ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

မိုးကြိုးပစ်ခြင်း အန္တရာယ်ကနေ မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ

အပိုင်း −၁      ဘယ်အချိန်မှာ မိုးကြိုးပစ် တတ်သလဲဆိုတာ သိထားရန်

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးရေး ဆိုင်ရာ ဗဟုသုတတွေကို NHK က မျှဝေပေးနေပါတယ်။ ဂျပန်နိုင်ငံမှာ လူတွေ မကြာခဏ မိုးကြိုးပစ်ခံရပြီး သေဆုံးလေ့ ရှိပါတယ်။ တစ်လကို အကြိမ်ရေတစ်သိန်းလောက် မိုးကြိုးပစ်တတ် ပြီး မိုးကြိုးအပစ်များတဲ့လတွေဆိုရင် အကြိမ်ရေတစ်သန်း အထိ မိုးကြိုးပစ်လေ့ ရှိတတ်ပါတယ်။
အထူးသဖြင့် လေထုအတွင်း မတည်ငြိမ်မှုများတဲ့ နွေရာသီကာလ အတွင်းမှာ မိုးကြိုးပစ်လေ့ရှိပါတယ်။ ဒီတစ်ကြိမ်မှာတော့ မိုးကြိုး အန္တရာယ်ကနေ ဘယ်လိုရှောင်ရှားကြမလဲ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်မလဲဆိုတာကို လေ့လာကြည့်ပါမယ်။
အလိပ်လိုက် တိမ်တောင်ကြီးတွေလိုမြင်ရရတဲ့ Cumulonimbus မိုးတိမ်တိုက်ကြီးတွေကြောင့် မိုးကြီးတာ၊ လေပြင်းတိုက်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်စေနိုင်ပါတယ်။ မိုးခြိမ်းသံကြားတာနဲ့ တစ်ပြိုင်နက် လုံခြုံတဲ့အဆောက်အအုံတွင်းကို ချက်ချင်းဝင်ရောက် ခိုလှုံပါ။ လျှပ်စီးလက်တာကို မြင်ပြီး မိုးခြိမ်းသံကြားရတဲ့အထိကြား မှာ အချိန်တစ်ခု အကွာအဝေးရှိရင်တောင်မှ ဘေးကင်းမယ်လို့ အာမမခံနိုင်ပါဘူး။
အသံရဲ့မြန်နှုန်းဟာ တစ်စက္ကန့်ကို မီတာ ၃၄၀ လောက် ရှိပါတယ်။ ဥပမာ ကောင်းကင်မှာ လျှပ်စီးလက်သွားတာကိုမြင်ပြီး ၁၀ စက္ကန့် အကြာမှာ မိုးခြိမ်းသံကြားတယ်ဆိုရင် ၃.၄ ကီလိုမီတာ အကွာအဝေး လောက်မှာ မိုးကြိုးပစ်သွားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ မိုးကြိုးတိမ်တွေရဲ့ အရွယ်အစားဟာ ကီလိုမီတာ သုံးလေးငါးဆယ် မက ရှည်လျားပါတယ်။ ဒါ့ကြောင့် မိုးခြိမ်းသံကြားချိန်မှာ သင်ဟာ မိုးကြိုးတိမ်တိုက်ကြီးအောက်မှာ ရောက်နေတာဖြစ်လို့ အချိန်မရွေး မိုးကြိုး ပစ်ချခံရနိုင်တယ်လို့လည်း ပြောလို့ရပါတယ်။
ဒါ့အပြင် တိမ်တောင်တိမ်တိုက်ကြီးတွေဖြစ်နေတဲ့ cumulonimbus မိုးတိမ်တိုက်တွေ မိမိရောက်နေတဲ့ နေရာအနီးကို ရောက်လာတယ် ဆိုရင် ရုတ်တရက် မိုးကောင်ကင်မဲမှောင်လာပြီး၊ လေအေးတွေ တိုက်လာတာ ဒါမှမဟုတ် ရုတ်တရက် မိုးသီးကြွေတာ စတဲ့လက္ခဏာ တွေ အပါအဝင် ရုတ်တရက် ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်တတ် တာကြောင့် အမြဲသတိရှိနေသင့်ပါတယ်။
မိုးလေဝသအေဂျင်စီက မိုးကြိုးပစ်မယ့် ရာသီဥတု အခြေအနေကို အရေးပေါ်သတိပေးချက်ထုတ်ပြန်တယ် ဆိုရင် အပြင်ထွက်တာ ရှောင်ကြဉ်တာ ဒါမှမဟုတ် မိုးရွာတာ ရပ်တဲ့အထိ စောင့်ဆိုင်းပြီးမှ သွားတာမျိုး လုပ်သင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၂ မိုးကြိုးပစ်ခံရနိုင်ခြေများတဲ့ နေရာများ။
(၁) ကွင်းပြင်ကျယ်နဲ့ ပင်လယ်

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ ဂျပန်မှာ လူတွေ မကြာခဏ မိုးကြိုးပစ်ခံရပြီး သေဆုံးလေ့ရှိပါတယ်။ အထူးသဖြင့် လေထုအခြေအနေ မတည်ငြိမ်တဲ့ နွေရာသီကာလ အတွင်းမှာ မိုးကြိုးပစ်လေ့ရှိပါတယ်။ မိုးကြိုးအန္တရာယ်ကနေ မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်ကြပါမလဲ။ ဒီတစ်ခါ မိုးကြိုးပစ် နိုင်ခြေ မြင့်မားတဲ့နေရာတွေက ဘယ်လိုနေရာမျိုးတွေလဲ ဆိုတာကို လေ့လာကြရအောင်။
လွင်ပြင်တွေ၊ ကမ်းခြေတွေ၊ တောင်ထိပ်တွေ ဒါမှမဟုတ် တောင်ထိပ် ပိုင်းက တောင်ကြောတစ်လျှောက်ဟာ ဟင်းလင်းပြင်ဖြစ်နေတဲ့ နေရာတွေဖြစ်တာကြောင့် လူတစ်ယောက် ရပ်နေတယ်ဆိုရင် မိုးကြိုး ထိမှန်နိုင်ခြေ ပိုများပါတယ်။ ဂေါက်ကွင်း ဒါမှမဟုတ် တဲထိုးပြီး တောစခန်းချတဲ့နေရာ ဒါမှမဟုတ် အားကစားလုပ်တဲ့ ကွင်းပြင်တွေ ဟာ အနီးနားမှာ အထပ်မြင့်အဆောက်အဦတွေမရှိတဲ့ မြေပြန့် ဟင်းလင်းပြင်လို နေရာမျိုးဖြစ်တာကြောင့် အဲဒီနေရာမှာ မတ်တပ်ရပ်နေတဲ့အခါ အန္တရာယ်များပါတယ်။
ဘေ့စ်ဘောကွင်းတွေနဲ့ တခြားအားကစားကွင်းတချို့မှာ မိုးကြိုး လွှဲတိုင်တွေ တပ်ဆင်ထားပေမဲ့လည်း အချင်းဝက် ၁၂ မီတာကျော် ဧရိယာအတွင်းကိုသာ အကာအကွယ်ပေးပါတယ်။ ကွင်းပြင် ကျယ်ရင်ကျယ်သလို မိုးကြိုးလွှဲ မတပ်ထားတဲ့ နေရာတွေမှာ မိုးကြိုး ပစ်ချနိုင်တဲ့ အန္တရာယ်ဟာ ရှိနေဆဲ ဖြစ်ပါတယ်။
မြင့်မားပြီး ထီးထီးကြီးဖြစ်နေတဲ့ အရာတွေဟာ မိုးကြိုးပစ်ခံရနိုင်ခြေ မြင့်မားပါတယ်။ အနီးဝန်းကျင်မှာ မြင့်မားတဲ့အရာဝတ္ထုတွေ မရှိတဲ့ ပင်လယ်ပြင်ထဲမှာရောက်နေလည်း အလားတူ အန္တရာယ်ရှိပါတယ်။ ပင်လယ်ရေပြင် ကိုဖြတ်လာတဲ့ မိုးကြိုးကနေလာတဲ့ လျှပ်စီးကြောင်း ကြောင့် ဓာတ်လိုက်ပြီး ရေနစ်သေဆုံးခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါ တယ်။
၂၀၁၆ ခုနှစ် ဇူလိုင်လက အိုကီနာဝါခရိုင် Itoman မြို့ ကမ်းခြေ တစ်လျှောက်မှာ မိုးကြိုးပစ်ခံရပြီး လူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ပင်လယ် ရေမျက်နှာပြင်ပေါ်မှာ ရှိနေတာ မဟုတ်ဘူးဆိုပြီး ဘေးကင်း ပြီလို့ ယူဆလို့မရတာကို ပြပါတယ်။
ပင်လယ်ထဲမှာ မိုးကြိုးပစ်မယ့် အရိပ်လက္ခဏာကို သတိပြုမိရင် ရေထဲက ချက်ချင်းတက်ပြီး ကြီးမားခိုင်ခံ့တဲ့ အဆောက်အဦတစ်ခုခု မှာ ဝင်ရောက်ခိုလှုံပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၃ မိုးကြိုးပစ်ခံရနိုင်ခြေများတဲ့ နေရာများ။
(၂) သစ်ပင်အောက်တွေနဲ့ ပွဲတွေ ပြုလုပ်တဲ့ ကွင်းပြင်ကျယ်နေရာများ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ ဂျပန်မှာ လူတွေ မကြာခဏ မိုးကြိုးပစ်ခံပြီး သေဆုံးကြရပါတယ်။ အထူးသဖြင့် လေထုအခြေအနေ မတည်ငြိမ်တဲ့ နွေရာသီကာလ အတွင်းမှာ မိုးကြိုးပစ်လေ့ရှိပါတယ်။ မိုးကြိုးအန္တရာယ်ကနေ မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်ကြပါမလဲ။ အခု မိုးကြိုးပစ်နိုင်ခြေ မြင့်မားတဲ့နေရာတွေက ဘယ်လိုနေရာမျိုးတွေလဲ ဆိုတာကို ဆက်ပြီး လေ့လာကြရအောင်။
မိုးကြိုးပစ်နိုင်တဲ့ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာဆိုရင် သစ်ပင် အောက်မှာ ခိုဝင်တာမျိုး မလုပ်ပါနဲ့၊ မိုးကြိုးပစ်ရာကနေထွက်လာတဲ့ လျှပ်စီးကြောင်းဟာ သစ်ပင်ကနေတစ်ဆင့်လျှပ်စစ်စီးလွယ်တဲ့ လူရဲ့ခန္ဓာကိုယ်ထဲကို စီးဝင် ဓာတ်လိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။ အဲဒီလို ဖြစ်စဉ်မျိုးကို “side flash” လို့ခေါ်ပြီး မိုးကြိုးလျှပ်စစ် ခုန်ကူးခြင်းဖြစ်ပါတယ်။ သစ်တောတွေ ဒါမှမဟုတ် သစ်ပင်တွေ ထူထပ်ပေါများစွာ ပေါက်ရောက်နေတဲ့ နေရာတွေဟာလည်း စိတ်မချ ရပါဘူး။ ဒါပေမဲ့ အမြင့် ၅ မီတာကနေ ၃၀ မီတာရှိတဲ့ သစ်ပင်တစ်ပင်ရှိရင်၊ သစ်ပင်ကနေ ၄မီတာကျော် အကွာ သစ်ပင်ရဲ့ ထိပ်ကနေ ၄၅ ဒီဂရီ ကျတဲ့ အဝန်းအဝိုင်းတွင်းက မြေပြင်ဟာ အကာအကွယ်ပေးနိုင်တဲ့ နေရာလို့ သတ်မှတ်ပါတယ်။ အဲဒါကို “cone of protection” လို့ ခေါ်ပါတယ်။
ကွင်းပြင်မှာလုပ်တဲ့ ပွဲတော် ဒါမှမဟုတ် မီးရှူးမီးပန်းပွဲတွေ ပြုလုပ်တဲ့ ကွင်းပြင်လိုနေရာမျိုးတွေမှာ ရောက်နေတဲ့အခါ လူများတာ ကြောင့် စိတ်ထင်သလောက် လျင်လျင်မြန်မြန် တိမ်းရှောင် ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ် သြဂုတ်လက မီးရှူးမီးပန်းပွဲ ကျင်းပတဲ့ နေရာ Tama မြစ်ကမ်းအနီးနားမှာ မိုးကြိုးပစ်ခံရပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မြစ်ကမ်းပါး ၊ ပင်လယ်ကမ်းခြေနဲ့ တောင်ကုန်းအမြင့်က တောင်ကြောတွေလို နေရာမျိုး အနီးနားမှာ တိမ်းရှောင်ခိုလှုံဖို့ စိတ်ချရတဲ့နေရာမရှိတာမို့ မိုးကြိုး ပစ်တဲ့ အန္တရာယ်ကျရောက်နိုင်ပါတယ်။ လူတွေနဲ့ ပြည့်ကျပ်နေတဲ့ နေရာတွေမှာဆိုရင်လည်း မိမိလိုချင်သလို မြန်မြန်ရွေ့လျားလို့ မရတာကြောင့် အချိန်မီထွက်ပြေးဖို့ ခက်ခဲပါလိမ့်မယ်။ အရေးအကြီးဆုံးက ရာသီဥတုအခြေအနေကို မကြာခဏ အကဲခတ် ပြီး အချိန်မနှောင်းခင် အဲဒီနေရာကနေ ထွက်ခွာဖို့ ဆုံးဖြတ်တာ ကောင်းပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၄ မိုးကြိုးအန္တရာယ်က လွတ်အောင် ဘယ်နေရာတွေကို တိမ်းရှောင်သင့်သလဲ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ ဂျပန်မှာ လူတွေ မကြာခဏ မိုးကြိုးပစ်ခံရပြီး သေဆုံးလေ့ရှိပါတယ်။ အထူးသဖြင့် လေထုအခြေအနေ မတည်ငြိမ်တဲ့ နွေရာသီကာလ အတွင်းမှာ မိုးကြိုးပစ်လေ့ရှိပါတယ်။ မိုးကြိုးအန္တရာယ်ကနေ မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်ကြပါမလဲ။ ဘယ်နေရာတွေကို တိမ်းရှောင်သင့်ပါသလဲ။ လေ့လာကြည့်လိုက်ကြရအောင်။
မိုးကြိုးအန္တရာယ်ကနေ လွတ်အောင် သံချောင်းထည့်လောင်းထားတဲ့ အားဖြည့်ကွန်ကရစ်အဆောက်အဦ သို့မဟုတ် တခြား ခိုင်ခံ့တဲ့ အဆောက်အဦတွေမှာ လုံခြုံစိတ်ချစွာ ခိုလှုံနိုင်ပါတယ်။ အဲဒီ အဆောက်အဦတွေကို မိုးကြိုးပစ်ခဲ့ရင်တောင် မိုးကြိုးရဲ့လျှပ်စစ်က အဆောက်အဦရဲ့ နံရံတွေထဲကို စီးဝင်ပြီး မြေကြီးထဲကို ရောက်သွားနိုင်တဲ့အတွက် ဘေးကင်းပါတယ်။ ခိုင်ခံ့တဲ့ သစ်သား အဆောက်အအုံတွေလည်း အန္တရာယ်ကင်းပါတယ်။ အိမ်အပြင်မှာ မိုးကြိုးပစ်နိုင်တဲ့ အန္တရာယ်နဲ့ကြုံရင် အနီးနားမှာရှိတဲ့ အဆောက်အဦ ထဲကို တိမ်းရှောင်ပါ။
ဒါ့အပြင် မော်တော်ကားတွေထဲမှာ၊ ရထားပေါ်မှာ၊ ဘတ်စ်ကားတွေနဲ့ လေယာဉ်တွေပေါ်မှာ ရှိရင်လည်း မိုးကြိုးအန္တရာယ်ကင်းပါတယ်။ ပြတင်းပေါက်အားလုံးကိုတော့ သေချာပိတ်ထားဖို့ လိုပါတယ်။ ကိုယ်စီးနေတဲ့ ယာဉ်ထဲက သတ္တုနဲ့လုပ်ထားတဲ့ အစိတ်အပိုင်းတွေကို ထိခြင်း၊ ကိုင်တွယ်ခြင်း မပြုဖို့ သတိထားပါ။
မိုးကြိုးပစ်မယ့်အန္တရယ်ရှိချိန်မှာ အပြင်ဘက်ကို ရောက်နေပြီး အနီးအနားမှာ တိမ်းရှောင်စရာ အဆောက်အဦတွေ မရှိတဲ့ အခြေအနေမျိုးဆိုရင် special squat position လို့ခေါ်တဲ့ မိုးကြိုး ပစ်တာကို ကာကွယ်တဲ့ ဆောင့်ကြောင့်ထိုင်နည်းနဲ့ ထိုင်ချလိုက်ပါ။ ခြေဖျားနှစ်ဖက်ထောက် ဒူးကွေးပြီး ဒူးကိုလက်နဲ့ပိုက် ထိုင်ချပါ၊ ခေါင်းကိုဒူးပေါ် ငုံ့ထားပါ။ မြေပြင်နဲ့ထိတွေ့မှု တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ထိုင်တဲ့အခါ ခြေဖနှောင့် ၂ ခုကိုပူးကပ်ပြီး မြေပြင်နဲ့မထိအောင် ခြေဖျားထောက်ထိုင်ပါ။ မိုးခြိမ်းသံကြောင့် နားစည်မထိခိုက်အောင် နားနှစ်ဘက်ကို လက်နှစ်ဖက်နဲ့ အုပ်ထားပါ။ ဒါ့အပြင် အိမ်အပြင်မှာသွယ်တန်း ထားတဲ့ လျှပ်စစ်ဝါယာကြိုးတွေက လျှပ်စစ်စီးစေတဲ့ မိုးကြိုးလွှဲ ဖြစ်တာကြောင့် လျှပ်စစ်ဝါယာကြိုးတွေ အောက်မှာ နေတာကလည်း မိုးကြိုးပစ်ခံရမယ့် အန္တရာယ်ကနေ လျော့နည်းစေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၅ မိုးကြိုးတိမ်တိုက်တွေ မရှိတော့တဲ့နောက် ဘယ်အချိန်မှာ အပြင် ပြန်ထွက်လို့ ရလဲ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ ဂျပန်မှာ လူတွေ မကြာခဏ မိုးကြိုးပစ်ခံရပြီး သေဆုံးလေ့ရှိပါတယ်။ အထူးသဖြင့် လေထုအခြေအနေ မတည်ငြိမ်တဲ့ နွေရာသီကာလ အတွင်းမှာ မိုးကြိုးပစ်လေ့ရှိပါတယ်။ မိုးကြိုးအန္တရာယ်ကနေ မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်ကြပါမလဲ။ အခုတစ်ခါ မိုးကြိုး တိမ်တိုက်တွေ ပျောက်ကွယ်သွားပြီးနောက် ဘယ်အချိန်မှာ မိမိရဲ့ လုပ်ငန်းဆောင်တာတွေ ပြန်စလုပ်လို့ ရပြီလဲဆိုတာကို လေ့လာ ကြည့်လိုက်ကြရအောင်။
စိတ်ချရတဲ့ အချိန်က မိုးခြိမ်းသံကိုမကြားရတာ မိနစ် ၃၀ ကြာပြီးတဲ့ အချိန် ဖြစ်ပြီး အဲဒီအချိန်မှာ မိမိရဲ့ လုပ်စရာရှိတာတွေ ပြန်စလုပ် နိုင်တယ်လို့ သတ်မှတ်ချက်ရှိပါတယ်။
မိုးတိမ်တိုက်တွေနဲ့ ပတ်သက်တဲ့ ရေဒါသတင်းအချက်အလက်တွေကို မိုးလေဝသအေဂျင်စီရဲ့ အင်တာနက်စာမျက်နှာ ဒါမှမဟုတ် NHK သတင်း အက်ပလီကေးရှင်းတွေကတစ်ဆင့် မိမိရဲ့အနီးဝန်းကျင် တစ်ဝိုက်မှာ မိုးတိမ်တောင်တွေ ရှိမရှိ ကြည့်ရှုစစ်ဆေးဖို့လည်း လိုပါတယ်။
မိုးလေဝသသတင်းကြည့်ပြီး အမြန်ပြန်ပြီးလှုပ်ရှားနိုင်မယ်ဆိုရင် မိုးကြိုးပစ်ခံရသူတွေရှိရင်လည်း အရေးပေါ် အသက်ကယ်တင်နိုင် ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ AED အသက်ကယ်နှလုံးခုန်အောင် နှိုးတဲ့စက်တစ်ခုရှိလျှင် အဲဒီစက်နဲ့လူနာကိုနှလုံးပြန်ခုန်အောင် ကယ်တင်ဖို့ ကြိုးစားကြည့်နိုင်ပါတယ်။ နှလုံးနှိုးစက်မရှိဘူးဆိုရင် နှလုံးကိုနှိပ် ပေးပြီး အရေးပေါ်ဌာနတွေကို ဖုန်းခေါ်ဆိုပါ။ မိုးကြိုး ပစ်ခံရတဲ့အန္တရာယ်ကနေ ရှောင်ရှားဖို့ဆိုပြီး ရွှေငွေ အဆင်တန်ဆာ ရတနာတွေ၊ သတ္တုနဲ့လုပ်ထားတဲ့ လက်ဝတ်တန်ဆာတွေ ချွတ်ထား လည်း အဓိပ္ပာယ်မရှိပါဘူး။
တကယ်လို့ မိုးကြိုးပစ်ခံရပြီဆိုရင် အဲဒီလို ရွှေငွေ လက်ဝတ် ပစ္စည်းတွေကို ဝတ်ဆင်ထားတဲ့အခါ မိုးကြိုးလျှပ်စစ်က ခန္ဓာ ကိုယ်တွင်း စီးဆင်းတဲ့ပမာဏကို လျှော့ချပေးနိုင်တာကို တွေ့ရှိထား ပါတယ်။ မိုးကြိုးပစ်ခံရတဲ့အခါမျိုးမှာ ရွှေငွေ လက်ဝတ်ရတနာပစ္စည်းတွေကို ဝတ်ထားတာက ခန္ဓာကိုယ်တွင်း လျှပ်စစ်ဓာတ်စီးဝင်မှု ပမာဏကို လျှော့ချပေးတာကို “zipper effect” လို့ ခေါ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၆      အဆောက်အဦတွင်းမှာ ရှိနေချိန် သတိထားသင့်တဲ့အချက်များ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု လျော့ပါးရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NHK က မျှဝေပေးနေပါတယ်။ ဂျပန်မှာ လူတွေ မကြာခဏ မိုးကြိုးပစ်ခံရပြီး သေဆုံးလေ့ရှိပါတယ်။ အထူးသဖြင့် လေထုအခြေအနေ မတည်ငြိမ်တဲ့ နွေရာသီကာလ အတွင်းမှာ မိုးကြိုးပစ်လေ့ရှိပါတယ်။ မိုးကြိုးအန္တရာယ်ကနေ မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်ကြပါမလဲ။ အခုတစ်ခါ အဆောက်အအုံအတွင်း တိမ်းရှောင်နေချိန် သတိထားသင့်တဲ့အချက် တွေကို လေ့လာကြည့်လိုက်ကြရအောင်။
တကယ်လို့ သင်ဟာ ကွန်ကရစ်နဲ့ဆောက်ထားတာလိုမျိုး ခိုင်ခံ့တဲ့ အဆောက်အဦထဲမှာ ရှိနေချိန် အဲဒီအဆောက်အဦကို မိုးကြိုးထိမှန် ခဲ့ရင်တောင် မိုးကြိုးကလျှပ်စစ်တွေဟာ နံရံတွေကို ဖြတ်ပြီး မြေကြီးတွင်း စီးဝင်သွားမှာ ဖြစ်တဲ့အတွက် အတော်လေး ဘေးကင်း စိတ်ချရပါတယ်။
သစ်သားအဆောက်အဦတွေဟာ ယေဘုံယျအားဖြင့် အန္တရာယ် ကင်းပေမဲ့ အိမ်ထဲမှာ ရှိတဲ့တယ်လီဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ ရေပိုက်ခေါင်း လိုမျိုး သတ္တုပစ္စည်းတွေကို ထိမိတဲ့အခါ ဓာတ်လိုက် နိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ကွန်ကရစ် ဒါမှမဟုတ် သစ်သား အဆောက်အဦတွေထဲမှာ ရှိနေချိန် မိုးကြိုးပစ်တာ နီးကပ်လာပြီဆိုရင် အိမ်ထဲက လျှပ်စစ်ပစ္စည်းတွေ၊ နံရံနဲ့ မျက်နှာကျက်တွေကနေ တစ်မီတာနဲ့အထက် အကွာအဝေးမှာပဲ နေသင့်ပါတယ်။
အဆောက်အဦးထဲမှာ ရှိနေလို့ မိုးကြိုးအန္တရာယ်ကနေ ၁၀၀ ရာခိုင်နှုန်း ဘေးကင်းတယ်လို့တော့ မဆိုနိုင်ပါဘူး။ မော်တော်ကား ဒါမှမဟုတ် နေအိမ်အတွင်းမှာ ရှိနေစဉ် မိုးကြိုးက လျှပ်စစ်စီးဝင်လို့ ဓာတ်လိုက် ပြီး ထိခိုက်ဒဏ်ရာရခဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။
ဒါ့အပြင် ကွန်ပျူတာကို ပလပ်ပေါက် ဖြုတ်ထားပြီး LAN ကြိုးတွေအားလုံးကိုပါ ဖြုတ်ထားပါ။ မိမိရဲ့ဒေတာအချက်အလက် တွေ ပျက်မသွားအောင် ဒေတာတွေကို memory card စတာတွေမှာ သိမ်းထားပါ။
မိုးကြိုးပစ်ခံရတာကြောင့် နှစ်စဉ် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ခန့်မှန်းခြေအားဖြင့် ယန်း ၁၀၀ ကနေ ၂၀၀ ဘီလီယံ ကြား ဒါမှမဟုတ် အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၇၁၅ သန်း ကနေ ၁.၄ ဘီလီယံအကြား ရှိတယ်လို့ အာမခံကုမ္ပဏီတွေက ပြောပါတယ်။ အာမခံကုမ္ပဏီတွေ ပြောကြားချက်အရ ကွန်ပြူတာစတဲ့လျှပ်စစ်ပစ္စည်းတွေ ပျက်စီးတာ များတယ်လို့ သိရပါတယ်။ မိုးကြိုးအန္တရာယ် ကာကွယ်နိုင်ဖို့ ရုံးတွေ မှာ Surge Protective Devices (SPD) မိုးကြိုးက လျှပ်စစ် စီးဝင်ခံရခြင်းမှ ကာကွယ်တဲ့စက်တွေ တပ်ဆင်တာအပါအဝင် မိုးကြိုးကာကွယ်ရေးအစီအမံတွေကို အကောင်အထည်ဖော်သင့် ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။