဆိုင်းထိုးခိုင်းပြီး ချုပ်ယူတာနဲ့ လိမ်ပြီးငွေလွှဲခိုင်းတာစတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုလည်း သတိထားဖို့ အကြံပြုထား ပါတယ်။ အရင်က ဘေးအန္တရာယ်ကျရောက်ပြီးနောက်မှာ အမျိုးသမီးတွေဟာ တိမ်းရှောင်ရေးစခန်းတွေမှာ ခန္ဓာကိုယ်ကို ထိကိုင်တွယ်ခြင်းခံရတာ ဒါမှမဟုတ် အတင်းအကြပ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူတွေနဲ့ တွေ့ကြုံခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ရေချိုးခန်းတွေနဲ့ လူမြင်ကွယ်တဲ့ နေရာတွေမှာ တစ်ဦးတည်းကျန်နေတာမျိုး မဖြစ်အောင် သတိထားသင့် ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။