ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

ငလျင်လှုပ်ခတ်အပြီး မြို့ကြီးပြကြီးမှာမီးဘေးအန္တရာယ်ကျရောက်ရင် မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ

အပိုင်း −၁ ၁၉၂၃က Kanto ငလျင်ကြီးကြောင့် သေဆုံးရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက မီးဘေးကြောင့် သေဆုံးခဲ့ပါတယ်။ ဘာကြောင့် အဲဒီလောက် အသေအပျောက်များခဲ့ရသလဲ။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးစေရေးအတွက် သတိထားရမယ့် အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။
၂၀၁၄ ခုနှစ်မှာ ဂျပန်အစိုးရရဲ့ မြေငလျင်ဆိုင်ရာ သုတေသန ကော်မတီက လာမယ့်နှစ် ၃၀ အတွင်း တိုကျိုမှာ ဧရာမငလျင်ကြီး တစ်ခု လှုပ်ခတ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီငလျင်ကြီးလှုပ်ခတ်မှုကြောင့် တိုကျိုမြို့ကြီးတစ်မြို့လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားမှာ‌သေချာသလောက် ရှိပါတယ်။
တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က အဲဒီငလျင်ကြောင့် တိုကျို မြို့တော်တစ်ခုတည်းမှာတင် အဆောက်အဦပေါင်း ၁၁၂,၀၀၀ လောက် မီးလောင်ပျက်စီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့ကြောင့် ငလျင်ကြောင့် ဖြစ်ပေါ်လာမယ့် မီးဘေးအန္တရာယ်တွေကနေ မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ သိထားရပါမယ်။ ဘာတွေ ကြိုတင်ပြင်ဆင် မလဲ ဆိုတာကို လေ့လာကြည့်ထားပါ။
၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က Kanto မဟာမြေငလျင်မှာ သေဆုံးသွားသူနဲ့ ပျောက်ဆုံးသွားသူပေါင်း ၁၀၅,၀၀၀ လောက် ရှိတဲ့ အထဲမှာ သေဆုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၉၂,၀၀၀ လောက်ဟာ မီးလောင်ကျွမ်းပြီး သေဆုံးခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။
ဘာကြောင့် အဲဒီလို အသေအပျောက် ကြီးမားရပါသလဲ။ အကြောင်းရင်း တစ်ခုကတော့ ငလျင်လှုပ်ခတ်တဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီ ငလျင်လှုပ်ခတ်ချိန်ဟာ စနေနေ့ နေ့လယ်မတိုင်ခင်လေး ဖြစ်ပြီး လူတွေဟာ နေ့လယ်စာအတွက် မီးသွေးမီးနဲ့ ချက်ပြုတ်နေကြတဲ့အချိန်လည်း ဖြစ်တာကြောင့် ချက်ခြင်းဆိုသလို မီးကူးစက် လောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။ အဲဒီခေတ်က ဂတ်စ်တွေ၊ ဓာတ်ဆီတွေကို သုံးတဲ့ မီးဖိုမရှိပါဘူး။ နောက် အကြောင်းရင်း ကတော့ အဲဒီအချိန်မှာ ဂျပန်ပင်လယ်ကိုဖြတ်လာတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခုကြောင့် တောင်ပိုင်းကနေ အလွန်အားကောင်းတဲ့ လေပြင်းတွေ တိုကျိုမှာ တိုက်ခတ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လေပြင်းတွေကြောင့် မီးဟာ အလျင်အမြန် ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။
ဒါ့အပြင် ငလျင်လှုပ်ခတ်မှုကြောင့် မြို့တော်ရဲ့ရေပေးဝေရေးစနစ် ပျက်စီးသွားတဲ့အတွက် မီးသတ်သမားတွေဟာ မီးကို ငြှိမ်းသတ်နိုင်လောက်တဲ့ ရေမရရှိခဲ့ကြပါဘူး။ နောက်ထပ် အကြောင်းရင်းတွေထဲမှာ တိုကျိုမြို့ဟာ ပျဉ်ထောင်သစ်သားအိမ်တွေ အလွန်များပြားပြီး နီးနီးကပ်ကပ် ဆောက်ထားတဲ့မြို့ ဖြစ်တာ ကြောင့် မီးကူးစက်မှုလျင်မြန်ခဲ့ပါတယ်။ မီးဘေးသင့်သူတွေကလည်း ထွက်ပြေးတိမ်းရှောင်ချိန်မှာ သူတို့ပိုင်ဆိုင်တဲ့အိမ်က ပစ္စည်းတွေကို သယ်ရင်းနဲ့ ပြေးတာကြောင့် ပစ္စည်းတွေအပေါ် မီးကူးစက်ပြီး လောင်ကျွမ်းမှုတွေ ပိုဖြစ်လာစေတာဟာ သေကြေ ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုများပြားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၂ ၁၉၉၅ ခုနှစ်က Hanshin-Awaji ငလျင်ကြီးလှုပ်ခတ်အပြီးမှာ တစ်ချိန်တည်းတစ်ပြိုင်တည်း ဖြစ်ခဲ့တဲ့ မီးလောင်ကျွမ်းမှုများနဲ့ဆက်စပ်တဲ့ ကြောက်စရာအဖြစ်အပျက်များ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးစေရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ မြို့ကြီးတစ်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရင် မီးလောင်ကျွမ်းမှုတွေက မလွဲမသွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အဲဒီမီးဘေးအန္တရာယ်ကနေ မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြ ပါမလဲ။ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာကို သိဖို့လိုအပ်ပါတယ်။ ၁၉၉၅ ခုနှစ်က Hanshin-Awaji မဟာငလျင်ကြီး လှုပ်ပြီးနောက် မီးလောင်ကျွမ်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာကို လေ့လာကြ ရအောင်။
၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ သုည ကနေ ခုနစ်အထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာတဲ့စနစ်အရ အမြင့်ဆုံး ဖြစ်တဲ့ပြင်းအားအဆင့် ၇ ရှိခဲ့ပါတယ်။ ဂျပန်သမိုင်းမှာ ပထမဆုံးအကြိမ် အပြင်းထန်ဆုံး ငလျင်လှုပ်ခတ်မှုဖြစ်ခဲ့ပါတယ်။ လူပေါင်း ၆၄၃၄ ဦးသေဆုံးခဲ့တဲ့ အဲဒီငလျင်ကြီးအတွင်း လူအများအပြားဟာ ပြိုကျသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပိတ်မိနေချိန်မှာ မီးလောင်မှု ဖြစ်ပေါ်လာပြီး ဘေးလွတ်အောင် မတိမ်းရှောင်နိုင်ဘဲ မီးဘေးသင့်ခဲ့ရ ပါတယ်။ အဲဒီငလျင်ကြောင့် မီးလောင်မှုပေါင်း ၂၉၀ လောက် ဖြစ်ပွားခဲ့ပြီး အဆောက်အဦပေါင်း ၇၀၀၀ ကျော် လုံးဝမီးလောင် ပျက်စီးသွားခဲ့ပါတယ်။
အဲဒီမီးလောင်မှုတွေမှာ ထူးခြားတဲ့လက္ခဏာကတော့ တစ်နေရာပြီး တစ်နေရာ တစ်ပြိုင်နက်တည်း အများအပြားမီးလောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံတွေဟာ မီးစွဲလွယ်တာကြောင့် မြို့တွင်းနေရာအနှံ့အပြား မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတဲ့အချိန် လမ်းပေါ်မှာလည်း အပျက်အစီးတွေနဲ့ ပိတ်ဆို့နေတာကြောင့် မီးသတ်သမားတွေဟာ မီးငြိမ်းသတ်ရမယ့်နေရာကိုရောက်ဖို့ ခက်ခဲခဲ့တာကြောင့် ဒေသခံတွေနဲ့ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့တွေဟာ မီးညွှန့်ကျိုးဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ရေ ပြတ်တောက်သွားခဲ့ပြီး မီးသတ်ဖို့ ရေမလုံမလောက် ဖြစ်ခဲ့ရပါတယ်။ မီးဟာ ညဘက်တွေအထိ လောင်ကျွမ်းခဲ့ပြီး ငလျင်လှုပ်ပြီး ၃ ရက်အကြာမှာမှ မီးငြိမ်းသွားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၃ တိုကျိုမြို့တော်ရဲ့ မြေအောက်တစ်နေရာကနေ ဧရာမငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရင် ဘယ်လို မီးလောင်ပျက်စီးမှု ဖြစ်ပေါ်နိုင်သလဲဆိုတဲ့ ခန့်မှန်းချက်

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးစေရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ မြို့ကြီးတစ်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဖြစ်ပေါ်နိုင်တဲ့ မီးလောင်ကျွမ်းမှုအန္တရာယ်ကနေ မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြပါမလဲ။ ဘာတွေကို ပြင်ဆင်ထားရမလဲ ဆိုတာကို လေ့လာကြပါမယ်။
ဂျပန်ရဲ့ မြို့တော် တိုကျိုမြို့ရဲ့မြေအောက် တစ်နေရာကနေ ကြီးမားတဲ့ငလျင်လှုပ်ခတ်မှုတစ်ခုဖြစ်ခဲ့ရင် ဘယ်လို မီးလောင်ပျက်စီးမှုမျိုးတွေ ဖြစ်လာနိုင်တယ် ဆိုတာ ခန့်မှန်းထားချက်ကို လေ့လာကြည့်ကြရအောင်။
အစိုးရက တွက်ချက်ထားတာ အရဆို တိုကျိုမှာငလျင်လှုပ်လို့ အဆိုးဝါးဆုံး အချိန်ဆိုရင် လူပေါင်း ၂၃၀၀၀ လောက် အထိ သေဆုံးနိုင်ပါတယ်။ စီးပွားရေးအရ ထိခိုက်နစ်နာနိုင်တဲ့ တန်ဖိုးဟာ ယန်း ၉၅ ထရီလီယံ ဒါမဟုတ် အမေရိကန်ဒေါ်လာ ၆၈၀ ဘီလီယံလောက်အထိ ဖြစ်သွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
တိုကျိုမှာ ကြီးမားတဲ့ ငလျင်တစ်ခု လှုပ်ခတ်တာနဲ့ အကြီးအကျယ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် မေလမှာ ငလျင် ခန့်မှန်းချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ဆောင်းရာသီညနေပိုင်းမှာတစ်နာရီကို ၂၉ ကီလိုမီတာနှုန်းနဲ့ လေတိုက်နေပြီး မဂ္ဂနိကျု ၇.၃ပြင်းအား အဆင့်ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တယ်ဆိုရင် တိုကျိုမှာရှိတဲ့ အဆောက်အဦ ၁၁၂,၀၀၀ လောက် မီးလောင်ပြီး ပျက်စီးမယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီငလျင်ကြောင့် သေဆုံးသူစုစုပေါင်း ၆၁၄၈ ဦးရဲ့ ၄၀ ရာခိုင်နှုန်းကျော် လူ ၂၄၈၂ ဦး ဒါမှမဟုတ် က မီးဘေးသင့်ပြီး သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ Japan Railway ရဲ့ Yamanote ရထားလိုင်းပြေးဆွဲတဲ့ ဘူတာတွေတစ်ဝိုက်က အထပ်မြင့်ကွန်ကရစ် အဆောက်အအုံရှိတဲ့ မြို့လယ်ခေါင် ရပ်ကွက်တွေကတော့ မီးကူးစက် လောင်ကျွမ်းတာမျိုး မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း သစ်သားပျဉ်ထောင်အိမ်တွေ အများအပြားရှိတဲ့ ရပ်ကွက်တွေ များပြားတဲ့ Yamanote လိုင်းရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းက ဧရိယာတွေမှာတော့ အိမ်တွေ မီးလောင်ကျွမ်းမှု များနိုင်တာကြောင့် ပျက်စီးမှု များနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၄ ငလျင်လှုပ်ပြီးနောက်တစ်ပြိုင်နက်တည်း မီးလောင်မှုတွေ ဖြစ်ပေါ်လာမယ့်အခြေအနေ ခန့်မှန်းချက်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးစေရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ မြို့ကြီးတစ်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်ပြီးရင် မီးလောင်ကျွမ်းမှုအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့အတွက် မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဘာတွေကို ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာပါမယ်။
မြို့ကြီးမှာ ငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီးနောက် မှာ တစ်ပြိုင်နက်တည်း မီးလောင်မှုတွေ ဖြစ်ပေါ်လာမယ့် အကြောင်း လေ့လာကြရအောင်။
မြို့တော်တိုကျိုနဲ့ အနီးတစ်ဝိုက်က မြေအောက်တစ်နေရာမှာ မဂ္ဂနိကျု ၇ ပြင်းအားအဆင့်ရှိတဲ့ ငလျင်ကြီး တစ်ခုလှုပ်တာနဲ့တစ်ပြိုင်နက် ငလျင်ဗဟိုချက်ဧရိယာတွေမှာ မီးလောင်ကျွမ်းမှု ၂,၀၀၀ လောက် ဖြစ်ပွားနိုင်တယ်လို့ ဂျပန်အစိုးရက ခန့်မှန်းထားပါတယ်။ အဲဒီထဲက မီးလောင်ကျွမ်းမှု ၆၀၀ လောက်ဟာ အချိန်မီ မီးမငြှိမ်းသတ်နိုင်ဘဲ အကြီးအကျယ် ကူးစက်လောင်ကျွမ်းမှုတွေ ဖြစ်လာနိုင်တယ်လို့ အစိုးရက ဆိုပါတယ်။
အထူးသဖြင့် ပျဉ်ထောင်အိမ်တွေ များတဲ့ ဧရိယာတွေက မီးဘေးအန္တရာယ် များပါတယ်။ အဲဒီလို ရပ်ကွက်တွေမှာ လမ်းတွေကလည်း ကျဉ်းမြောင်းပြီး အနီးက တခြားအဆောက်အအုံတွေကိုပါ မီးကူးလွယ်ပါတယ်။
တိုကျိုမြို့လယ်ဧရိယာကို အဲဒီလို သစ်သားအိမ်တွေ ထူထပ်များပြားတဲ့ မြို့နယ်တွေက ဝန်းရံထားပြီး သစ်သားအိမ်တွေများတဲ့ ဧရိယာက စုစုပေါင်းဟက်တာ ၁၃၀၀၀ အကျယ်အဝန်း ရှိပါတယ်။ တိုကျိုမီးသတ်ဌာနက သစ်သားနဲ့ ဆောက်ထားတဲ့အိမ်တွေနဲ့ ပြည့်ကျပ်နေတဲ့ Suginami မြို့နယ်ထဲက လူနေရပ်ကွက်မှာရှိတဲ့ အိမ်တစ်အိမ်ကနေ မီးစတင်ကူးစက်ပြီး ပြန့်ပွားလောင်ကျွမ်းသွားတာကို အသွင်ယူ စမ်းသပ်မှု ပြုလုပ်တဲ့အခါ ငလျင်လှုပ်ပြီးပြီးချင်း စလောင်တဲ့ မီးကို ချက်ချင်း မငြိမ်းနိုင်ဘူးဆိုရင် အဲဒီကနေ ၇၆ နာရီအတွင်း အဆောက်အအုံ ပေါင်း ၁၃,၀၀၀ ကို မီးကူးစက်လောင်ကျွမ်း ပြာကျသွား နိုင်တယ်ဆိုတာကို တွေ့ခဲ့ကြပါတယ်။
မီးလောင်ပြီး ပြိုကျပျက်စီးသွားနိုင်တဲ့ အဆောက်အဦအုပ်စုကို “Community of Common Fire Destiny” လို့ ခေါ်ကြပါတယ်။ တိုကျိုတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တိုကျိုမြို့မှာ အနည်းဆုံး ဒီလို မီးလောင်လွယ်တဲ့ အဆောက်အဦပေါင်း ၃၀၀၀ ရှိပြီး အဲဒီလိုအဆောက်အဦတွေ စုဝေးနေတဲ့နေရာ ၇၀ ရှိတယ်ဆိုတာ သိခဲ့ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၅ မီးမုန်တိုင်းဆိုတာ ဘာလဲ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးစေရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ မြို့ကြီးတစ်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးရင် မီးလောင်ကျွမ်းမှုအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့ အတွက် မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဘာတွေကို ပြင်ဆင်ထားရမလဲ ဆိုတာကို သိအောင် လေ့လာကြပါမယ်။
ဒီတစ်ခေါက်မှာတော့ ငလျင်တွေလှုပ်ခတ်အပြီး မြို့ပြတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ မီးလောင်ပုံတစ်မျိုး ဖြစ်တဲ့ မီးမုန်တိုင်းအကြောင်း လေ့လာကြရအောင်။
မီးမုန်တိုင်းဆိုတာဟာ မီးလောင်နေတဲ့နေရာမှာ ဖြစ်စေ၊ မီးလောင်နေတဲ့ နေရာအနီးတစ်ဝိုက်မှာ ဖြစ်စေ ဖြစ်ပေါ်လာတဲ့ လေပွေအမျိုးအစား တစ်ခု ဖြစ်ပါတယ်။ မီးမုန်တိုင်း ၂မျိုး၂စားရှိပါတယ်။ မီးတောက်မီးလျှံတွေနဲ့လောင်နေတဲ့မီးမုန်တိုင်း လေပွေနဲ့ မီးတောက်မီးလျှံမပါတဲ့ မီးမုန်တိုင်းလေပွေ ဖြစ်ပါတယ်။
မီးတောက်မီးလျှံပါတဲ့ လေပွေမုန်တိုင်းတွေဟာ တခါတရံ ကောင်းကင်ထိအောင် မြင့်တက်တတ်ပြီး မီးတောက်ကြီးတွေဟာ အမြင့်မီတာ ၂၀၀ ကျော်အထိရှိနိုင်ပါတယ်။ အားကောင်းတဲ့လေပြင်းတွေကြောင့် အလွန်ကြီးမားတဲ့ မီးလျှံ လေဆင်နှာမောင်းတစ်ခု အသွင်ပြောင်းသွားရာကနေ အဆောက်အဦတွေ၊ လူတွေကိုပါ အဲဒီမီးတောက်ကြီးက ဝါးမြို သယ်ယူသွားပြီး မြို့တစ်ခုလုံး မီးလောင်ပြာကျသွားနိုင်တဲ့အထိ လောင်ကျွမ်းနိုင်ပါတယ်။ မီးမုန်တိုင်းက မီးမှုန်မီးမွှားတွေပြန့်နှံ့ ဖြာကျတာဟာ ကျယ်ပြန်တဲ့ဧရိယာ အထိရောက်နိုင်တာကြောင့် မီးလောင်မှု မဖြစ်သေးတဲ့ နေရာတွေကိုပါ မီးကူးစက်လောင်ကျွမ်းသွားစေတတ် ပါတယ်။
မီးအကြီးအကျယ်လောင်နေတဲ့ နေရာကနေ လေတိုက်ခတ်တဲ့ဘက်ကို ပျံတက်လာတဲ့ သဲတွေ၊မီးခိုးတွေနဲ့ ပေါင်းစပ်ပြီး မည်းမှောင်နေတဲ့ မီးခိုးတွေပေါင်းစပ်ပြီး အမဲရောင် လေဆင်နှာမောင်းကြီးအဖြစ် ပြောင်းလဲသွားနိုင်ပြီး မီးတောက်မီးညွှန့်တွေမပါပေမယ့် အန္တရာယ်ရှိပြီး ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
မီးမုန်တိုင်းတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်တဲ့အခါ အပေါ်ကို မြင့်တက် သွားတဲ့ လေစီးကြောင်း နဲ့ ပတ်ဝန်းကျင်က လေတွေ ပေါင်းစပ်ရာကနေ ဖြစ်လာ တာလို့ ယူဆကြပါတယ်။ အနက်ရောင် လေဆင်နှာမောင်းလိုမျိုး မီးမုန်တိုင်းတွေဟာ တခါတရံမှာ မီးအကြီးအကျယ်လောင်နေတဲ့နေရာရဲ့ လေအောက်ဘက်ခြမ်းမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် ည အမှောင်ထု ကျရောက်လာတဲ့ အခါမျိုးမှာ အမဲရောင် မီးမုန်တိုင်းချဉ်းကပ်လာတာ ကိုလူတွေဟာ မသိနိုင်တဲ့အတွက် ဒီမီးမုန်တိုင်း အမျိုးအစားဟာ လူအသေအပျောက် ကြီးကြီးမားမား ဖြစ်ပေါ်စေနိုင်ပါတယ်။
မီးမုန်တိုင်းတွေဟာ သာမန်မီးလောင်မှုတွေလိုမျိုး မဟုတ်ဘဲ တစ်နေရာကနေ တစ်နေရာကို ရွေ့လျားနေတာကြောင့် ဘယ်လမ်းကြောင်းကို ဦးတည်ရွေ့လျားမယ် ဆိုတာ ခန့်မှန်းဖို့ ခက်ခဲပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၆ ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ဖြစ်စေတဲ့ မီးမုန်တိုင်းကြီး ဖြစ်ပေါ် နိုင်ပါတယ်

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးစေရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ မြို့ကြီးတစ်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးရင် မီးလောင်ကျွမ်းမှုအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့အတွက် မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဘာတွေကို ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာပါမယ်။
ဒီတစ်ခေါက်မှာတော့ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေမှာ ကြီးမားတဲ့ မီးမုန်တိုင်းကြောင့် ဘယ်လို ထိခိုက်ပျက်စီးစေခဲ့သလဲဆိုတာကို ကြည့်ကြရအောင်။
၂၀၁၁ ခုနှစ် မတ်လက ဂျပန်အရှေ့မြောက်ပိုင်းမှာ ငလျင် ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး အဲဒီနောက်မှာ ကြီးမားတဲ့ မီးမုန်တိုင်း ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် Miyagiခရိုင် Kesennuma မြို့မှာ မီးသတ်သမားတွေက မီးငြှိမ်းသတ်နေတုန်း ဧရာမ မီးညွန့်မီးတောက်ကြီးတွေက အလိပ်လိုက် ရုတ်တရက် ထွက်ပေါ်လာခဲ့ ပါတယ်။
လုံးပတ်ကြီးမားတဲ့ မြွေကြီးတစ်ကောင် ကောင်းကင်ပေါ်ကို တဖြည်းဖြည်း ရစ်ပတ်ပြီး တက်သွားသလိုမျိုး မီးလောင်ကျွမ်းနေတဲ့ အရာဝတ္ထုတွေက မီးလှိုင်းလုံးကြီးတွေကြားမှာ အလိပ်လိုက် ပါနေပြီး မိုးပေါ်ကို မြွေလို လိမ်ကောက်တက်သွားနေတာ မြင်ရတယ်လို့ ဒါကိုတွေ့လိုက်တဲ့သူတွေထဲက တစ်ဦးက ပြောပြပါတယ်။
အဲဒီ တွန့်လိပ်တက်နေတဲ့ မီးမုန်တိုင်းကြီး ဟာ အမြင့် ၂၃၀ မီတာရှိပြီး ဗြက်အကျယ် ၁၃၀ မီတာ အကျယ်ရှိခဲ့တယ်လို့ အဲဒီနောက်ပိုင်းမှာ ကျွမ်းကျင်သူတွေက လေ့လာသုံးသပ်ထားတဲ့ အဖြေကို ပြောကြားခဲ့ပါတယ်။
၁၉၂၃ ခုနှစ် Kanto မဟာငလျင်ကြီးမှာလည်း ငလျင်အပြီးမှာ ဖြစ်ပွားခဲ့တဲ့ မီးဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူပေါင်း ၃၈,၀၀၀ ရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာငလျင်ကြောင့်သေဆုံးခဲ့ရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ မီးမုန်တိုင်းတွေကြောင့် ဆုံးပါးခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ငလျင်လှုပ်ပြီး ၁ နာရီကနေ ၃၄ နာရီအတွင်း တိုကျိုမှာ မီးမုန်တိုင်းဖြစ်ပွားခဲ့တာ အကြိမ် ၁၁၀ ရှိပြီး ယိုကိုဟားမားမှာ အကြိမ် ၃၀ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တချို့မီးမုန်တိုင်းဆိုရင် လေထဲကို လူတွေ၊ တွန်းလှည်းတွေ၊ သစ်သားတွေနဲ့ တခြားအရာဝတ္ထုတွေကို စုပ်ယူသယ်ဆောင်ပြီး ၂ ကီလိုမီတာကျော် အကွာအဝေးအထိ ရွေ့လျားပြီး သွားနေခဲ့တာမျိုးတောင် ရှိခဲ့ပါတယ်။
တိုကျိုလိုမျိုး လူနေထူထပ်တဲ့ မြို့ကြီးပြကြီးတွေမှာ မီးမုန်တိုင်းတွေကြောင့် လူသေဆုံးမှုတွေ အများကြီး ဖြစ်ပေါ်စေနိုင် တဲ့အတွက် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားကြဖို့ လိုအပ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၇ မီးမုန်တိုင်းတွေရဲ့ အန္တရာယ်ကို ဘယ်လို ကာကွယ်မလဲ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးစေရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ မြို့ကြီးတစ်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးရင် မီးလောင်ကျွမ်းမှုအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့အတွက် မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဘာတွေကို ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာပါမယ်။
ဒီတစ်ခေါက်မှာတော့ မီးမုန်တိုင်း အန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို လေ့လာကြရအောင်။ အရင်ဆုံး မီးမုန်တိုင်းနဲ့ ကြုံရချိန်မှာ ဘာလုပ်သင့်သလဲ ကြည့်ရအောင်။  
National Research Institute of Fire and Disaster( မီးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံ့သုတေသနဌာန)ရဲ့ သုတေသီ Shinohara Masahiko က မီးမုန်တိုင်းတွေ ဖြစ်ပေါ်ပုံနဲ့ မီးမုန်တိုင်း အကြောင်းကို နည်းနည်းပဲသိသေးတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ဘယ်လို ကာကွယ်လုပ်ဆောင်ရမယ်ဆိုတာကို တိကျတဲ့နည်းလမ်း သတ်မှတ်ထားမှု မရှိသေးဘူးလို့ သူကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အရင်တုန်းက ဖြစ်ခဲ့တဲ့ မီးမုန်တိုင်းရဲ့ အချက်အလက်တွေ၊ ပြန်လည်ပြောကြားခဲ့တဲ့ သက်သေတွေရဲ့ အထောက်အထားတွေကို အခြေခံပြီး အခုလို အကြံပြုထားပါတယ်။
● မီးလောင်နေတဲ့ ဧရိယာကျယ်ပြန့် တယ်ဆိုရင် အရှိန်အဟုန်ပြင်းပြီး ကြီးမားတဲ့ မီးမုန်တိုင်းတွေ ဖြစ်ပွားလေ့ရှိတာကြောင့် မီးကူးစက်လောင်ကျွမ်းနေတဲ့ ဧရိယာနဲ့ အနီးတစ်ဝိုက်ကို မသွားပါနဲ့။
● လေတိုက်နေတဲ့ဘက်မှာ သွားမနေမိပါစေနဲ့။ ဘာ့ကြောင့်လဲဆိုတော့ တစ်ခါတစ်ရံ အနက်ရောင် လေဆင်နှာမောင်းလို မီးမုန်တိုင်းတွေ ဖြစ်ပေါ်လာတတ်တာကြောင့် ဖြစ်ပါတယ်။
● မီးမုန်တိုင်း ကျရောက်နိုင်တယ်ဆိုတာကိုစောစောစီးစီး သိနိုင်အောင် မီးမုန်တိုင်းဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေကို သတိထား စောင့်ကြည့်ပါ။ ကောင်းကင်ကမဲမှောင်လာပြီး ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေ လေထဲဝဲပျံနေတာမျိုး၊ မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ဖြစ်တဲ့ မိုးခြိမ်းသံကြီးတွေကြားရတာမျိုး ဒီလက္ခဏာတွေက မီးမုန်တိုင်း ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
● မီးတောက်မီးညွှန့်တွေ မပါဘဲ အနက်ရောင်မီးခိုးလုံးကြီးတွေနဲ့ မီးလေပွေတွေကို အနီးအနားကို ရောက်လာပြီဆိုရင် သံကူကွန်ကရစ်နဲ့ ဆောက်လုပ်ထားတဲ့ ခိုင်ခံ့တဲ့အဆောက်အအုံဆီ ပြေးပါ။ အဆောက်အအုံထဲမှာ မှန်ပြတင်းပေါက်တွေနဲ့ ဝေးဝေးနေပါ။ ဒါမှမဟုတ် ခိုင်ခံ့တဲ့ အဆောက်အဦ နံရံတစ်ခုခုကို အကာအကွယ်ယူပြီး အဲဒီနောက်မှာ ကိုယ်ကိုဝပ်ပြီး ပုန်းခိုပါ။ မီးလေပွေကြောင့် ကားတွေ၊ သိုလှောင်ရုံတွေနဲ့ ဓာတ်တိုင်တွေလို အရာဝတ္ထုတွေဟာ မီးမုန်တိုင်းနဲ့အတူ လေပေါ်ဝဲပျံတက်သွားနိုင်တာမို့ အဲဒီနားကို မသွားပါနဲ့။
လို့ အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၈ ငလျင်လှုပ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း ဆက်တိုက် အများကြီး ဖြစ်ပွားတတ်တဲ့ မီးလောင်ကျွမ်းမှုတွေကနေ ဘယ်လို တိမ်းရှောင်မလဲ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးစေရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ မြို့ကြီးတစ်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးရင် မီးလောင်ကျွမ်းမှုအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့ အတွက် မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဘာတွေကို ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာပါမယ်။
ဒီတစ်ခေါက်မှာတော့ အင်အားပြင်း ငလျင်အကြီးကြီးတစ်ခု လှုပ်ခတ်ပြီးနောက် တစ်ပြိုင်နက်တည်း မီးလောင်မှုတွေ အများအပြား ဖြစ်ပေါ်လာချိန်မှာ ဘယ်လို တိမ်းရှောင်ထွက်ပြေးမလဲ ဆိုတာကို လေ့လာကြပါမယ်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ Hyogo တက္ကသိုလ်က ပါမောက္ခ Murosaki Yoshiteru က မြို့ပြဧရိယာတွေမှာ ငလျင်လှုပ်ပြီးတစ်ပြိုင်နက်တည်း ဖြစ်ပွားတဲ့ မီးလောင်မှုတွေကို သာမန်ချိန် ဖြစ်ပွားတဲ့ မီးလောင်ကျွမ်းမှုတွေလို သဘောမထားကြဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ငလျင်ကြီးတစ်ခုလှုပ်ပြီးပြီးချင်းမှာ ဘယ်နေရာတွေမှာ မီးလောင်နေတယ်ဆိုတာကို သိရခက်တာကြောင့် လူတွေဟာ ဘယ်ကိုဦးတည် ထွက်ပြေးရမယ်ဆိုတာကို မဆုံးဖြတ်နိုင် ဘဲ ရှိတတ်တာကြောင့် အလျင်အမြန် တုံ့ပြန်လှုပ်ရှားမှု မလုပ်နိုင်ကြဘူး လို့ သူက ပြောကြားခဲ့ပါတယ်။
မီးလောင်မှုဖြစ်နေတဲ့ နေရာက ဝေးတယ်ဆို ပြီး စိတ်ချထားလို့ မရပါဘူး။ ကိုယ့်အိမ်နားက လုံးချင်းအိမ်တစ်အိမ်က ဘာမှ မဖြစ်သလို မြင်နေရပေမဲ့ အိမ်ထဲကအခန်းအားလုံး ပျံ့နှံ့မီးလောင်မယ့် အနေအထားကို ရောက်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။
မီးလောင်မှု ဖြစ်လာတာတဲ့အပြင် မိမိကိုယ်တိုင် ဘေးလွတ်ရာ တိမ်းရှောင်ဖို့ အခက်တွေ့နိုင်တဲ့ တခြားအချက်တွေလည်း ရှိပါသေးတယ်။ သစ်သားအိမ်တွေအများအပြား တန်းစီရှိနေတဲ့ လမ်းကျဉ်းတွေ များတဲ့ ဧရိယာမှာ အိမ်အများအပြား ပြိုကျ ပျက်စီးနေတယ်ဆိုရင် အဲဒီနေရာကနေ တိမ်းရှောင်ထွက်ပြေးဖို့ ခက်ခဲပါလိမ့်မယ်။ လူအများသွားနိုင်ရုံပဲရှိတဲ့လမ်းလေးတချို့ထဲကို လူတွေ အများအပြားက ကတိုက်ကရိုက်ထွက်ပြေးကြမယ်ဆိုရင် ဝရုန်းသုံးကားဖြစ်ပြီး လူတွေပိတ်ဆို့အန္တရာယ်ဖြစ်စေတာမျိုးလည်း ရှိပါတယ်။
အဲဒီလို ဝရုန်းသုံးကား အခြေအနေမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ တိမ်းရှောင်ရေးစခန်းရှိတဲ့ နေရာတွေဆီ ဖြစ်နိုင်သမျှ အမြန်ဆုံး သွားရောက်တိမ်းရှောင်နေသင့်ပါတယ်။
မီတာ ၅၀၀ အကွာမှာ မီးခိုးလုံးတွေတက်လာတာ ၂ ခုထက်ပိုပြီး တွေ့ပြီဆိုရင် စတင် ထွက်ပြေးတိမ်းရှောင်သင့်တယ်လို့ မှတ်သားထားသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၉ ငလျင်လှုပ်ပြီးတစ်ပြိုင်နက်တည်း မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားနေရင် ဘယ်နေရာကို တိမ်းရှောင်ရမလဲ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးစေရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ မြို့ကြီးတစ်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးရင် မီးလောင်ကျွမ်းမှုအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့အတွက် မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဘာတွေကို ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာပါမယ်။
ဘေးအန္တရာယ်အမျိုးမျိုးကျရောက်တဲ့အခါ ထွက်ပြေး တိမ်းရှောင်ဖို့ နေရာအမျိုးမျိုးကို မိတ်ဆက်ပေးပါမယ်။ တစ်ပြိုင်နက်တည်း မီးလောင်မှုတွေအများကြီး ကြုံတွေ့ရတဲ့အခါ ဘယ်နေရာတွေကို တိမ်းရှောင်ရမလဲ။
ဂျပန်မှာ နေထိုင်သူတွေအတွက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက သတ်မှတ်ပေးထားတဲ့ တိမ်းရှောင်ရေးနေရာ ၂ မျိုး ရှိပါတယ်။ အဲဒါတွေကတော့ ဂျပန်လို 避難所(hinanjo) လို့ ခေါ်တဲ့ တိမ်းရှောင်ခိုလှုံရေး စင်တာ နဲ့ 避難場所(hinan basho) လို့ ခေါ်တဲ့ ဘေးကင်းတိမ်းရှောင်ရမယ့် စုရပ်နေရာ တို့ ဖြစ်ပါတယ်။
တိမ်းရှောင်ခိုလှုံရေးစင်တာ hinanjo ကတော့ ဘေးအန္တရာယ်ကြောင့် မိမိအိမ်က နေလို့ မရတော့တဲ့အခြေအနေမျိုး ဖြစ်တဲ့အခါမျိုးမှာ တည်းခိုနေထိုင်လို့ရတဲ့ အဆောက်အဦတွေ ဖြစ်ပါတယ်။ မူလတန်း၊ အလယ်တန်းနဲ့အထက်တန်းကျောင်းတွေရဲ့ အားကစားရုံတွေ၊ အများပြည်သူသုံး ရပ်ကွက်ပိုင်အဆောက်အဦတွေကို တိမ်းရှောင်ရေးစခန်းတွေအဖြစ် သတ်မှတ်ထားပါတယ်။
hinan basho လို့ခေါ်တဲ့ ဘေးကင်းအောင် တိမ်းရှောင်ရမယ့် စုရပ်နေရာ တွေကတော့ ဘေးအန္တရာယ်တွေ ရှိနေတဲ့ နေရာကနေ ထွက်ပြေးပြီး မိမိအသက်ဘေးအတွက် အကာအကွယ်ပေးမယ့် နေရာတွေ ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်ထားတဲ့နေရာတွေထဲမှာ ကျယ်ဝန်းတဲ့ ပန်းခြံကြီးတွေနဲ့ မြစ်ကမ်းဘေး ဧရိယာတွေ ပါဝင်ပါတယ်။
တစ်ပြိုင်နက်တည်း မီးလောင်ကျွမ်းမှုတွေ အများအပြားဖြစ်နေရင် အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် အခြေခံအားဖြင့် အဲဒီလို ကွင်းပြင်ကျယ်လို တိမ်းရှောင်ရေးစုရပ်နေရာတွေကို ထွက်ပြေးသင့် ပါတယ်။ အဲဒီလိုနေရာမျိုးတွေက ပတ်ဝန်းကျင်က မြို့ရွာတွေထဲ မီးကူးစက်ပျံ့နှံ့နေရင်တောင် ဘေးကင်းစိတ်ချရတဲ့ အကွာအဝေးမှာရှိပြီး မီးလောင်ကျွမ်းမှုကြောင့် ဖြစ်တဲ့ အပူဒဏ် ကနေလည်း အန္တရာယ်မဖြစ်အောင် စိတ်ချရတဲ့ အကွာအဝေးရှိတဲ့ ကြီးမားကျယ်ပြန့်တဲ့ နေရာ အဖြစ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ကျောင်းကစားကွင်း ဒါမှမဟုတ် ကျောင်းကစားကွင်းနဲ့ အလားတူအကျယ်အဝန်းရှိတဲ့ ကွင်းပြင်တစ်ခုခုကို တိမ်းရှောင်ထွက်ပြေးတာက အန္တရာယ်များပါတယ်။ အဲဒီနေရာတွေဟာ ပျံ့နှံ့လာနေတဲ့မီးအန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့ လုံလောက်တဲ့ အကျယ်အဝန်းမဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ အဲဒီမှာ နေရင် အနီးဝန်းကျင်မှာ ပျံ့နှံ့လောင်ကျွမ်းနေတဲ့ မီးတွေရဲ့ အပူရှိန်ကနေ ထွက်လာတဲ့ လေပူတွေကို အချိန်ရှည်ကြာ ရှုရှိုက်မိစေနိုင်တာကြောင့် ဖြစ်ပါတယ်။
ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေက ဖြန့်ဝေပေးထားတဲ့ ဘေးအန္တရာယ်ပြမြေပုံတွေနဲ့ တခြားသက်ဆိုင်ရာ အချက်အလက်တွေကို ဖတ်ရှုပြီး တိမ်းရှောင်နိုင်ဖို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ hinanjo တိမ်းရှောင်ခိုလှုံရေးစင်တာတွေနဲ့ hinan basho ဘေးကင်းတဲ့ တိမ်းရှောင်ရမယ့် စုရပ်နေရာတွေကို ကြိုတင် လေ့လာထားဖို့ လိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၁၀     မိမိနေအိမ်ကိုမဖြစ်မနေ ပြန်ဖို့ ကြိုးစားခြင်းရဲ့ အန္တရာယ်

မြို့ကြီးတစ်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးရင် မီးလောင်ကျွမ်းမှုအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့အတွက် မိမိကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဘာတွေကို ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာပါမယ်။ ဘာတွေကို ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာနေပါတယ်။ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်လာတဲ့အခါ ကိုယ်က တိုကျိုမြို့လယ်မှာ ရှိနေတယ်ဆိုရင် ဘာတွေ လုပ်ဆောင်သင့်သလဲ ဒီတစ်ခါ လေ့လာကြည့်ကြရအောင်။
တိုကျိုမြို့လယ်ဟာ ရုံးတွေနဲ့ ကုမ္ပဏီတွေ၊လုပ်ငန်းခွင်တွေ အများကြီး ရှိတဲ့နေရာဖြစ်တာကြောင့် နေ့အချိန်မှာ လူအများအပြား ရှိနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ နေ့အချိန်မှာ ငလျင်တစ်ခုလှုပ်ခတ်ခဲ့မယ် ဆိုရင် အိမ်ပြန်ဖို့ကြိုးစားတဲ့ လူတွေနဲ့ လမ်းတွေမှာ ပြည့်နေပါလိမ့်မယ်။ ၂၀၁၁ ခုနှစ် ဂျပန်အရှေ့ပိုင်းငလျင်ကြီးဟာ သောကြာနေ့ မွန်းလွဲပိုင်းမှာ လှုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငလျင်ကြောင့် တိုကျိုမှာ ရထားပြေးဆွဲမှုတွေ ရပ်တန့်သွားခဲ့ပြီး လက်ကိုင်ဖုန်းအများစု လိုင်းတွေ ပြတ်တောက်သွားခဲ့ပါတယ်။ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၅.၁၅ သန်းဟာ အလျှင်စလိုအိမ်ပြန်ဖို့ ကြိုးစားရင်း တိုကျိုမြို့တော်အတွင်းက ဧရိယာတွေထဲမှာ တောက်လျှောက် လမ်းလျှောက် သွားနေခဲ့ကြပါတယ်။
လူတွေရဲ့ အဲဒီလိုလုပ်ဆောင်တဲ့ အပြုအမူတွေဟာ ငလျင်လှုပ်ပြီးနောက် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်တဲ့ မီးလောင်ကျွမ်းမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ပိုပြီး ဖြစ်လာစေ နိုင်ပါတယ်။ တိုကျိုရဲ့မြေအောက်ကို တိုက်ရိုက်ဗဟိုပြုတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရင် တိုကျိုမြို့လယ်ခေါင်မှာ doughnut ပေါင်မုန့်ကွင်း ပုံသဏ္ဍာန်မျိုး မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်လိမ့်မယ်လို့ အစိုးရအဖွဲ့ကျွမ်းကျင်သူများကော်မတီက ခန့်မှန်းတွက်ချက် ထားပါတယ်။ တိုကျိုမြို့လယ်ခေါင်မှာရှိတဲ့ အဆောက်အဦ အများအပြားက သံကူကွန်ကရစ်လိုမျိုး ပစ္စည်းတွေနဲ့ အခိုင်အခန့် ဆောက်လုပ်ထားတာကြောင့် မီးဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။
အဲဒါကြောင့် မြို့လယ်ဧရိယာအတွင်းမှာ မီးအနည်းငယ်ပဲ လောင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ငလျင်လှုပ်ပြီးတဲ့နောက် မြို့လယ်မှာ ရှိနေတဲ့လူတွေက အရပ်၈မျက်နှာကို ဖြန့်ကျက်ပြီး အိမ်ပြန်ဖို့ ကြိုးစားကြရင် ကိုယ့်ကိုယ်ကိုယ် လမ်းမှာ မီးလောင်တဲ့အထဲ ပါသွားအောင် လုပ်သလိုမျိုး ဖြစ်စေနိုင်ပါတယ်။ မိမိတို့ဟာ တိုကျိုမြို့လယ်ခေါင် ဒါမှမဟုတ် တခြားနေရာတွေက ခိုင်ခံ့တဲ့ အဆောက်အအုံတွေထဲမှာ ရောက်ရှိနေတယ်ဆိုရင် စွန့်စားပြီး အိမ်ပြန်ဖို့ ကြိုးစားကြမယ့်အစား အဲဒီနေရာတွေမှာပဲ ဆက်နေကြဖို့ အစိုးရက အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။