ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

အသက်ကယ်တင်နိုင်ဖို့ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သော့ချက် (၁၁) ချက်

အပိုင်း −၁ “ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦ စံနှုန်းဟောင်း” ကို သတိထားရန်

အခုတစ်ကြိမ်မှာတော့ မသေသင့်တဲ့ အသက်တွေကို ကယ်ဆယ် နိုင်ဖို့ အရေးကြီးတဲ့ သော့ချက်စကားလုံး ၁၁ လုံးနဲ့ Kumamoto ငလျင်လှုပ်ခတ်မှုကနေ လေ့လာသင်ယူကြရအောင်။ ငလျင်ဒဏ်ခံနိုင် တဲ့ အဆောက်အဦ စံနှုန်း အဟောင်းကို ပထမဆုံး လေ့လာကြည့်ပါ မယ်။
Kumamoto ခရိုင်၊ Mashiki မြို့ဟာ ဂျပန်ငလျင်တိုင်းတာတဲ့ စနစ်အရ အဆင့် ၇ ပြင်းအားရှိတဲ့ ငလျင်ကြီးလှုပ်ခတ်မှုကို ၂ ကြိမ် ခံခဲ့ရတဲ့ မြို့ဖြစ်ပါတယ်။ မြို့ရဲ့ အလယ်ခေါင်မှာ ရှိတဲ့ အိမ်တွေထဲက ပြိုကျပျက်စီးခဲ့တဲ့ အိမ်တွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ၁၉၈၁ ခုနှစ်အထိ သတ်မှတ်ထားခဲ့တဲ့ ငလျင်ဒဏ်ခံနိုင်တဲ့အဆောက်အဦ စံနှုန်းနဲ့အညီ တည်ဆောက်ထားတဲ့ အိမ်တွေဖြစ်ပါတယ်။ အဲဒီလိုဆောက်လုပ်ရေး အတွက် သတ်မှတ်ထားတဲ့ စံနှုန်းဆိုတာက ပြင်းထန်တဲ့ငလျင် လှုပ်ခတ်ခဲ့ရင် အဆောက်အဦတွေ ပြိုမကျအောင်၊ မပျက်စီးအောင် စတဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေကို ဆောက်လုပ်စေတဲ့ ဂျပန်အစိုးရရဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်။
Kumamoto ငလျင်လှုပ်မှုကြောင့် ပြိုကျတဲ့အိမ်တွေပိပြီး သေဆုံးရသူတွေ အပါအဝင် ငလျင်လှုပ်ချိန် အတွင်းမှာ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရပါတယ်။ အဲဒီ သေဆုံးမှုနဲ့ပတ်သက်ပြီး Shizuoka တက္ကသိုလ်က ပါမောက္ခ Ushiyama Motoyuki စစ်တမ်းကောက်ယူ ခဲ့ပါတယ်။ ဧပြီလ ၁၄ ရက်နေ့မှာ ပထမဆုံး ငလျင်လှုပ်ခဲ့တဲ့အခါ လူတွေက တိမ်းရှောင်ရေး စခန်းတွေကို ထွက်ပြေးနေထိုင်ခဲ့ကြပါ တယ်။ အဲဒီနောက်ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့တဲ့ လူတွေက နေအိမ်တွေကို ပြန်လာခဲ့ကြပြီး ၁၆ ရက်နေ့မှာ နောက်ဆက်တွဲ ငလျင်ထပ်လှုပ်တဲ့အခါ အိမ်ပြိုပြီး အိမ်ပြန်ခဲ့သူတွေထဲက အနည်းဆုံး ၁၃ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ စစ်တမ်းအရ သိရှိရပါတယ်။
အရေးကြီးတဲ့အချက်က ကိုယ်နေထိုင်တဲ့ အဆောက်အဦက ဟောင်းနေတယ်၊ သစ်သားအဆောက်အအုံဟောင်းလည်း ဖြစ်တယ် ဆိုရင် ပြင်းထန်တဲ့ ငလျင်လှုပ်ပြီးနောက်ပိုင်း မှာ ချက်ချင်း အိမ်ပြန် နေတာကို မလုပ်ဖို့ လိုပါတယ်။ ကိုယ်နေတဲ့ အိမ်က ငလျင်ဒဏ် ခံနိုင်ရည် ရှိမရှိဆိုတာ ပညာရှင်တွေနဲ့ တိုင်းတာစစ်ဆေးလို့ရပါတယ်။ ကိုယ်နေထိုင်တဲ့ မြို့နယ်က ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ က လူနေအိမ် တွေ ငလျင်ဒဏ်ခံနိုင်လား စမ်းသပ်စစ်ဆေးတာနဲ့ ငလျင်ဒဏ်ခံနိုင် အောင် ပြုပြင်မွမ်းမံမှုတွေအတွက် ထောက်ပံ့ကြေးငွေ ထုတ်ပေး တယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၂ ကားတွေထဲမှာနဲ့ နေအိမ်အနီး ပြင်ပမှာ တိမ်းရှောင်ခိုလှုံရခြင်း

၂၀၁၆ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ နဲ့ ၁၆ ရက်နေ့တွေက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက Kumamoto ခရိုင်မှာ ပြင်းထန်တဲ့ ငလျင် ကြီး လှုပ်ခတ်ခဲ့ပါတယ်။
ဒီငလျင်ကနေ သိခဲ့ရတဲ့ သင်ခန်းစာတွေကိုယူပြီး မသေသင့်တဲ့ အသက်တွေကို ကယ်ဆယ် နိုင်ဖို့ အရေးကြီးတဲ့ သော့ချက်စကားလုံး ၁၁ လုံးနဲ့ လေ့လာသင်ယူကြရအောင်။ အခုတစ်ခါ နေအိမ်အနီး ကားတွေပေါ်မှာ နေတာနဲ့ အိမ်အနီးအပြင်ဘက်မှာ တိမ်းရှောင် နေထိုင်တဲ့အခါ သတိထားရမယ့် အချက်တွေနဲ့ ပတ်သက်ပြီး လေ့လာ ကြရအောင်။
Kumamoto ခရိုင်မှာ ရှေ့ပြေးငလျင်ကြီးနဲ့ ပင်မငလျင်ကြီးတွေ လှုပ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ပြင်းထန်တဲ့ ငလျင်တွေလည်း ဆက်တိုက် လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီလို လှုပ်ခတ်မှုတွေကြောင့် အဆောက်အဦတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့ကြောင့် လူတွေဟာ နေအိမ်အပြင်ဘက် ထွက်နေကြရပြီး ကားတွေ ပေါ်မှာပဲ အိပ်ပြီးနေသူတွေလည်း ရှိခဲ့ပါတယ်။ တချို့သူတွေကတော့ မိသားစု အခြေအနေတွေကြောင့်၊ တချို့ကတော့ အိမ်မွေးတိရစ္ဆာန် တွေကြောင့်စသဖြင့် အကြောင်းအမျိုးမျိုးရှိပါတယ်။ ငလျင်လှုပ်ပြီး နောက် သီတင်းပတ် ၂ ပတ်အကြာမှာ NHK က ကားတွေထဲမှာပဲ တိမ်းရှောင်နေထိုင်ခဲ့ကြသူ အယောက် ၁၀၀ ကို စစ်တမ်းကောက်ယူ ခဲ့ပါတယ်။ ဖြေဆိုသူ ၆၉ ဦးရှိပြီး သူတို့က နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်နေတာကြောင့် နေအိမ်ပြန်ဖို့ ကြောက်ရွံ့တာလို့ ဆိုပါတယ်။ ၆၇ ဦးကတော့ သူတို့အိမ်တွေ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားပြီး အိမ်ပြန်မနေရဲတော့တာကြောင့် လို့ ဖြေခဲ့ပါတယ်။
နေအိမ် ပြင်ပမှာ တိမ်းရှောင်နေရတဲ့ ကာလက ရှည်လျားတာဟာ Kumamoto ငလျင်မှာ ဖြစ်ခဲ့တဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကားထဲမှာပဲ အိပ်စား နေထိုင်ရတာ ကြာတဲ့အခါ လူတွေ တစ်ဦးပြီးတစ်ဦး နာမကျန်းဖြစ်လာတတ်ပါတယ်။ Economy Class Syndrome လို့ခေါ်တဲ့ ရင်ဘတ်အောင့်တာ၊ အဆုတ်သွေးခဲတာ နဲ့ ရေဓာတ်ခန်းခြောက်တာစတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာတတ် ပြီး တခြား ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ခံစားရတတ်ပါတယ်။ တချို့ကတော့ ဖျားနာပြီး သေဆုံးသွားကြပါတယ်။
ဒါ့ကြောင့် ကားထဲမှာတိမ်းရှောင်နေထိုင်ဖို့ ဒါမှမဟုတ် အိမ်အနီး ဝန်းကျင်မှာ တိမ်းရှောင်ဖို့ လိုအပ်မယ်ဆိုရင် ဖြစ်လာမယ့်အခြေအနေ တွေကို ကြိုတင်မှန်းဆပြီး လိုအပ်မယ်လို့ ယူဆရတဲ့ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၃ Economy class syndrome မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ

၂၀၁၆ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ နဲ့ ၁၆ ရက်နေ့တွေက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက Kumamoto ခရိုင်မှာ ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီငလျင်တွေကြောင့် နေအိမ်ပေါင်း ၂၀၀,၀၀၀ လောက် ထိခိုက်ပျက်စီးခဲ့ပြီး သဘာဝဘေးနဲ့ဆက်နွှယ်ပြီး သေဆုံးခဲ့သူပေါင်း ၂၇၆ ဦး ရှိခဲ့ပါတယ်။
အခုတစ်ကြိမ်မှာတော့ မသေသင့်တဲ့ အသက်တွေကို ကယ်ဆယ် နိုင်ဖို့ အရေးကြီးတဲ့ သော့ချက်စကားလုံး ၁၁ လုံးနဲ့ Kumamoto ငလျင်လှုပ်ခတ်မှုကနေ လေ့လာသင်ယူကြရအောင်။ အခုတစ်ခါ economy class syndrome လို့သိကြတဲ့ သွေးပြန်ကြော သွေးခဲ ပိတ်ဆို့တာ စတဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး လေ့လာကြရအောင်။
လူတစ်ယောက်ဟာ အချိန်ရှည် ပုံစံတစ်မျိုးထဲနဲ့ မလှုပ်မရှားနေမယ် ဆိုရင် ခြေထောက်မှာ သွေးတွေခဲလာပြီး အဆုတ်ကို အဲဒီသွေးခဲတွေ ရောက်ပြီး ပိတ်ဆို့သွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်ပွားတဲ့ အခါ economy class syndrome ရောဂါလက္ခဏာတွေ ဖြစ်ပွားနိုင် ပါတယ်။ Kumamoto မှာ ကနဦးငလျင်လှုပ်ခတ်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ နောက်ပိုင်းကစပြီး ၂ လအတွင်း အဲဒီရောဂါ ကြောင့် လူ ၅၁ ဦး ဆေးရုံတင်ခဲ့ရပါတယ်။
ဆေးရုံတက်ရသူတွေထဲက ၄၂ ဦးဟာ မော်တော်ကားပေါ်မှာ တိမ်းရှောင်နေထိုင်ပြီး အိပ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့အားလုံး ကားထဲကနေ ထွက်လာတဲ့အခါ ရင်ဘတ်အောင့်တာ၊ အသက်ရှုရခက်တာ ဒါမှမဟုတ် ကိုယ်လက်မအီမသာဖြစ်တာတွေ ခံစားခဲ့ကြရပါတယ်။
အဲဒီလို မဖြစ်အောင် မကြာခဏလမ်းလျှောက်ပေးတာ၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်ပေးတာနဲ့ ခြေလက်အကြောလျှော့ပေး၊ ဆန့်ပေးတာအပြင် ခြေထောက်တွေကို လက်နဲ့နှိပ်နယ်ပေးတာနဲ့ ရေကို မကြာခဏသောက်တာတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ အရမ်းတင်းကျပ်တဲ့ ခြေအိတ်အထူတွေကို ဝတ်ဆင်ပေးတာလည်း ထိရောက်မှုရှိပါတယ်။
ကားထဲမှာအိပ်တဲ့အခါ “ကတ်ထူပြား” ခင်းပြီး ယာယီကုတင်နဲ့ အိပ်တာ ကောင်းပါတယ်။ ကားထိုင်ခုံကို ခေါက်လှဲချပြီး အပေါ်က ကတ်ထူပြားခင်းလိုက်ရင် အမြင့်မညီတဲ့နေရာတွေကို ချိန်ညှိပြီးသား ဖြစ်ပြီး အိပ်ရာလိုခြေဆန့်လက်ဆန့် အိပ်နိုင်ပါတယ်။ ကားထဲမှာ ခေါင်းနဲ့ ခြေထောက်က တပြေးညီ ဆန့်တန်းပြီး အိပ်စက်နိုင်မှ အဲဒီရောဂါလက္ခဏာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၄ Sphere standards လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ စံနှုန်းသတ်မှတ်ချက်

၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ Kumamoto ခရိုင်မှာ အလွန်ကြီးမားတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့ပါတယ်။ ဒီ Kumamoto ငလျင်ကရတဲ့ သင်ခန်းစာတွေကို အရေးပါတဲ့ သော့ချက် စကားလုံး ၁၁ လုံးနဲ့ လေ့လာသုံးသပ် ကြည့်ကြပါမယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့နေရာမှာ အရေးပေါ် တိမ်းရှောင်ရေးစခန်းတွေ အပါအဝင် နေရာအတော် များများမှာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကူညီထောက်ပံ့မှုတွေ ရှိရဲ့လားဆိုတာ လေ့လာကြရအောင်။
Kumamoto ငလျင်တွေလှုပ်ခတ်အပြီး နှစ်နှစ်အကြာမှာ ငလျင် ဖြစ်ချိန်မှာ ငလျင်ကြောင့်သေဆုံးသွားတာမျိုးမဟုတ်ဘဲ ငလျင် ဖြစ်ပြီးနောက်ပိုင်းမှ ကျန်းမာရေးပြဿနာတွေနဲ့ဖြစ်စေ သဘာဝ ဘေးနဲ့ ဆက်နွှယ်တဲ့ တခြားအကြောင်းတွေကြောင့်ဖြစ်စေ သေဆုံး ခဲ့ရသူ ၂၁၁ ဦးနဲ့ပတ်သက်ပြီး NHK က စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေက ပေးတဲ့ အချက်အလက်တွေအရ အဲဒီသူတွေထဲက အနည်းဆုံး ၉၅ ဦးဟာ တိမ်းရှောင်ရေးစခန်း ဒါမှမဟုတ် မော်တော်ကားတွေပေါ်မှာ အိပ်ခဲ့ကြပြီး သေဆုံးကြ ရတယ်ဆိုတာကို ပြသနေပါတယ်။
“တိမ်းရှောင်ရေးစခန်းတွေမှာ နေတဲ့လူတွေကျပ်သိပ်နေပြီး အတန်းလိုက် ငါးပိသိပ်ငါးချဉ်သိပ် အိပ်ခဲ့ကြရတယ်။” “တိမ်းရှောင်ရေးစခန်းမှာ နေရတဲ့အခြေအနေက သက်ရှိငရဲခန်း တစ်ခုလိုပဲ” စသဖြင့် Kumamoto ငလျင်ဖြစ်ပြီး နောက်ပိုင်း အသက်ရှင်ကျန်ရစ်သူ တချို့က ပြောခဲ့ကြပါတယ်။
တကယ်တော့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က Red Crossအဖွဲ့ နဲ့ NGO တွေက ရဝမ်ဒါဒုက္ခသည်တွေ ဒုက္ခသည်စခန်းတွေမှာ အများကြီး သေဆုံးခဲ့တဲ့အတွက် ရေးဆွဲခဲ့တဲ့ Sphere standards စံနှုန်းတွေ ရှိပါတယ်။ အဲဒီထဲမှာ အရေးပေါ်တိမ်းရှောင်ရေးစခန်းမှာ နေတဲ့သူ တွေအတွက် လုပ်ဆောင်ပေးရမယ့် စံနှုန်းသတ်မှတ်ချက်တွေ ပါဝင် ပါတယ်။
ဥပမာ တိမ်းရှောင်ရေးစခန်းမှာ လူတစ်ဦးနေထိုင်ဖို့ကို အနည်းဆုံး ၃.၅ စတုရန်း မီတာအကျယ်အဝန်း ထားပေးရပါမယ်။ အိမ်သာကိုလည်း လူအယောက် ၂၀ မှာ အနည်းဆုံး အိမ်သာတစ်လုံးကို ထားပေး ရပါမယ်။ အိမ်သာအသုံးပြုချိန် ကြာမြင့်မှုအပေါ် စဉ်းစားပေးပြီး အမျိုးသမီးအိမ်သာ သုံးခန်းထားရင် အမျိုးသားအိမ်သာကို တစ်ခန်းနှုန်း ရှိသင့်တယ်လို့ စံနှုန်း သတ်မှတ်ထားပါတယ်။
စံချိန်စံညွှန်းတွေအပေါ် အခြေခံပြီး တိမ်းရှောင်ရေးစခန်းတွေမှာ နေတဲ့ လူတွေ ပိုပြီး အဆင်ပြေအောင် စိတ်သက်သာစေအောင် ကြိုးပမ်း လုပ်ဆောင်ပေးတာဟာလည်း သဘာဝဘေးကြောင့် လူ့အသက်တွေ မဆုံးရှုံးရအောင် ကယ်ဆယ်တာပဲ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း − ၅ သတင်းအမှား ကောလာဟလများ

၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ Kumamoto ခရိုင်မှာ အလွန်ကြီးမားတဲ့ ငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ ဒီ Kumamoto ငလျင်ကရတဲ့ သင်ခန်းစာတွေကို အရေးပါတဲ့ သော့ချက်စကားလုံး ၁၁ လုံးနဲ့ လေ့လာသုံးသပ် ကြည့်ကြပါမယ်။ ဒီတစ်ခါ သတင်းအမှားတွေ ထုတ်လွှင့်ကြတာနဲ့ ပတ်သက်ပြီး လေ့လာကြရအောင်။
ငလျင်လှုပ်ပြီးပြီးချင်းမှာပဲ Kumamoto မြို့မှာရှိတဲ့ တိရစ္ဆာန်ရုံထဲက ခြင်္သေ့တစ်ကောင် လွတ်သွားတယ်ဆိုတဲ့သတင်းက တွစ်တာ လူမှုကွန်ယက် စာမျက်နှာမှာ ပျံ့နှံ့သွားခဲ့ပြီး မြို့နဲ့အနီးဝန်းကျင်မှာ နေထိုင်သူတွေအကြား စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီလို လုပ်ကြံရေးသားပြီး ကောလာဟလ လွှင့်ခဲ့သူကို နောက်ပိုင်းမှာ ရဲက ဖမ်းဆီးအရေးယူခဲ့ပါတယ်။ အဲဒီလို သဘာဝဘေး အန္တရာယ်တွေကျရောက် ပြီးချိန်မှာ လူမှုကွန်ယက်ပေါ်မှာ အကောင့် အတုတွေနဲ့ ကောလာဟလတွေ ဖြန့်တဲ့ သတင်းအမှားတွေကြောင့် ရှုပ်ထွေးမှုတွေဖြစ်ခဲ့တဲ့ အလားတူဖြစ်ရပ်တွေ အများကြီး ရှိခဲ့ပါ တယ်။
တိုကျိုတက္ကသိုလ်က တွဲဖက်ပါမောက္ခ Sekiya Naoya က ကောလာဟလအမှားတွေ ပျံ့နှံ့ခြင်းကို ဖြစ်စေတာဟာ အကြောင်းအချက် ၃−ရပ် ပေါင်းစပ်သွားတာကြောင့် ဖြစ်တယ်လို့ သူ့ယူဆချက်ကို ပြောပါတယ်။ အဲဒီ အကြောင်းအချက်၃ရပ်ကတော့
− အကြောင်းရင်း သေချာမသိတဲ့ ကိစ္စတွေ ဖြစ်ပျက်နေတဲ့အပေါ် “ကြောက်ရွံ့မှု”၊
− မကောင်းတဲ့အခြေအနေကြီးက ဘယ်တော့အဆုံးသတ်မှာလဲ ဆိုပြီး ဖြစ်လာတဲ့ “ဒေါသ”
− တခြားသူတွေအတွက်အကျိုးရှိမယ့် သတင်း အချက်အလက်တွေကို ဖြန့်ဝေချင်တယ်ဆိုတဲ့ “ကောင်းမွန်တဲ့ရည်ရွယ်ချက်”
တွေ ဖြစ်ပါတယ်။ ပါမောက္ခ Sekiya မမှန်ကန်တဲ့ ကောလာဟလတွေ လူမှုကွန်ယက်စာမျက်တွေမှာ ဖြန့်တာကြောင့် လူကိုအသက်သေဆုံး စေတဲ့အထိ ဖြစ်စေနိုင်တဲ့အကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ဘေးအန္တရာယ် ကျရောက်နေချိန်တွေမှာ လူမှုကွန်ယက်ပေါ်မှာ တွေ့ရ၊ မြင်ရတဲ့ အချက်အလက်တွေဟာ တိကျမှန်ကန်မှုရှိမရှိဆိုတာကို ခေါင်းအေးအေးထားပြီး ချင့်ချိန်ဆုံးဖြတ်သင့်တယ်လို့ သူက ပြောပါ တယ်။
လူတွေအနေနဲ့ လူမှုကွန်ယက်ပေါ်ကသတင်းတစ်ခုကို အလွယ်တကူ ဖြန့်ဝေတာမျိုး မလုပ်ဖို့ ၊ အလျင်စလို ကောက်ချက်ချ တုံ့ပြန် ရေးသားတာမျိုး မလုပ်ဖို့နဲ့ လူမှုကွန်ယက်ပေါ်က သတင်းအချက် အလက်တွေအပေါ် မှန်ကန်တဲ့ လုပ်ဆောင်နည်း နဲ့ ကိုင်တွယ်နိုင်တဲ့ အကျင့်ကို ရအောင် လုပ်ထားဖို့ အရေးကြီးတယ်လို့လည်း ပါမောက္ခ Sekiya ကပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း − ၆ နောက်ဆက်တွဲငလျင်များ

၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ Kumamoto ခရိုင်မှာ အလွန်ကြီးမားတဲ့ ငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ ဒီ Kumamoto ငလျင်ကရတဲ့ သင်ခန်းစာတွေကို အရေးပါတဲ့ သော့ချက်စကားလုံး ၁၁ လုံးနဲ့ လေ့လာသုံးသပ် ကြည့်ကြပါမယ်။ ဧပြီလ ၁၄ ရက်နေ့က Kumamoto မှာ အလွန် အင်အားပြင်းတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ၂၈ နာရီအကြာ ဧပြီလ ၁၆ ရက်နေ့မှာ အဲဒီဧရိယာမှာပဲ ပိုပြီးကြီးမားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီလို အချိန်တိုအတွင်း အင်အားပြင်းငလျင် ကြီး နှစ်ခု လှုပ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ပြီး တချို့ အဆောက်အဦတွေဟာ ပထမငလျင်မှာ ခံနိုင်ရည်ရှိခဲ့ပေမဲ့ ဒုတိယ ငလျင်အလှုပ်မှာ ပြိုကျခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ဂျပန်မိုးလေဝသအေဂျင်စီက ပထမအကြိမ် ငလျင်ဟာ “ရှေ့ပြေးငလျင်” ဖြစ်ပြီး ဒုတိယငလျင်က “ပင်မငလျင်” ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
Kumamoto မှာငလျင်တွေလှုပ်ခတ်တဲ့ အဖြစ်အပျက် ဖြစ်ခဲ့ပြီး နောက်ပိုင်း မိုးလေဝသအေဂျင်စီဟာ အလွန်အင်အားပြင်းတဲ့ငလျင် တစ်ခု လှုပ်ပြီးနောက် ငလျင်တွေ ဆက်လှုပ်နိုင်ခြေနဲ့ ပတ်သက်ပြီး လူတွေကို သတိပေးချက်တွေ ထုတ်တဲ့အခါ ရေးသားပြောဆိုပုံကို ပြောင်းလဲဖို့ ဆုံးဖြတ် လိုက်ပါတယ်။
“နောက်ဆက်တွဲငလျင်များ” ဆိုတဲ့ အသုံးအနှုန်းကို ဆက်လက် မသုံးစွဲတော့တာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ “နောက်ဆက်တွဲ ငလျင်များ” ဆိုတဲ့ အသုံးအနှုန်းကိုသုံးရင် ပထမ ငလျင်ထက် နောက်ထပ်လှုပ်တဲ့ငလျင်တွေက အင်အားလျော့တဲ့ ငလျင်ငယ်တွေ ဖြစ်လိမ့်မယ်လို့ လူတွေက ထင်မြင်သွားနိုင်တာ ကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် အလွန်ကြီးမားတဲ့ငလျင်တစ်ခုလှုပ်ပြီး နောက်ပိုင်း မှာလည်း အင်အားပြင်းတဲ့ ငလျင်ကြီးတွေ လှုပ်နိုင်တာကို လူတွေ သတိပြုနိုင်အောင် အေဂျင်စီက ” တစ်ပတ်အတွင်း အလားတူပမာဏ ရှိတဲ့ ငလျင်ကြီးတွေ လှုပ်ခတ်နိုင်ခြေရှိတာကြောင့် သတိထားကြဖို့ လိုတယ်” ဆိုတဲ့ ထုတ်ပြန်မှုမျိုးလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း − ၇ ဆေးရုံတက်နေတဲ့ လူနာများကို ဘေးလွတ်ရာတိမ်းရှောင် စေခြင်း

၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ Kumamoto ခရိုင်မှာ အလွန်ကြီးမားတဲ့ ငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ ဒီ Kumamoto ငလျင်ကရတဲ့ သင်ခန်းစာတွေကို အရေးပါတဲ့ သော့ချက်စကားလုံး ၁၁ လုံးနဲ့ လေ့လာသုံးသပ် ကြည့်ကြပါမယ်။ ဒီတစ်ခေါက်မှာ ဆေးရုံတက်နေရတဲ့လူနာတွေကို ဘေးလွတ်ရာ တိမ်းရှောင်စေရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး လေ့လာကြရအောင်။
Kumamoto မှာ ငလျင်တွေဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် ဆေးရုံ အဆောက်အဦတွေလည်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပြီး ရေ၊မီး၊ဂတ်စ် တွေလည်း မရတဲ့ အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်သွား တာကြောင့် ဆေးရုံတက်နေတဲ့ လူနာအများအပြားကို တခြား ဆေးဘက်ဆိုင်ရာဌာနတွေဆီ ပြောင်းရွှေ့တိမ်းရှောင်စေရတဲ့ အခြေအနေ ဖြစ်လာခဲ့ရပါတယ်။
၂၀၂၃ ခုနှစ် မတ်လအထိ Kumamoto ငလျင်ကြောင့် သဘာဝဘေးအန္တရာယ်နဲ့ ဆက်နွှယ်တဲ့သေဆုံးမှုတွေဖြစ်ခဲ့တယ်လို့ သတ်မှတ်လိုက်တဲ့ လူနာ (၄၆) ဦး ရှိပါတယ်။ သေဆုံးသွားသူတွေဟာ တခြားဆေးရုံတွေကို ပြောင်းရွှေ့ရတဲ့အတွက် ပင်ပန်းတာကြောင့် သေဆုံးတာ ဒါမှမဟုတ် ဆေးရုံတွေမှာ ရသင့်ရထိုက်တဲ့ ပြုစုကုသမှု တွေ မရနိုင်တဲ့ အခြေအနေတွေ ဖြစ်ခဲ့လို့ သေဆုံးခဲ့ရတာ ဖြစ်ပါ တယ်။
အဲဒီသေဆုံးခဲ့သူတွေထဲက တစ်ဦးက အသက် ၄နှစ်အရွယ် Miyazaki Karin ဆိုတဲ့ ကလေးမလေး ဖြစ်ပါတယ်။ ဒီကလေးမလေး ဟာ မွေးရာပါနှလုံးရောဂါနဲ့ Kumamoto City Hospital (ခူမာ့မိုတိုမြို့ဆေးရုံ) မှာ ဆေးရုံတက် နေရပါတယ်။ ငလျင်လှုပ်ချိန်မှာ Karin ဟာ မွေးရာပါနှလုံးရောဂါအတွက် ခွဲစိတ်ကုသမှုခံယူအပြီး အိပ်ရာထဲမှာ နားနားနေနေနေဖို့ လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးရုံက ဆိုးဆိုးရွားရွား ပျက်စီးသွားတာကြောင့် ဆေးကုသရေးကို ဆက်ပြီးလည်ပတ်လို့ မရတော့ပါဘူး။ Karin ကို ကီလိုမီတာ ၁၀၀ အကွာမှာရှိတဲ့ Fukuoka ခရိုင်ထဲက ဆေးရုံတစ်ရုံ ကို ပို့ဆောင်ခဲ့ရပြီး ငါးရက်အကြာမှာ အဲဒီဆေးရုံမှာပဲ ဆုံးပါးသွားခဲ့ပါ တယ်။
Kumamoto ငလျင်မှာ အကြီးအကျယ် ပျက်စီးခဲ့တဲ့ Kumamoto City Hospital ခူမာ့မိုတိုမြို့ဆေးရုံ အပါအဝင် အခြား ဆေးရုံအများအပြား ဟာလည်း အဲဒီအချိန်တုန်းက ငလျင်ဒဏ်ခံနိုင် ရည် စံနှုန်းတွေနဲ့ မပြည့်မီတဲ့ ဆေးရုံတွေ ဖြစ်ခဲ့ပါတယ်။ ဆေးဘက် ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အဆောက်အအုံတွေ ငလျင်ဒဏ်ခံနိုင် ရည်ရှိစေဖို့အတွက် ပြင်ဆင်ဖို့ လိုအပ်သလို သဘာဝဘေးအန္တရာယ် အတွင်း ဆေးရုံရဲ့ ဆေးကုသမှုစနစ် ရပ်တန့်မသွားဘဲ ဆက်ပြီး လည်ပတ်နေအောင် သေချာတဲ့ဆေးကုသစနစ် ရှိဖို့ စီမံဆောင်ရွက် ထားသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း − ၈ S အဆင့် ရွေ့လျားနေတဲ့ ဂျပန်က ငလျင် ပြတ်ရွေ့ကြောများ

၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ Kumamoto ခရိုင်မှာ အလွန်ကြီးမားတဲ့ ငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ ဒီ Kumamoto ငလျင်ကရတဲ့ သင်ခန်းစာတွေကို အရေးပါတဲ့ သော့ချက် စကားလုံး ၁၁ လုံးနဲ့ လေ့လာကြပါမယ်။
အန္တရာယ် အများဆုံး S အဆင့် နဲ့ ရွေ့လျားနေတဲ့ ငလျင် ပြတ်ရွေ့ ကြောတွေ အကြောင်း သိရအောင် ဒီကနေ့ လေ့လာကြည့်ပါမယ်။
Kumamoto မှာလှုပ်ခဲ့တဲ့ မြေငလျင်တွေဟာ Futagawa နဲ့ Hinagu ရွေ့လျားနေတဲ့ ပြတ်ရွေ့ကြောဇုန်တွေ ရွေ့ပြောင်းပွတ်တိုက်တာ ကြောင့် ဖြစ်ပေါ်လာတာပါ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ သိရှိထားတာအရ ဂျပန်မှာ ငလျင်ဖြစ်ပေါ်နိုင်ခြေအများဆုံး “Sအဆင့်”လို့ သတ်မှတ်ထားတဲ့ ရွေ့လျားနေတဲ့ ပြတ်ရွေ့ကြော ပေါင်း ၃၁ ခု ရှိပါတယ်။
ရွေ့လျားနေတဲ့ ပြတ်ရွေ့ကြောဆိုတာ ဂျပန်ကုန်းတွင်းပိုင်း ဒါမှမဟုတ် ဂျပန်အနီးတစ်ဝိုက်က ပင်လယ်ကြမ်းပြင်အောက်မှာ ရှိတဲ့ ပြတ်ရွေ့ ကြောတွေဖြစ်ပြီး ဘူမိဗေဒ သုတေသနပြုချက်တွေအရ အဲဒီ ပြတ်ရွေ့ကြောတွေ အကြိမ်ရေများစွာ လှုပ်ရှားခဲ့တာဟာ ငလျင်တွေ ကို ဖြစ်ပေါ်စေခဲ့တယ်ဆိုတာ အတည်ပြုထားပါတယ်။
ရွေ့လျားနေတဲ့ ပြတ်ရွေ့ကြောတွေကြောင့် ဖြစ်ပေါ်လာတဲ့ ငလျင်တွေ ရဲ့ ငလျင်လှုပ်တဲ့ ဗဟိုချက်က မြေမျက်နှာပြင်နဲ့ နီးတဲ့နေရာတွေမှာ ဖြစ်တတ်ကြတာကြောင့် အဲဒီလို လှုပ်ရှားနေတဲ့ ပြတ်ရွေ့ကြောတွေ က ကုန်းတွင်းပိုင်းမှာ လှုပ်ရှားခဲ့ရင် Kumamoto ငလျင်ကြီးလိုမျိုး လည်း ဖြစ်စေနိုင်ပါတယ်။ ၁၉၉၅ ခုနှစ်မှာလှုပ်ခဲ့တဲ့ Hanshin-Awaji မဟာငလျင်ကြီးဟာလည်း ငလျင်ဗဟိုချက် က မြေမျက်နှာပြင်နဲ့ သိပ်မဝေးတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်စေခဲ့ ပါတယ်။
Kumamoto ငလျင်လှုပ်ခတ်ခဲ့တုန်းက Hinagu ပြတ်ရွေ့ကြောရဲ့ တောင်ဘက်ပိုင်းဇုံဟာ S အဆင့် သတ်မှတ်ထားတဲ့ ပြတ်ရွေ့ကြော ဖြစ်ပေမယ့် ရွေ့လျားမှုမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ဒီပြတ်ရွေ့ ကြော လှုပ်ရှားမှုကြောင့် သုညကနေခုနစ်အထိရှိတဲ့ ဂျပန်ငလျင် တိုင်းတာတဲ့စနစ်အရ ၇ အဆင့်ပြင်းအားရှိတဲ့ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေ ရှိတယ်လို့ ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်ရလဒ်အရ သိရပါတယ်။ ငလျင်လှုပ်ပြီးပြီးချင်း အနီးဝန်းကျင်က Yatsushirokai ပင်လယ်မှာ ဆူနာမီ ဖြစ်ပေါ်လာနိုင်တာမို့ အဲဒီဒေသမှာ နေထိုင်သူတွေအနေနဲ့ သတိကြီးစွာ ပြင်ဆင်ပြီးနေထိုင်သင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း − ၉ မြေစာပုံတွေရဲ့ အန္တရာယ်

၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ Kumamoto ခရိုင်မှာ အလွန်ကြီးမားတဲ့ ငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ ဒီ Kumamoto ငလျင်ကရတဲ့ သင်ခန်းစာတွေကို အရေးပါတဲ့ သော့ချက် စကားလုံး ၁၁ လုံးနဲ့ လေ့လာကြပါမယ်။
ဒီတစ်ခါ ချိုင့်ဝှမ်းတွေကို မြေပြန့်ဖြစ်အောင် မြေသားဖြည့်တာ ဒါမှမဟုတ် ကမူကို မြေပြန့်အဖြစ် မြေညှိတာကနေ စွန့်ပစ်လို့ ထွက်လာတဲ့မြေကြီးတွေကို ပုံထားတဲ့ မြေစာပုံတွေရဲ့ အန္တရာယ် ကြီးပုံနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြပါမယ်။
Kumamoto ငလျင်လှုပ်ပြီးနောက် အကြီးအကျယ် ပြိုကျပျက်စီး ခဲ့တဲ့ အဆောက်အဦတွေဟာ မြေသားစုပုံပြီး မြေဖို့ထားတဲ့မြေနေရာ တွေမှာ ဆောက်ထားခဲ့တာ ဒါမှမဟုတ် မြေသားမကျစ်လစ်တဲ့ မြေနေရာတွေပေါ်မှာ တည်ဆောက်ထားခဲ့တဲ့ အဆောက်အဦတွေဖြစ် တယ် ဆိုတာကို သိရှိခဲ့ရပါတယ်။ တချို့နေရာတွေမှာ စွန့်ပစ်မြေစာပုံ တွေနဲ့ မြေဖို့ထားတဲ့နေရာတွေ ပြိုကျတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီလို နေရာအားလုံးဟာ အန္တရာယ်ရှိတယ်လို့ မဆိုလို ပေမဲ့ ရှေ့အရင်က သဘာဝဘေးအန္တရာယ်တွေကနေ ဖြစ်ပွားခဲ့တဲ့ မြေစာပုံတွေ ပြိုတဲ့ အန္တရာယ်တွေ ရှိခဲ့တာကြောင့် ပိုပြီး သတိထားဖို့ လိုကြောင်း ဆိုထားပါတယ်။
ဒါ့အပြင် ကျစ်လစ်မှုမရှိ ပျော့ပျောင်းတဲ့မြေအောက်က မြေလွှာ ကြောကြောင့် မြေပြင်လှုပ်ခတ်တဲ့အခါ ပိုပြီးပြင်းထန်စွာ တုန်ခါစေ ပါတယ်။ ဥပမာ ဂျယ်လီအလွှာတစ်ခု ဆိုပါစို့ လှုပ်ခါကြည့်အခါ မာတဲ့ဂျယ်လီထက် ပျော့တဲ့ဂျယ်လီက သိသိသာသာ ပိုပြီးတုန်ခါမှာ ပါ။ မြေလွှာတွေမှာလည်း အလားတူ ဖြစ်ပါတယ်။ ပျော့ပျောင်းတဲ့ မြေလွှာပေါ်မှာ လှုပ်ခါရင် တုန်ခါမှုလှိုင်းတွေဟာ ဧရိယာကျယ်ကျယ် ပြန့်ပြန့် ထိရောက်အောင် ပျံ့နှံ့သွားနိုင်စေတာကြောင့် ထိခိုက်ပျက်စီး မှု ပိုများစေပါတယ်။
အကြီးအကျယ် ပျက်စီးခဲ့ရတဲ့ Kumamoto ခရိုင်ရဲ့ Mashiki မြို့ အလယ်ခေါင်ဟာ ရှုပ်ထွေးတဲ့ပုံစံနဲ့ ပျော့ပျောင်းနေတဲ့ မြေအောက် မြေလွှာပေါ်မှာ တည်ရှိတာကြောင့် မြေပြင်လှုပ်ခတ်တဲ့အခါ တုန်ခါမှု အရှိန်ဟာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားတာ ဖြစ်နိုင်တယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၁၀ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေဖို့အစီအစဉ် (BCP)

၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ Kumamoto ခရိုင်မှာ အလွန်ကြီးမားတဲ့ ငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ ဒီ Kumamoto ငလျင်ကရတဲ့ သင်ခန်းစာတွေကို အရေးပါတဲ့ သော့ချက် စကားလုံး ၁၁ လုံးနဲ့ လေ့လာသုံးသပ် ကြည့်ပါမယ်။
Kumamoto ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းတွေ ဆက်လက်လည်ပတ်အောင် စီစဉ်တဲ့ Business Continuity Plan (BCP)ရဲ့ အရေးပါပုံအကြောင်း လေ့လာ ကြည့်ကြပါမယ်။
Kumamoto ငလျင်ကြောင့် ခရိုင်အတွင်းမှာရှိတဲ့ Sony နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီများစွာဟာ တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံ များစွာ သဘာဝ ငလျင်ဘေးကြောင့် ထိခိုက်ခဲ့ရပါတယ်။ အဲဒီလို ထိခိုက်မှုကြောင့် ဂျပန်တစ်ဝန်း ကို ပစ္စည်းတွေ ဖြည့်ဖြူးပေးနိုင်ဖို့ ပျက်ကွက်ခဲ့ရပါတယ်။
အဲဒီလို သဘာဝဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲ သက်ရောက်မှု တွေဟာ ၂၀၁၁ ခုနှစ် မတ်လ ဂျပန်အရှေ့မြောက်ပိုင်း ဧရာမ ငလျင်ကြီး လှုပ်ခဲ့တုန်းကလည်း ဖြစ်ပွားခဲ့တာကြောင့် စီးပွားရေး လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်မယ့် အစီအစဉ် Business Continuity Plan (BCP)ကို ရေးဆွဲထားဖို့ အရေးကြီးကြောင်း အဲဒီအချိန်ကတည်းက ဆွေးနွေးခဲ့ကြပါတယ်။
BCP ဟာ သဘာဝဘေးအန္တရာယ်ဖြစ်တာ ဒါမှမဟုတ် ကူးစက်ရောဂါ ကြောင့် ကပ်ဆိုက်တာလိုမျိုး အရေးပေါ်အခြေအနေတွေ ဖြစ်တဲ့အခါ မှာ ကုမ္ပဏီတွေဟာ သူတို့ရဲ့ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်ပြီးလည်ပတ်နိုင်အောင် ဘယ်လို လုပ်မလဲဆိုတဲ့ နည်းလမ်းနဲ့ မူဘောင်ကို ပြင်ဆင်ထားပြီး တကယ်ဖြစ်လာတဲ့အခါ ပံ့ပိုးဆောင်ရွက် တဲ့ အစီအစဉ်ဖြစ်ပါတယ်။ အကယ်လို့ လုပ်ငန်းရပ်တန့်သွားတာမျိုး ဖြစ်ခဲ့ရင်တောင် တတ်နိုင်သမျှ အချိန်တိုအတွင်း လုပ်ငန်းပြန်စနိုင်တဲ့ နည်းလမ်း ရှိနေအောင် ပြင်ဆင်ထားရတဲ့ စီမံကိန်းတစ်ခုပါ။
လူတွေရဲ့အသက်ကို ကယ်တင်နိုင်အောင် ရည်ရွယ်ပြီး စီစဉ်ထားတဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံကိန်းမျိုးနဲ့မတူဘဲ၊ BCP က စီးပွားရေးလုပ်ငန်းတွေ အသေအချာ ဆက်လက်လည်ပတ်နိုင်စေဖို့ တစ်ခုတည်းကို ဦးတည်ပြီး ကြိုတင်ရေးဆွဲထားတဲ့ အစီအစဉ် ဖြစ်ပါ တယ်။
BCP အစီအစဉ်ရေးဆွဲဖို့ လိုအပ်နေတယ်ဆိုတာကို Kumamoto ငလျင်တွေ ဆက်တိုက်လှုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကရတဲ့ သင်ခန်းစာတွေက ထပ်မံ မီးမောင်းထိုးပြနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၁၁ တယ်လီဖုန်းနှင့်ဆက်သွယ်မေးမြန်းခြင်း

၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက Kumamoto ခရိုင်မှာ အလွန်ကြီးမားတဲ့ ငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ Kumamoto ငလျင်လှုပ်ခတ်မှုတွေကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို သော့ချက်စကားလုံး ၁၁ လုံးကနေတစ်ဆင့် ပြန်သုံးသပ် လေ့လာ ကြည့်ကြပါမယ်။
ဒီတစ်ခါ တယ်လီဖုန်းနဲ့ အခြေအနေကို မေးမြန်းခြင်းအကြောင်းကို တုံ့ပြန်နိုင်ဖို့ စမ်းသပ်နေတာနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြပါမယ်။
Kumamo ငလျင်ကြီးအတွင်းမှာ ငလျင်လှုပ်ပြီးပြီးချင်း Kumamoto မြို့ မီးသတ်ဌာနကို ဒေသခံတွေက ဖုန်းခေါ်ယူမေးမြန်းတာတွေ အလွန်အမင်း များပြားခဲ့ပါတယ်။ ဧပြီလ ၁၄ ရက်နေ့က စတင်လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ၁၆ ရက်နေ့ မှာ ပိုပြင်းထန်တဲ့ ငလျင်ကြီး ထပ်မံလှုပ်ပြီးနောက်ပိုင်း မီးသတ်ဌာနကို ဖုန်းဆက်သွယ် မေးမြန်း လာတာ စုစုပေါင်း ၂၈၀၀ ကျော် ရှိခဲ့ပါတယ်။ ဒါဟာ ပုံမှန် ဖုန်းဆက် မေးမြန်းကြတဲ့ အရေအတွက်ထက် ၁၀ ဆလောက်များပါတယ်။
ဒါပေမဲ့ အဲဒီဖုန်းခေါ်ဆိုမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်တဲ့ အကြိမ် ၁၇၀၀ ကတော့ လာကယ်ဖို့အတွက် ဒါမှမဟုတ် အရေးပေါ်ကား လိုအပ်လို့မဟုတ်ဘဲ အရေးသိပ်မကြီးတဲ့ ဖုန်းခေါ် ဆိုမေးမြန်းတာတွေ ဖြစ်ပါတယ်။ အများစုက လျှပ်စစ်မီး ပြတ်သွားတာကို သတင်းပို့တာ ဒါမှမဟုတ် တိမ်းရှောင်ရေးစခန်း ဘယ်မှာရှိမလဲ ဆိုတာကို မေးမြန်းဖို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ မီးသတ်ဌာနက ဖုန်းခေါ်ဆိုမှုအားလုံးကို တုံ့ပြန်လုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဦးစားပေးကိစ္စတွေ အတွက်တော့ သူတို့ရဲ့ဝန်ထမ်းတွေကို အလုပ်လာလုပ်ခိုင်းဖို့ ဖြစ်လာ ခဲ့ပါတယ်။
ဒီအတွေ့အကြုံကို အခြေခံပြီး ဒေသခံတွေက ဖုန်းခေါ်ဆိုလာတာတွေ ထဲက ဘယ်ဟာကအရေးပေါ် လုပ်ဆောင်ရမယ့် အခြေအနေလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အရေးပေါ်တယ်လီဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက် တဲ့ လုပ်ထုံးလုပ်နည်းလမ်းညွှန်စာအုပ်ကို အင်အားပြင်းငလျင်ကြီး တစ်ခု လှုပ်မှာအတွက် ကြိုတင်ပြင်ဆင်မှု တစ်ခုအနေနဲ့ ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါတယ်။
ဒေသခံတွေကိုယ်တိုင်လည်း ဖုန်းမခေါ်ခင်မှာ ကိုယ့်ကိစ္စက အရေးပေါ်ဝန်ဆောင်မှုလိုအပ်သလား မလိုအပ်ဘူးလားဆိုတာကို စဉ်းစားလုပ်ဆောင်သင့်ပါတယ်။ ကယ်ဆယ်ရေး ကိစ္စ အမှန်တကယ် အရေးပေါ်လိုအပ်တဲ့ကိစ္စတွေ ဆောင်ရွက်နိုင်အောင် ဒေသခံတွေက လည်း သဘာဝဘေးကျရောက်ပြီးချိန်မှာ လျှပ်စစ်မီးပျက်တာ၊ ရေမလာတာ စတဲ့ အရေးပေါ်မဟုတ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မီးသတ်ဌာနကို အလောတကြီး ဆက်သွယ်မေးမြန်းတာမျိုးကို ရှောင်ရှားသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။