ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

ပုံမှန်အချိန်နဲ့ အရေးပေါ်အချိန် ခွဲခြားသတ်မှတ်တာတွေ မရှိစေတဲ့ “Phase-free”

အပိုင်း −၁ “Phase-free” ဆိုတာဘာလဲ။

အခုခေတ်မှာ အရေးပေါ်အချိန်နဲ့ ပုံမှန်ချိန်ကို ပိုင်းခြားသတ်မှတ်ထား တွေမရှိတဲ့ “Phase-free” အယူအဆနဲ့ ထုတ်ကုန်ပစ္စည်း အသစ်တွေထုတ်တာနဲ့ အဆောက်အဦတွေကို ဆောက်လုပ်တီထွင် ကြတာရှိပါတယ်။ ဒီအယူအဆကတော့ ပုံမှန်နေ့စဉ်သုံးတဲ့ ပစ္စည်းတွေကို အရေးပေါ်အချိန်မှာပါ အထောက်အပံ့ဖြစ်အောင် ဖန်တီးထုတ်လုပ်တဲ့ စိတ်ကူး ဖြစ်ပါတယ်။ ဒီတစ်ခေါက် အစီအစဉ်တွဲအဖြစ် “Phase-free” ဆိုတဲ့ စဉ်းစားပုံစဉ်းစားနည်းနဲ့ ဆက်စပ်တဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို လေ့လာကြည့်ကြပါမယ်။
Phase ဆိုတာကနေ့စဉ်ပုံမှန်အခြေအနေနဲ့ အရေးပေါ် အခြေအနေ ကို ခွဲခြားသတ်မှတ်ထားတာဖြစ်ပြီး free ကတော့ အဲဒီလို သတ်မှတ်ချက်တွေမရှိအောင် လုပ်ထားတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါ တယ်။ အခုနောက်ပိုင်းနှစ်တွေမှာ “Phase-free” ဆိုတဲ့အယူအဆ ပေါ်လာပြီး လူတွေ အာရုံစိုက်မှု တိုးလာနေပါတယ်။
“Phase-free” အဖြစ် အသုံးပြုနိုင်တာတွေထဲက တစ်ခုက ဥပမာ “rolling stock” သိုလှောင်ကုန်ပစ္စည်းတွေကို လည်ပတ်အောင် အသုံးပြုတဲ့နည်းပါ။ ကိုယ်နေ့စဉ်စားသုံးနေကျ အစားအစာတွေ နေ့စဉ်သုံးအသုံးအဆောင် ပစ္စည်းတွေကို နေ့စဉ်အသုံးပြုရင်းနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အချိန်မှာပါ အသုံးပြုနိုင်အောင် ပုံမှန်ထက် အနည်းငယ်ပိုဝယ်ယူသိုလှောင်ထားတာ ဖြစ်ပါတယ်။
နောက်ထပ်ဥပမာက တောင်တက်တာနဲ့ အပျော်စခန်းချ ခရီး ထွက်တာတွေမှာ အသုံးပြုတဲ့ outdoor ပစ္စည်းကိရိယာတွေ ဖြစ်ပါ တယ်။ လျှပ်စစ်မီး ဒါမှမဟုတ် ဂတ်စ် မရရှိနိုင်တဲ့နေရာတွေမှာ အသုံးပြုနိုင်တဲ့ အဲဒီပစ္စည်းတွေကို အရေးပေါ် အချိန်မှာလည်း သုံးနိုင် တဲ့ “Phase-free” ပစ္စည်းတွေလို့ မှတ်ယူလို့ရပါတယ်။
ပုဂ္ဂလိက ကုမ္ပဏီတစ်ခုရဲ့ စစ်တမ်းတစ်ခုအရ သဘာဝဘေးအန္တရာယ် အတွက် ပစ္စည်းတွေသိုလှောင်ထားတာလိုမျိုး ကြိုတင်ပြင်ဆင်မှုတွေ လုံးဝမရှိတဲ့အိမ်ထောင်စုအချိုးအစားဟာ ဂျပန်က အိမ်ထောင်စု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။
Yamanashi University က တွဲဖက်ပါမောက္ခ Hada Yasunori က နေ့စဉ်သုံးပစ္စည်းတွေကို သဘာဝဘေးအန္တရာယ် ကျရောက်ချိန် မှာလည်း အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်လုပ် ဖန်တီးကြဖို့လည်း အရေးကြီးတယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၂ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်သိုလှောင်ထားတဲ့ စားသောက်ကုန်တွေကို လည်ပတ်အောင်အသုံးပြုတဲ့ “rolling stock”

အခုခေတ်မှာ “Phase-free” အယူအဆနဲ့ ထုတ်ကုန်ပစ္စည်း အသစ်တွေထုတ်တာနဲ့ အဆောက်အဦတွေကို ဆောက်လုပ်တီထွင် ကြတာရှိပါတယ်။ ဒီအယူအဆကတော့ ပုံမှန်နေ့စဉ်သုံးတဲ့ ပစ္စည်း တွေကို အရေးပေါ်အချိန်မှာပါ အထောက်အပံ့ဖြစ်အောင် ဖန်တီး ထုတ်လုပ်တဲ့ အရေးပေါ်အချိန်နဲ့ ပုံမှန်အချိန်ကို ပိုင်းခြားသတ်မှတ် ထားတာတွေမရှိအောင် ဖန်တီးတဲ့ စိတ်ကူး ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ “rolling stock” ကြိုတင်သိုလှောင်ထားတဲ့ ပစ္စည်း တွေကို လည်ပတ်အောင် အသုံးပြုနည်းနဲ့ ပတ်သက်ပြီး လေ့လာ ကြည့်ကြရအောင်။
၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Kumamoto ငလျင်ကြောင့် ဘေးသင့်ခဲ့ ရတဲ့ဒေသတွေမှာ လျှပ်စစ်မီး၊ ဂတ်စ်နဲ့ ရေ တွေပုံမှန်ပြန်ရဖို့ ၁၅ ရက်ကြာအောင် စောင့်ခဲ့ကြရပါတယ်။ ဒါ့ကြောင့် ဂျပန်အစိုးရက အကြီးစားဘေးအန္တရယ်တွေ ကျရောက်ချိန်အတွက် ကြိုတင်ပြင်ဆင် တဲ့အနေနဲ့ ရက်သတ္တတစ်ပတ်စာ အစားအသောက် အသုံးအဆောင် တွေ သိုလှောင်ထားကြဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ အဲဒီလို ပစ္စည်းတွေ အများအပြား သိုလှောင်ထားဖို့ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ တချို့စားသောက်ကုန် ပစ္စည်းတွေဆိုရင် သက်တမ်း ကုန်နေတာကို ကိုယ်ကမသိလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကို ရှောင်ရှားတဲ့အနေနဲ့ သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေကို အဟောင်းကနေစသုံးပြီး အသစ်အသစ် ထပ်ဖြည့် အစားထိုးတဲ့ “rolling stock” နည်းလမ်းနဲ့ အသုံးပြုတာကောင်းပါတယ်။
စျေးဝယ်တဲ့အခါ ကိုယ်နဲ့ ကိုယ့်မိသားစု မကြာခဏ စားလေ့ရှိတဲ့ အစားအသောက်တွေကို အနည်းငယ် ပိုဝယ်ပါ။ သိုလှောင်ထားချိန်မှာ သက်တမ်းကုန်ခါနီး အစားအသောက်တွေကို အရင်စားပြီး ကုန်သွား တာကို အသစ်ချက်ချင်းဝယ်ပြီး ပြန်ဖြည့်ထားပါ။ ဝယ်ယူမယ်၊ သိုလှောင် ထားမယ် ပြီးရင် စားမယ်၊ စားပြီးရင် ပြန်ဝယ်သိုလှောင် မယ်၊ ဒါကိုပဲ အကြိမ်ကြိမ် အပြန်ပြန်အလှန်လှန် လုပ်ပေးတာကို rolling stock လို့ခေါ်တာ ဖြစ်ပါတယ်။
အစားအသောက်၊ အသုံးအဆောင်တွေကို နေ့စဉ်ပုံမှန် အသုံးပြုရင်းနဲ့ ချက်ချင်းလိုတာကို ပြန်ဖြည့်မယ်ဆိုရင် လုံလောက်တဲ့ ပမာဏကို အမြဲသိုလှောင်ထားနိုင်မှာ ဖြစ်ပါတယ်။ ရေနဲ့ အဓိက စားတဲ့ အစားအစာတွေအပြင် မဖြစ်မနေ အမြဲစုဆောင်းထားစေချင်တာက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေပါတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ဘေးအန္တရာယ် ကျရောက်နေချိန်မှာ ဗီတာမင်နဲ့ သတ္တု ဓာတ် ရတဲ့ အစားအသောက်တွေကို စားသုံးဖို့ ခက်ခဲပါတယ်။ ကြီးမားတဲ့ ဘေးအန္တရာယ်ကျရောက်ချိန်မှာ ကူညီကယ်ဆယ်ရေးတွေ ကိုယ့်ဆီကို ရောက်လာဖို့ အချိန်ဘယ်လောက်စောင့်ရမယ်ဆိုတာ တပ်အပ် မပြောနိုင်ပါဘူး။ “Rolling Stock” နည်းနဲ့ စားသောက် ကုန်တွေ သိုလှောင်ထားမယ်ဆိုရင် ရက်သတ္တ တစ်ပတ်ကြာ အသက် ရှင်သန်ဖို့ အာမခံချက်ရှိနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၃ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိုလှောင် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး သတိထားရမယ့် ကိစ္စများ

အခုခေတ်မှာ “Phase-free” အယူအဆနဲ့ အရေးပေါ်အချိန်နဲ့ ပုံမှန်အချိန်ကို ပိုင်းခြားသတ်မှတ်ထားတာတွေ မရှိအောင် ဖန်တီးတဲ့ စိတ်ကူးရှိပါတယ်။ အခုတစ်ခါ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင် သိုလှောင်စုဆောင်းတဲ့နေရာမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်တွေကို လေ့လာကြရအောင်။
၂၀၁၉ ခုနှစ် Chiba ခရိုင်ကို တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ချိန်တုန်းက ပြင်းပြင်းထန်ထန် တိုက်ခတ်တဲ့ လေပြင်းဒဏ်ကြောင့် အိမ်ခြေပေါင်း ၆၄၀,၀၀၀ မှာ လျှပ်စစ်မီးပျက်သွားခဲ့ပါတယ်။ ဒေသခံတွေဟာ လျှပ်စစ်မီးမရှိဘဲ နေ့စဉ်ဘဝကို ကြိုးစားဖြတ်သန်းခဲ့ကြရပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ စစ်ဆေးသိရှိခဲ့ရတာက သဘာဝဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ပြီး ခရိုင်အစိုးရက အသင့် စုဆောင်းထားတဲ့ မီးစက် ၂၅၀ ထဲမှာ ထက်ဝက်ကျော်ကို အသုံးမပြုဘဲ ဂိုဒေါင်ထဲ ဒီတိုင်း ထားခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
အဲဒီမီးစက်တွေကို မြို့ရွာနဲ့မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့တွေ လိုအပ်လို့တောင်းဆိုရင် အရေးပေါ်အခြေအနေတွေမှာ ထုတ်ပြီး ငှားရမ်းဖို့ သိုလှောင်ထားတာ ဖြစ်ပေမဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ တွေက ဒီမီးစက်တွေရှိတာကို မသိခဲ့ကြပါဘူး။
အလားတူဖြစ်ရပ်မျိုး Shizuoka ခရိုင်မှာလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်က အဲဒီခရိုင်မှာ အပူပိုင်းမုန်တိုင်းတစ်ခုကြောင့် စံချိန်တင်မိုး ရွာသွန်းခဲ့ပြီး အိမ်ခြေပေါင်း ၆၃၀၀၀ လောက်ဟာ သီတင်းပတ် နှစ်ပတ်နီးပါး ရေပြတ်သွားခဲ့ပါတယ်။ ဒေသခံတွေကို ရေဖြန့်ချိဖို့ အတွက် ရေထရပ်ကားတွေ စီစဉ်ပေးခဲ့ပေမဲ့လည်း အရေးပေါ် အခြေအနေမှာ သုံးဖို့ ကြိုသိုလှောင်ထားတဲ့ ရေလှောင်ကန်တစ်ခုကို အသုံးမပြုခဲ့တာ နောက်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီ ရေလှောင်ကန်ရှိနေတယ်ဆိုတာကို ဒေသခံတွေလည်း မသိခဲ့ဘူးလို့ ဆိုပါတယ်။
အရေးပေါ်အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ ပြင်ဆင်ထားတဲ့ အဆောက်အဦတွေ၊ သိုလှောင်ထားတဲ့ စက်ပစ္စည်းတွေရှိနေမှန်း လူတွေကမသိဘူးဆိုရင် ဘာမှအသုံးမဝင်ဘူး ဆိုတာကို ဒီဖြစ်ရပ်တွေ က ညွှန်ပြနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၄ ရောင်းကုန်များက သဘာဝဘေးမှတိမ်းရှောင်သူတွေအတွက် စားနပ်ရိက္ခာ

အခုခေတ်မှာ “Phase-free” အယူအဆနဲ့ အရေးပေါ်အချိန်နဲ့ ပုံမှန်အချိန်ကို ပိုင်းခြားသတ်မှတ်ထားတာတွေ မရှိအောင် ဖန်တီးတဲ့ စိတ်ကူးရှိပါတယ်။
အခုတစ်ခါ Tokushima ခရိုင်ကို အလည်အပတ်လာရောက်သူတွေ အတွက် အစားအသောက်တွေ ကြိုတင်သိုလှောင်ထားတဲ့ ထူးခြားတဲ့ နည်းလမ်းကို လေ့လာကြည့်ကြရအောင်။
အရေးပေါ်အခြေအနေအတွက် သိုလှောင်သိမ်းဆည်းထားတဲ့ အစားအစာတွေဆိုတာ Expire Date (“စားသုံးသင့်တဲ့ နောက်ဆုံး သတ်မှတ် ကာလ”) မကုန်ခင်မှာ အသစ်တွေနဲ့ ပြန်အစားထိုးဖို့ လိုပါတယ်။ တစ်ခါတစ်လေ မစားလိုက်ရဘဲ သက်တမ်းကုန်လို့ စွန့်ပစ်လိုက်ရတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ သဘာဝဘေး ကျရောက်ချိန်အတွက် သိုလှောင်ရုံထဲမှာ သိမ်းထားတဲ့ အစားအစာ တွေကို ပုံမှန် အသစ်နဲ့လဲပေးမယ်ဆိုရင် ဘေးအန္တရာယ် ကျရောက်ချိန်ရောက်ရင်လည်း အသုံးပြုရလွယ်ကူသွားနိုင်ပါတယ်။
ဒီလိုမျိုး အစားအသောက်တွေကို အသုံးပြုရလွယ်အောင် Tokushima ခရိုင် က ခရီးသွားတွေအတွက် ခေတ္တနားနေစခန်း “Kurukuru Naruto”မှာ ထူးခြားတဲ့ စနစ်တစ်ခုကို ကျင့်သုံးနေပါ တယ်။
၂၀၂၂ ခုနှစ် ဧပြီလမှာ အဲဒီ နားနေစခန်းကို ဖွင့်လှစ်ခဲ့ပြီး ဒေသထွက် အထူးစပါယ်ရှယ်အစားအစာတွေနဲ့ လတ်ဆတ်တဲ့ပင်လယ်စာတွေ စားနိုင်တဲ့နေရာအဖြစ် ခရီးသွားဧည့်သည်တွေ အကြိုက်တွေ့အောင် ဆွဲဆောင်ထားပါတယ်။
အဲဒီနားနေစခန်းမှာ ရောင်းချတဲ့ စားသောက်ကုန်ပစ္စည်းတွေဟာ အရေးပေါ်အခြေအနေရောက်ရင် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်သူ တွေအတွက် အစားအစာတွေ ဖြစ်လာအောင် စီစဉ်ထားပါတယ်။
“phase-free” အယူအဆကို လက်ခံကျင့်သုံးတဲ့အဲဒီနားနေစခန်းက ပျက်စီးပုပ်သိုးလွယ်တဲ့ ကုန်စိမ်းတွေကလွဲပြီး ဂိုဒေါင်မှာ ထားနိုင်တဲ့ စားသောက်ကုန်ပစ္စည်းတွေကို အရေးပေါ် အတွက်ပါ ထည့်သွင်းပြီး အပိုသိုလှောင်ထားပါတယ်။
နေ့စဉ်ရောင်းချတဲ့ကုန်ပစ္စည်းတွေက ထွက်ပြေးတိမ်းရှောင်လာတဲ့ လူပေါင်း တစ်ထောင်ကို ၃ ရက် ကျွေးမွေးထားနိုင်ဖို့ အဲဒီနားနေစခန်း အစားအစာတွေ အလုံအလောက် ရှိပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၅ ထွက်ပြေးတိမ်းရှောင်ရေးနေရာကို ဆွဲဆောင်မှုရှိတဲ့ အဆောက်အဦ ဖြစ်အောင် ပြင်ဆင်ထားရှိခြင်း

အခုခေတ်မှာ “Phase-free” အယူအဆနဲ့ အရေးပေါ်အချိန်နဲ့ ပုံမှန်အချိန်ကို ပိုင်းခြားသတ်မှတ်ထားတာတွေ မရှိအောင် ဖန်တီးတဲ့ စိတ်ကူး ရှိပါတယ်။
အခုတစ်ခါ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ ဘေးလွတ်ရာ တိမ်းရှောင်ရေးနေရာအဖြစ် အသုံးပြုနိုင်အောင် လုပ်ထားတဲ့ ခရီးသွားတွေနားနေတဲ့ ”Michi No Eki“ နေရာအကြောင်းကို လေ့လာ ကြည့်ကြရအောင်။
Tokushima ခရိုင်က ခရီးသွားနားနေ နေရာ အဆောက်အဦတစ်ခုရဲ့ ခေါင်မိုးမှာ ပန်းခြံလုပ်ထားပြီး ဆူနာမီဖြစ်ပွားချိန်မှာ တိမ်းရှောင်သူတွေအတွက် ဘေးလွတ်ရာ ဖြစ်စေဖို့ ဒီဇိုင်းထုတ် တည်ဆောက်ထား ပါတယ်။
ဂျပန်ရဲ့ ပစိဖိတ်ကမ်းရိုးတန်းအလွန်က Nankai Trough နန်းကိုင်းပြတ်ရွေ့ကြောတစ်လျှောက်မှာ ဧရာမငလျင်ကြီးတစ်ခု လှုပ်ခတ်ဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီခရီးသွားတွေ နားခိုရာ အဆောက်အဦနေရာဟာ ကမ်းရိုးတန်းကနေ ၆ ကီလိုမီတာခန့် အကွာ မှာရှိပြီး ငလျှင်ကြီးလှုပ်ခတ်ခဲ့ရင် အဆောက်အဦရဲ့ ၃ မီတာအမြင့် အထိ ရေတွေ တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဆောက်အဦက ဆိုင်တွေဖွင့်ချိန်နဲ့ မသက်ဆိုင်ဘဲ ခေါင်မိုးပေါ်က ပန်းခြံဧရိယာကိုတော့ အများပြည်သူအတွက် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါတယ်။
အဲဒီမှာ ခေါင်မိုးပေါ်ကပန်းခြံကိုသွားတဲ့လမ်းလေးကိုတော့ မြက်ခင်း ပြင်နဲ့ ဆင်ခြေလျှော ပုံစံဆောက်လုပ်ထားပါတယ်။ အဲဒီဆင်ခြေ လျှောကို သာမန်အချိန်တွေမှာ လျှောစီး ကစားတာမျိုး လုပ်နိုင်ပြီး အရေးပေါ်အခြေအနေမှာတော့ တိမ်းရှောင်နိုင်တဲ့ နေရာအထိ မော်တော်ကားတွေနဲ့ အတက်အဆင်းလုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။
ခေါင်မိုးပေါ်က ပန်းခြံထဲမှာ ဒီဇိုင်းအဆန်းနဲ့ အရုပ်တွေ၊ ကစားကွင်း တွေ၊ အလှဓာတ်ပုံရိုက်စရာ အပြင်အဆင်တွေနဲ့ အပန်းဖြေနေရာ တစ်ခုအဖြစ် ဆောက်လုပ်ထားပြီး လူအများလာချင်အောင် ရည်ရွယ် ထားတာဖြစ်ပါတယ်။ အဲဒီနေရာကို လူတွေနဲ့ အကျွမ်းတဝင်ရှိနေစေ ခြင်းက သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါ ဒီနေရာဟာ တိမ်းရှောင်ရေးနေရာတစ်ခုအဖြစ် သုံးနိုင်တယ်ဆိုတာကို သတိပြု မိလာစေဖို့ ဖြစ်တယ်လို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ အာဏာပိုင်တွေ က ဆိုပါတယ်။
ဂျပန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဒေသန္တရအဖွဲ့အစည်းတိုင်းဟာ ဒီလိုမျိုး “Michi No Eki“ ခရီးသွားတွေ အပန်းဖြေအနားယူနိုင်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်ထားကြပါတယ်။ ဒီနေရာတွေမှာ ကျယ်ဝန်းတဲ့ ယာဉ်ရပ်နားနေရာ၊ ရေ၊ အစားအသောက်နဲ့ အိမ်သာတွေရှိတာကြောင့် ၂၀၁၁ခုနှစ် ဂျပန်အရှေ့မြောက်ပိုင်း ငလျင်ကြီးနဲ့ ဆူနာမီဖြစ်ပွားခဲ့ချိန်မှာ ဘေးလွတ်ရာ တိမ်းရှောင်သူတွေ အဆင်ပြေခဲ့ပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ “Michi No Eki“ ခရီးသည်အပန်းဖြေအဆောက်အအုံတွေကို သဘာဝဘေး အန္တရာယ် ကျရောက်ချိန်မှာ ပိုပြီးအသုံးဝင်ဖို့အတွက် ပြုပြင်မွမ်းမံတဲ့ လုပ်ငန်းတွေကို အာဏာပိုင်တွေက ကြိုးစားလုပ်ဆောင်နေကြပါ တယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၆ မျိုးစုံအသုံးပြုနိုင်တဲ့ “Phase-free” ဟိုတယ်

အခုခေတ်မှာ “Phase-free” အယူအဆနဲ့ အရေးပေါ်အချိန်နဲ့ ပုံမှန်အချိန်ကို ပိုင်းခြားသတ်မှတ်ထားတာတွေ မရှိအောင် ဖန်တီးတဲ့ စိတ်ကူးရှိပါတယ်။
အခုတစ်ခါ တည်းခိုဖို့တစ်ခုတည်းအတွက်သာမက အရေးပေါ် အချိန် တွေမှာပါ အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ “Phase-free” ဟိုတယ် အကြောင်း လေ့လာကြည့်ကြရအောင်။
Chiba ခရိုင်မှာရှိတဲ့ ဟိုတယ်တစ်ခုဟာ ဒီဒေသကို မော်တော်ကားနဲ့ အလုပ်ကိစ္စရှိလို့လာသူတွေ တည်းကြပါတယ်။ ဒါပေမဲ့ ဒီဟိုတယ်ခန်း တွေကို သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ ဘေးအန္တရာယ် ကျရောက်ရာဒေသကို ရွှေ့ယူပြီး ဘေးလွတ်ရာတိမ်းရှောင်နေထိုင်ဖို့ ဖြစ်စေ ဒါမဟုတ် အရေးပေါ် ယာယီဆေးကုခန်းအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ဟိုတယ်ခန်းတွေမှာ ပုံမှန်လုပ်ငန်းနဲ့ ခရီးသွား သူတွေ သုံးတဲ့ ဟိုတယ်ခန်းလိုမျိုး စားပွဲခုံနဲ့ ရေချိုးခန်းတွေ ပါရှိပါ တယ်။ ဒါပေမဲ့ အဲဒီဟိုတယ်ခန်းတွေဟာ ကုန်ပစ္စည်းတင်တဲ့ ကွန်တိန်နာတွေရဲ့ပုံစံနဲ့ တည်ဆောက်ထားပြီး နောက်တွဲယာဉ်တွေလို မျိုး ကွန်တိန်နာပုံစံအခန်းရဲ့အောက်ဘက်မှာ တာယာဘီးတွေ ပါတာမို့ အဲဒီဟိုတယ်ခန်းတွေကို ထရပ်ကားနဲ့ချိတ်လိုက်ရင် ဘယ်နေရာကို မဆို အလွယ်တကူ ဆွဲယူသွားလို့ရပါတယ်။
အဲဒီဟိုတယ်ကို စီမံခန့်ခွဲနေတဲ့ကုမ္ပဏီဟာ အရင်ကတည်းက ဆောက်လုပ်ရေးသုံး ကွန်တိန်နာ  ဆောက်လုပ်နိုင်တဲ့ အစိတ်အပိုင်း တွေ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး သိုလှောင်ရုံအဖြစ်လည်း ကွန်တိန်နာအခန်းတွေ ငှားရမ်းတဲ့ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ငလျင်နဲ့ ဆူနာမီ သဘာဝဘေးကြီး ကျရောက်အပြီးမှာ အဲဒီ ဟိုတယ်မန်နေဂျာက ဘေးလွတ်ရာ တိမ်းရှောင်လာသူတွေ တိမ်းရှောင်ရေးစခန်းမှာ ကိုယ်ပိုင်အချိန်နေရာမရှိ၊ မလွတ်မလပ် နေရတယ် ဆိုတာကို သိရှိလာခဲ့ပြီးတဲ့နောက် သူက ကွန်တိန်နာ ကို ယာယီခိုလှုံရာအခန်းနေရာဖြစ်အောင် ပြုလုပ်ပြီး တိမ်းရှောင်လာသူ တွေအတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီစပြီး ဒီကုမ္ပဏီဟာ ဟိုတယ် လုပ်ငန်းထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာ အဲဒီကုမ္ပဏီဟာ ဂျပန်နိုင်ငံတစ်ဝန်း နေရာပေါင်း ၆၀ မှာ ကွန်တိန်နာဟိုတယ်တွေကို ဖွင့်လှစ်ထားပါတယ်။ အဲဒီကုမ္ပဏီဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ကွန်တိန်နာ ဟိုတယ်တွေ ကို PCR စမ်းသပ်စစ်ဆေးပေးတဲ့စခန်းတွေ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အနားယူဖို့ နေရာတွေအဖြစ် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို ငှားရမ်းခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီက သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့နေရာကို ဦးစားပေးတဲ့ စနစ်နဲ့ ကွန်တိန်နာသေတ္တာတွေကို ငှားရမ်းဖို့ နိုင်ငံတစ်ဝန်းက ဒေသန္တရအစိုးရ ၁၀၈ ဖွဲ့နဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၇ “Phase-free” အရေးပေါ်ကယ်ဆယ်ရေးသုံး ပစ္စည်းများ

အခုခေတ်မှာ “Phase-free” အယူအဆနဲ့ အရေးပေါ်အချိန်နဲ့ ပုံမှန်အချိန်ကို ပိုင်းခြားသတ်မှတ်ထားတာတွေ မရှိအောင် ဖန်တီးတဲ့ စိတ်ကူးရှိပါတယ်။
အခုတစ်ခါ “Phase-free” အယူအဆကိုအခြေခံပြီး တီထွင်ထားတဲ့ အရေးပေါ် ကယ်ဆယ်ရေးသုံး ကုန်ပစ္စည်းတွေအကြောင်း လေ့လာ ကြပါမယ်။
မကြာသေးခင်အချိန်ကစပြီး “Phase-free” အယူအဆနဲ့ ထုတ်ကုန်တွေကို အများအပြား တီထွင်ထုတ်လုပ်လာနေကြပါတယ်။
ဥပမာ ဘက်စုံသုံးစက္ကူသောက်ရေခွက်ပါ။ အဲဒီခွက်ပေါ်မှာ တိုင်းတာလို့ရတဲ့ အမှတ်အသားတွေ ရေးဆွဲထားပါတယ်။ တိမ်းရှောင်နေရတဲ့ ကာလအတွင်း အဲဒီခွက်တွေဟာ သောက်ဖို့ ဆေးတွေကို ချင်တွယ်ဖို့အပြင် မိခင်တွေအနေနဲ့ ကလေးနို့ဗူးဖျော်တဲ့အခါလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
တခြားထုတ်ကုန်တစ်ခုဖြစ်တဲ့ လေဖိအားသုံးထားတဲ့ မင်တံနဲ့ ဘောပင်ဖြစ်ပြီး ဘောပင်ကို ဇောက်ထိုးအနေအထား နဲ့ရေးနိုင်သလို စိုနေတဲ့စက္ကူပေါ်မှာလည်း ရေးနိုင်ပါတယ်။
နောက်ထပ် ထုတ်ကုန်ပစ္စည်းတစ်ခုကတော့ လွယ်တဲ့ကြိုးမှာ ဝီစီတစ်ခု တပ်ဆင်ထားတဲ့ ကျောပိုးအိတ်ပါ။ အရေးပေါ်အခြေအနေ မှာ ဝီစီမှုတ်ရင် အဲဒီဝီစီရဲ့အသံက အဝေးနေရာတွေကတောင် ကြားနိုင် တဲ့အထိ အသံကျယ်ကျယ် ထွက်ပါတယ်။
နောက်ပစ္စည်းတစ်မျိုးကတော့ 「風呂敷(furoushiki)」လို့ခေါ်တဲ့ ပစ္စည်းထုပ်ပိုးရာမှာ အသုံးပြုတဲ့ လက်ကိုင်ပုဝါ အကြီးစားအဝတ်စ ဖြစ်ပါတယ်။ အဲဒီအဝတ်ပိတ်စဟာ ဘေးအန္တရာယ်ကျရောက်ချိန် အတွင်း အလွန်အသုံးဝင်ပါတယ်။ ဒီစတုရန်းပုံဒီအဝတ်စနဲ့ အဖိုးတန်ပစ္စည်းတွေကို ထည့်လိပ် ပြီးရင် ခါးမှာစည်းပြီး သယ်ယူ သွားလို့ရပါတယ်။ လေထဲမှာဖုန်မှုန့်တွေ ပြန့်လွှင့်လာတဲ့အခါ ဦးခေါင်း နဲ့ ပါးစပ်ကို ဖုံးအုပ်တဲ့ခေါင်းဆောင်း အဖြစ်လည်း အသုံးပြုနိုင်ပါ တယ်။ ဒါ့အပြင် ကလေးကို ကျောကုံးမှာ သယ်ပိုးဖို့ လွယ်အိတ် လုပ်လို့ရသလို နဲ့ ကြမ်းပြင်က အေးတဲ့အခါမျိုးမှာ အခင်းအဖြစ် လည်း အသုံးပြုနိုင်ပါတယ်။ ဒီပိတ်စက အထူကြီး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးရှိတာမို့ သွားလေရာထည့်ယူသွားပြီး အမြဲဆောင်ထား သင့်ပါတယ်။
အဲဒီပစ္စည်းတွေက အရေးပေါ်အခြေအနေမျိုးအတွက်သာ မဟုတ်ဘဲ ပုံမှန် နေ့စဉ်သုံးပစ္စည်းတွေလည်း ဖြစ်တာမို့ ဆောင်ထားရင် ဘေးအန္တရာယ်နဲ့ ကြုံတဲ့အခါ ချက်ခြင်း အလွယ်တကူ ထုတ်သုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၈ ကျောင်းတွေက “Phase-free” စာသင်ခန်းများ

အခုခေတ်မှာ “Phase-free” အယူအဆနဲ့ အရေးပေါ်အချိန်နဲ့ ပုံမှန်အချိန်ကို ပိုင်းခြားသတ်မှတ်ထားတာတွေ မရှိအောင် ဖန်တီးတဲ့ စိတ်ကူးရှိပါတယ်။
အခုတစ်ခါ “Phase-free” အတွေးအခေါ်ကိုအခြေခံဖန်တီးထားတဲ့ ထားတဲ့ စာသင်ခန်းတွေကို ဂျပန်မှာဖွင့်လှစ်နေတာမို့ လေ့လာကြည့် ကြရအောင်။ ဂျပန်ကကျောင်းတချို့မှာ “Phase-free” စာသင် ခန်းတွေထားပြီး ကလေးတွေကို သင်ကြားပေးနေပါတယ်။ ဂျပန်အနောက်ပိုင်း Tokushima ခရိုင်၊ Naruto မြို့က မူလတန်း ကျောင်းဟာ အဲဒီလိုကျောင်းမျိုးတွေထဲက တစ်ကျောင်းဖြစ်ပါတယ်။ ကလေးတွေဟာ ကာယလေ့ကျင့်တဲ့အချိန်မှာ ဂျွမ်းဘားကစားတဲ့ ဘားတန်းပေါ်မှာ တင်ထားတဲ့ အနီရောင်ဘောလုံးကို ရှောင်ရှားရင်းနဲ့ ဟန်ချက်ညီညီ လမ်းလျှောက်တတ်အောင် လေ့ကျင့်သင်ကြားရပါ တယ်။ ငလျင်လှုပ်ပြီးတဲ့နောက် အန္တရာယ်ရှိတဲ့ အရာတစ်စုံတစ်ခုကို နင်းမိရင် ဘာဖြစ်မလဲလို့ ဆရာက ကလေးတွေကို မေးလိုက်ပါတယ်။ ကလေးတစ်ဦးက “ခြေထောက် ထိပြီး၊ သွေးတွေထွက်လာမယ်” လို့ ပြန်ဖြေပါတယ်။ နောက်တစ်ဦးကတော့ “နာသွားမယ် ဒဏ်ရာရသွား မယ်” လို့ ဖြေပါတယ်။ ဒီလေ့ကျင့်ခန်းက သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ ကလေးငယ်တွေ ဘာလုပ်ဆောင်သင့်တယ် ဆိုတာ တွေကို သိဖို့ သင်ကြားပေးတာဖြစ်ပါတယ်။ သင်္ချာချိန်မှာတော့ ဆူနာမီဝင်လာတဲ့အရှိန်နှုန်းကို ငှက်ကုလားအုတ်တွေ၊ သစ်ကုလား အုတ်တွေ ပြေးတဲ့အရှိန်နှုန်းနဲ့ နှိုင်းယှဉ်ပြီး ကလေးတွေကို သင်ပေး ပါတယ်။ ဆူနာမီရေလှိုင်းတွေဟာ တစ်စက္ကန့်ကို ၁၀ မီတာ အမြန်နှုန်း နဲ့ ရွေ့လျားပါတယ်၊ မီတာ ၅၀ အကွာအဝေးကိုရောက်ဖို့ ၅ စက္ကန့်ပဲ ကြာတယ် ဆိုတာတွေကို ကျောင်းသားတွေက လေ့လာသိရှိခဲ့ရပါ တယ်။ ကလေးတွေဟာ ကာယအချိန်မှာတော့ မီတာ ၅၀ ကို ဘယ်နှစ်စက္ကန့်နဲ့ ပြေးရတယ်ဆိုတာ သင်ရလို့သိသွားပြီး ဆူနာမီ ဝင်လာပြီးမှ တိမ်းရှောင်ထွက်ပြေးဖို့ စလုပ်မယ်ဆိုရင် အရမ်းကို နောက်ကျနေပြီဆိုတာကို သူတို့သတိထားမိခဲ့ကြပါတယ်။ ဒီလို နည်းလမ်းနဲ့ ဆူနာမီဟာ ဘယ်လောက် မြန်မြန် ရွေ့လျားတယ်ဆိုတာ ကို သူတို့ သိနိုင်ခဲ့ပါတယ်။
Naruto မြို့က မူကြို၊ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေ အားလုံး က သင်ရိုးညွှန်းတန်းတွေမှာ “Phase-free” သင်ခန်းစာတွေကို ထည့်သွင်းပြီး သင်ကြားပေးနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။