ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

နိုင်ငံခြားသားများအတွက်− ဘေးအန္တရာယ်အတွင်း တိမ်းရှောင်ခြင်းနှင့် တစ်ဦးမကျန် ကူညီကယ်ဆယ်နိုင်ဖို့ သိကောင်းစရာများ

အပိုင်း −၁ နိုင်ငံခြားသားဦးရေက ဂျပန်နိုင်ငံ့လူဦးရေ စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်း ရှိနေပါပြီ

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ ဘာသာစကားနဲ့ယဉ်ကျေးမှု ကွဲပြားတာတွေကြောင့် စိန်ခေါ်မှုအမျိုးမျိုးနဲ့ ကြုံတွေ့ကြရတာမို့ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ စိတ်ပျက်အားငယ်မှုတွေ ဖြစ်လာတတ်ပါတယ်။
နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ဂျပန်နိုင်ငံမှာ သဘာဝဘေး အန္တရာယ်တွေကို ဘယ်လို ကျော်လွှားကြမလဲ။
ဂျပန်နိုင်ငံတစ်ဝန်းက အခြေအနေအမျိုးမျိုး ရှိခဲ့တဲ့ ဖြစ်ရပ်တွေကနေ ရရှိလာတဲ့ သင်ခန်းစာတချို့ကို လေ့လာကြည့်ကြရအောင်။
ကာလတို အလည်အပတ် လာတဲ့ ခရီးသွားတွေကို ထည့်မတွက်ဘဲ ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသား ၃ သန်းလောက် ရှိပါတယ်။
ဒီကိန်းဂဏန်းကိုကြည့်ရင် ဂျပန်မှာနေထိုင်သူ ၅၀ မှာ တစ်ဦးဟာ နိုင်ငံခြားသားဖြစ်တယ်လို့ တွက်ချက်နိုင်ပြီး နိုင်ငံခြားသားဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက် ရှိပါတယ်။
ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသား အရေအတွက်ကို နိုင်ငံနဲ့ဒေသအလိုက် ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံသားဦးရေက အများဆုံးဖြစ်ပြီး ဗီယက်နမ်နိုင်ငံသားက နံပါတ်နှစ် ဒုတိယနေရာမှာ ရှိပါတယ်။ ဗီယက်နမ်နိုင်ငံသားတွေဟာ ကုန်ထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေး ကျွမ်းကျင်လုပ်သားနဲ့ ထရိန်နင်အလုပ်သမား အစီအစဉ်တွေနဲ့ ဂျပန်ကို လာရောက်သူ ပိုများလာပါတယ်။ ဗီယက်နမ်နောက်မှာတော့ တောင်ကိုရီးယားနိုင်ငံက တတိယ၊ ဖိလစ်ပိုင်နိုင်ငံက စတုတ္ထနဲ့ ဘရာဇီးနိုင်ငံကလာသူတွေက ပဉ္စမနေရာမှာ ရှိပါတယ်။
Human Diversity Japan သုတေသနဌာနက တရုတ်နိုင်ငံသား သုတေသီ Yang Zi ဟာ ၂၀၁၆ ခုနှစ်က ကြီးမားတဲ့ငလျင်ဒဏ်ခံခဲ့ရတဲ့ Kumamoto ခရိုင်အပါအဝင် သဘာဝဘေးဒဏ်သင့်ဒေသ အများအပြားကို သွားရောက် လေ့လာခဲ့ပါတယ်။ သူရဲ့သုတေသန စစ်တမ်းမှာ ကပ်ဘေးဒဏ်ခံရတဲ့ နိုင်ငံခြားသားတွေရဲ့ အခြေအနေ တွေကို အဓိကထား စုစည်းပြုစုထားပါတယ်။
မီးစ် Yang က “Gaikokujin(နိုင်ငံခြားသား)” ဆိုတဲ့ စကားလုံးနဲ့ နိုင်ငံခြားသားအားလုံးကိုခြုံပြီး အသုံးပြုလေ့ရှိကြတာ ဖြစ်ပေမဲ့ နိုင်ငံခြားသားတစ်ဦးစီမှာ မိခင်ဘာသာစကားနဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေက မတူညီကြပါဘူး။ ဒီလို ကွာဟချက်ကို ဂျပန်နဲ့ နိုင်ငံခြားသားတွေ အားလုံးက သဘောပေါက်နားလည်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ချိန်ရောက်ရင် အချင်းချင်း အပြန်အလှန် ကူညီရိုင်းပင်းနိုင်ဖို့ အရမ်း အရေးကြီးပါတယ်လို့ မီးစ် Yang က ပြောခဲ့ပါတယ်။ မတူကွဲပြားတဲ့ ဘာသာစကားမျိုးစုံ၊ ယဉ်ကျေးမှု ပေါင်းစုံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ မီးစ် Yang က အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၂ နိုင်ငံခြားသားတွေအတွက် ဘာသာစကား အဟန့်အတား

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ ဘာသာစကားနဲ့ယဉ်ကျေးမှု ကွဲပြားတာတွေကြောင့် အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့ကြရပါတယ်။
ဂျပန်နိုင်ငံက သဘာဝဘေးအန္တရာယ်တွေကို နိုင်ငံခြားသားတွေ ဘယ်လို ကျော်လွှားကြပါသလဲ။ ဂျပန်ကိုရောက်ပြီး မကြာခင်မှာ ကြီးမားတဲ့ ငလျင်ဘေးဒဏ်ကြီးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ပါကစ္စတန် အမျိုးသားတစ်ဦးရဲ့ အကြောင်းကို လေ့လာကြည့်ကြရအောင်။
ပါကစ္စတန်နိုင်ငံသား အစ္စလာမ်ဘာသာရေးဆရာ Sheeraz S. Khan ဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Kumamoto မြို့မှာ နေထိုင်ပါတယ်။ သူ အဲဒီမြို့ကို ပြောင်းလာခဲ့ပြီး တစ်လအကြာ ၂၀၁၆ ဧပြီလ ၁၄ ရက်နေ့မှာ သုညကနေ ၇ အထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာရေးစနစ်အရ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ မစ္စတာ Khan ဟာ အဆောက်အအုံထဲမှာ ရောက်နေရင်း အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတာကြောင့် တခြား မွတ်စလင် တွေနဲ့ အတူ ဗလီအနီးက ပန်းခြံတစ်ခုကို တိမ်းရှောင်ခဲ့ကြ ပါတယ်။ ညဘက်အချိန်ရောက်တော့ မိုးတွေလည်း ရွာလာခဲ့တဲ့ အခါ မစ္စတာ Khan နဲ့တခြားသူတွေဟာ “ဘာသာစကား အခက်အခဲ” နဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။
“အစိုးရပိုင်းက ကားနဲ့ရောက်လာပြီး တစ်ခုခု ကြေညာနေပေမဲ့ ဘာပြောနေသလဲ ကျွန်တော်တို့ နားမလည်ပါဘူး။ အဲဒါနဲ့ပဲကျွန်တော်တို့အားလုံး အဲဒီနေရာမှာ တစ်ညလုံးနေ လိုက်ရပါ တော့တယ်” ဆိုပြီး အဲဒီတုန်းက အဖြစ်အပျက်ကို သူက ပြန်ပြောပြပါတယ်။
အဲဒီနောက် မစ္စတာ Khan တို့ဟာ တိမ်းရှောင်ရေးစခန်းကို ရောက်အောင်သွားနိုင်ခဲ့ပေမဲ့ အဲဒီနေရာမှာလည်း ပြဿန အသစ် တစ်ခုနဲ့ ကြုံခဲ့ရပြန်ပါတယ်။ အဲဒါကတော့ တိမ်းရှောင်ရေးစခန်းက ကျွေးတဲ့ အစားအစာပဲ ဖြစ်ပါတယ်။
မွတ်စလင်ဘာသာဝင်တွေဟာ Halal တံဆိပ်ပါတဲ့ အစားအစာ တွေကိုပဲ ရွေးချယ်စားသုံးကြပါတယ်။ Halal အစားအစာ ဆိုတာက အစ္စလာမ်ဘာသာဥပဒေအရ မွတ်စလင်ဘာသာဝင်တွေ စားသုံးဖို့ သင့်လျော်တယ်လို့ သတ်မှတ်ထားတဲ့စားသောက်ကုန်တွေ ဖြစ်ပါ တယ်။ ဒါပေမဲ့ တိမ်းရှောင်ရေးစခန်းကကျွေးမွေးတဲ့ အစားအသောက် တွေမှာ ဘယ်လိုပါဝင်ပစ္စည်းတွေပါတယ် ဆိုတာကို မသိတာကြောင့် ဘာကိုမှ စားလို့မရခဲ့ဘူးလို့ မစ္စတာ Khan က ပြောပြပါတယ်။ ဘာတွေနဲ့ ချက်ထားသလဲဆိုတာနဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေကို မေးကြည့်ပေမဲ့ အရေးပေါ်အခြေအနေဖြစ်တာကြောင့် ကောင်းကောင်းမသိဘူးလို့ပဲ သူတို့ကဖြေတယ်လို့ သူက ပြောပြပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၃ နိုင်ငံခြားသား ကူညီထောက်ပံ့ရေး ဒေသခံအဖွဲ့က ဘယ်လို အကူအညီပေးမလဲ

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေ သဘာဝဘေးအန္တရာယ်တွေကို ဘယ်လို ကျော်လွှားကြပါသလဲ။ ဒီတစ်ခါ နိုင်ငံခြားသားတွေအတွက် ဒေသတွင်းနေထိုင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ထောက်ပံ့ကူညီရေးအဖွဲ့က ဘယ်လို ပံ့ပိုးကူညီမှုတွေပေးသလဲ လေ့လာကြည့်ကြရအောင်။
Kumamoto ခရိုင်မှာ ၂၀၁၆ ခုနှစ် ဧပြီလက အင်အားပြင်းငလျင်ကြီး လှုပ်ခဲ့ပါတယ်။ ငလျင်လှုပ်ခဲ့ချိန်တုန်းက အဲဒီမြို့မှာ နေထိုင်သူ နိုင်ငံခြားသား ၄၅၀၀ လောက်ဟာ ငလျင်ဘေးဒဏ်ကို ခံခဲ့ကြရပါ တယ်။ အဲဒီထဲမှာ ပါကစ္စတန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေ ပါဝင်ပါတယ်။ Kumamoto International Foundation က အဲဒီသူတွေကို အကူအညီပေးခဲ့တယ်။ ဒီမြို့မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝနဲ့ ပတ်သက်ပြီး ပုံမှန် ဆွေးနွေးကူညီပေးဖို့ အဲဒီဖောင်ဒေးရှင်းကို အဲဒီမြို့က တာဝန်ပေးအပ်ထားပါတယ်။
ဘေးအန္တရာယ်ကျရောက်နေစဉ်အတွင်း မြို့နေနိုင်ငံခြားသားတွေကို အကူအညီပေးဖို့ အဲဒီဖောင်ဒေးရှင်းရဲ့ရုံးတည်ရှိရာ Kumamoto City International Center ကို အခြေစိုက်နေရာအဖြစ် သတ်မှတ်ခဲ့ပါ တယ်။
အဲဒီအချိန်က အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ Yagi Hiromitsu ဟာ အဲဒီစင်တာမှာ ဘာသာစကားမျိုးစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့သူတွေအတွက် တိမ်းရှောင်ရေးစခန်း အဖြစ် ဝန်ဆောင်မှု ပေးခဲ့ပါတယ်။
နိုင်ငံခြားသား နေထိုင်သူတွေအနေနဲ့ ဘာသာစကား ဒါမဟုတ် တခြားပြဿနာတွေရှိမရှိ၊ မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ လိုက်လျော ညီထွေဖြစ်မယ့် အကူအညီတွေ လိုအပ်မှု ရှိမရှိ မေးမြန်း ဝန်ဆောင်မှု ပေးခဲ့တယ်လို့ မစ္စတာ Yagi က ဆိုပါတယ်။
အဲဒီစခန်းမှာ ဂျပန်နဲ့ နိုင်ငံခြားသားစုစုပေါင်းလူ ၁၄၀ ကျော် တိမ်းရှောင်ခိုလှုံခဲ့ပါတယ်။ အစားအသောက်အချိန်ဇယား၊ သယ်ယူပို့ ဆောင်ရေးနဲ့ တခြားအချက်အလက်တွေကို အင်္ဂလိပ်၊ တရုတ်နဲ့ တခြားဘာသာစကားတွေနဲ့ အသိပေးစာတွေရေးပေးပြီး whiteboard မှာ ကပ်ပေးထားပါတယ်။
ကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှုတွေနဲ့ ကိုက်ညီမယ့် အစားအသောက်ဆိုင်ရာ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
အစားအစာထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေကို ရှင်းပြပေးထားတဲ့ အတွက် တိမ်းရှောင်လာသူတချို့ကို စိတ်သက်သာမှု ပေးနိုင်ခဲ့တယ် ထင်ကြောင်း မစ္စတာ Yagi က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၄ တိမ်းရှောင်ရေးစခန်းတွေမှာ နိုင်ငံခြားသားတွေ ကြုံတွေ့ရတဲ့ အခက်အခဲများ

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေ သဘာဝဘေးအန္တရာယ်တွေ ကြုံလာတဲ့အခါ ဘယ်လို ကျော်လွှားကြပါသလဲ။ ဒီနေ့မှာတော့ တိမ်းရှောင်ရေး စခန်းတွေမှာ နိုင်ငံခြားသားတွေ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတချို့နဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်။

Kumamoto ခရိုင်မှာ ၂၀၁၆ ခုနှစ်၊ဧပြီလက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားခဲ့ တဲ့နေရာတွေက များပြား ပြီး လမ်းတွေလည်း ပျက်သွားခဲ့တာကြောင့် နိုင်ငံခြားသားတွေဟာ国際交流会館(kokusai kouryuu kaikan)လို့ခေါ်တဲ့ နိုင်ငံခြားသား အကူညီပေးရေး စခန်းတွေဆီကို ရောက်မလာနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒေသန္တရအတွင်း တာဝန်ရှိသူတွေဟာ အုပ်စုခွဲပြီး တိမ်းရှောင်ရေး စခန်းတွေကို လှည့်လည်သွားရောက် ကြည့်ရှုရပါတယ်။
Kumamoto မှာနေထိုင်တာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်တဲ့ မီးစ် Yang Jun က ဘေးအန္တရာယ်တိမ်းရှောင်ရေးစခန်းမှာရောက်နေတဲ့ တရုတ်နိုင်ငံ သားတွေကို ကူညီဖို့တာဝန်ယူခဲ့ပါတယ်။ သူဟာ Kumamoto နိုင်ငံတကာဆက်ဆံရေးဖောင်ဒေးရှင်းမှာ တရုတ်ဘာသာစကားနဲ့ တိုင်ပင်ဆွေးနွေးချင်သူတွေအတွက် ဝန်ဆောင်မှုပေးနေသူ ဖြစ်ပါ တယ်။ တိမ်းရှောင်ရေးစခန်းတွေကို လှည့်လည်သွားရောက်တဲ့အခါ နိုင်ငံခြားသားတွေဟာ ဂျပန်လူမျိုးတွေကြားထဲမှာ အထီးကျန် ဖြစ်နေ တာကို သူ သတိပြုမိခဲ့ပါတယ်။
မီးစ် Yang က ဂျပန်မှာ အနေကြာတဲ့သူတွေတောင် ဘေးအန္တရာယ် ကြုံလာချိန်မှာ သူတို့ မိခင်ဘာသာစကားနဲ့ “အဆင်ပြေရဲ့လား” လို့ အမေးခံရတဲ့အခါမှာ မျက်ရည်ကျလောက်အောင်ကို ဝမ်းသာပြီး စိတ်သက်သာရာ ရသွားကြတဲ့သူတွေ ရှိတယ်လို့ ပြောပြပါတယ်။
ဘာသာစကား အခက်အခဲက အတားအဆီးတွေ၊ ပြဿနာတွေ အမျိုးမျိုး ဖြစ်ပေါ်စေပါတယ်။
တိမ်းရှောင်ရေးစခန်းတစ်ခုမှာ နိုင်ငံခြားသားတစ်ဦးဟာ ထောက်ပံ့တဲ့ အနေနဲ့ ပေးတဲ့ပစ္စည်း တွေကို လိုအပ်တာထက် ပိုယူသွားတယ်လို့ ဂျပန်လူမျိုး တိမ်းရှောင်လာသူတွေက တိုင်ကြားတာရှိခဲ့ပါတယ်။ မီးစ် Yang ဟာ အဲဒီ နိုင်ငံခြားသားနဲ့စကားပြောကြည့်တဲ့အခါမှာ နေ့ခင်း ဘက်မှာ အပြင်ထွက်နေတဲ့ မိသားစုဝင်တွေအတွက် ယူပေးထားတာ ဆိုတာကို သိခဲ့ရပါတယ်။ ဒီအကြောင်းကို တခြားတိမ်းရှောင်လာသူ တွေကို ပြန်ရှင်းပြပေးလိုက်တဲ့အခါ အဲဒီ ပြဿနာပြေလည်သွားခဲ့ပါ တယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၅ တိမ်းရှောင်ရေးစခန်းတွေမှာ နိုင်ငံခြားသားတွေက တစ်သီးတစ်ခြားစီ ဖြစ်မနေအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေ သဘာဝဘေးအန္တရာယ် တွေကြုံလာတဲ့အခါ ဘယ်လို ကျော်လွှားကြပါသလဲ။ ဒီနေ့မှာတော့ တိမ်းရှောင်ရေး စခန်းတွေမှာနေထိုင်ရတဲ့အခါ နိုင်ငံခြားသားတွေ တစ်သီးတစ်ခြားစီနေထိုင်နေရတာဖြစ်မနေအောင်ဘယ်လို ကာကွယ် ကြမလဲဆိုတာကို ကြည့်ကြရအောင်။

၂၀၁၆ ခုနှစ် ဧပြီလက Kumamoto ခရိုင်မှာ ကြီးမားတဲ့ငလျင်လှုပ်ခဲ့ တုန်းက ပုံမှန် အချိန်ကတည်းက ဒေသတွင်းက လူမှုအသိုက်အဝန်းနဲ့ နိုင်ငံခြားသားတွေ ခင်မင် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာဟာ အရေးကြုံ လာတဲ့အခါ နိုင်ငံခြားသားတွေ တသီးတခြားစီ ဖြစ်မနေစေတာကို တွေ့ရတယ် ဆိုတဲ့ သာဓကတစ်ခု ရှိခဲ့ပါတယ်။
ထိုင်ဝမ်ကလာတဲ့ မီးစ် Chiu Kuei-fen ဟာ အဲဒီမြို့က ဂျပန်ဘာသာ စကားသင်တဲ့ကျောင်းမှာ တက်ရောက်နေသူ ဖြစ်ပါတယ်။
သူ့မှာ ကလေးငယ်လေးရှိပြီး ခင်ပွန်းတို့နဲ့အတူ ငလျင်လှုပ်ချိန်မှာ တိမ်းရှောင်ရေးစခန်းကို သွားနေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ စခန်းအားလုံးမှာ ဘေးလွတ်ရာ တိမ်းရှောင်လာသူတွေနဲ့ ပြည့်နေပြီး သူတို့မိသားစု ကားထဲမှာပဲနေခဲ့ရတာရှိသလို သူငယ်ချင်းရဲ့အိမ်မှာ သွားနေခဲ့ရတာလည်း ရှိပါတယ်။
ရက်အနည်းငယ်ကြာတဲ့အထိ ထောက်ပံ့ရေးပစ္စည်းတွေရော သတင်း အချက်အလက်တွေပါ မရရှိခဲ့ပါဘူး။
အဲဒီလို ၄ ရက်ကြာပြီးနောက်မှာ အိမ်ကို ပြန်လာနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ရေမရရှိတဲ့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ရေပေးဝေမှု ပြန်စပြီးနောက် မှာတောင် ရေပိုက်ကလာတဲ့ရေတွေဟာ နောက်ကျိနေပြီး သောက်သုံးလို့မရတဲ့အပြင် ရေချိုးဖို့အတွက်လည်း အဆင်မပြေပါ ဘူး။ နိုင်ငံခြားသား တခြားသူငယ်ချင်းတွေကို မေးပေမဲ့ ဘာအချက်အလက်မှ မရခဲ့ပါဘူး။ အဲဒီနောက်တက်နေတဲ့ ဂျပန်စာ ကျောင်းကတစ်ဆင့် အကူအညီရလာခဲ့ပါတယ်။
မီးစ် Chiu နဲ့ တခြားနိုင်ငံခြားသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ကြားသိရတဲ့အခါ ကျောင်းမှာ စာသင်ပေးနေတဲ့ စေတနာ့ ဝန်ထမ်း ဂျပန်ဆရာတွေက သူတို့အတွက် နေ့စဉ်နေထိုင် မှုဘဝမှာ မရှိမဖြစ်လိုအပ်တာတွေကို ဝန်ဆောင်မှု ပေးနေတာတွေ သိအောင် လုပ်ပေးခဲ့ပါတယ်။ လိုင်းပေါ်မှာ စာအပြန်အလှန်ပို့နိုင်တဲ့ LINE အက်ပလီကေးရှင်း မှာ ဂျပန်စာသင်တန်း ကျောင်းသား ကျောင်းသူ တွေအတွက် Group ဖွဲ့ပြီး အဲဒီကနေ အချက်အလက်တွေ မျှဝေ ပေးပါတယ်။ အစားအသောက်တွေ ဝေပေးတဲ့နေရာတွေနဲ့ ရေချိုးနိုင်တဲ့နေရာ စတဲ့ သတင်းအချက်အလက်တွေကို ဆရာတွေက လိုင်းပေါ်မှာ ရေးပြီး ပို့ပေးခဲ့ပါတယ်။
မီးစ် Chiu တို့နေထိုင်တဲ့ မြို့နယ်အနီးတဝိုက်မှာ ရှိတဲ့ နေရာက သတင်း အချက်အလက်တွေကို အဲဒီ LINE Group ကနေ မျှဝေပေး လို့ တကယ့်ကို အထောက်အကူ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း −၆ နိုင်ငံခြားသားတွေနဲ့ နားလည်လွယ်တဲ့ ဂျပန်စကား အသုံးအနှုန်း

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ချိန်မှာ ဘယ်လို အခက်အခဲတွေကျော်လွှားကြပါသလဲ။ ဒီနေ့မှာတော့ နိုင်ငံခြားသားတွေ အလွယ်တကူနားလည်နိုင်မယ့် ဂျပန်စကား ကိုလေ့လာကြည့်ကြရအောင်။

၂၀၁၆ ခုနှစ် Kumamoto ခရိုင်မှာ လှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံခြားသားတွေရဲ့ သဘာဝဘေး အတွေ့အကြုံ တွေကို လေ့လာခဲ့ရာမှာ သဘာဝဘေးအန္တရာယ် တစ်ခု ကျရောက်လာရင် နိုင်ငံခြားသားတွေအတွက် ဘာသာစကားကို နားလည်ဖို့ အခက်အခဲကို ဘယ်လိုကျော်လွှားရမလဲဆိုတာက အဓိက စိန်ခေါ်မှုကြီးတစ်ခုလို ဖြစ်နေပါတယ်။
စမတ်ဖုန်း အက်ပလီကေးရှင်းတွေကို အသုံးပြုပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ကိုယ့်ရဲ့ဘာသာစကားနဲ့ ဘာသာ ပြန်ပြီး နားလည်အောင်လုပ်လို့ ရတဲ့ နည်းလည်းရှိပါတယ်။
အစိုးရနဲ့ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကတော့ “Easy Japanese” လို့ခေါ်တဲ့လွယ်ကူပြီး တိုတိုနဲ့ လိုရင်းကိုနားလည်အောင်ပြောနိုင်တဲ့ ဂျပန်စကား အသုံးအနှုန်းတွေ မြှင့်တင်အသုံးပြုနေကြပါတယ်။
အစိုးရနဲ့ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အင်တာနက် စာမျက်နှာတွေ နဲ့ လက်ကမ်းစာစောင်တွေမှာတော့ “Easy Japanese” ကို အသုံးပြု နေပြီ ဖြစ်ပြီး ဘေးအန္တရာယ်ဖြစ်လာရင် တိမ်းရှောင် နေထိုင်နိုင်တဲ့ စခန်းတွေမှာလည်း “Easy Japanese” ကို နောက်ပိုင်းမှာ အသုံးပြု လာကြတော့မယ်လို့ မျှော်လင့်ရပါတယ်။
ဂျပန်စကားအသုံးအနှုန်းတွေထဲမှာ တခါတရံ ရှင်းပြမထားဘဲ ကွယ်ဝှက်ပါရှိနေတဲ့ အဓိပ္ပာယ်မျိုးတွေပါတာကြောင့် နိုင်ငံခြားသား တွေအတွက် နားလည်ရခက်တတ်ပါတယ်။ ဥပမာ “Gojiyu ni omochi kudasai” ဆိုတဲ့အသုံးအနှုန်းပါ။ “လွတ်လပ်စွာ ယူသွားလို့ ရပါတယ်” ဆိုတဲ့ အဓိပ္ပါယ်ပါ။ တိမ်းရှောင်ရေးစခန်းတွေမှာ ထောက်ပံ့ရေးပစ္စည်းတွေ ဝေပေးတဲ့အခါ ပစ္စည်းတွေကို လူတွေ ယူနိုင်ပါတယ်တဲ့ အဓိပ္ပါယ်နဲ့ ဒီစာကြောင်းကို သုံးလေ့ရှိပါတယ်။ ဒါပေမဲ့လည်း လူအများအပြား ပစ္စည်းကိုရအောင် မိမိအနေနဲ့ လိုအပ်တဲ့ အနည်းဆုံးပမာဏကိုပဲ ယူစေချင်တယ် ဆိုတဲ့ နောက်ကွယ်က အဓိပ္ပါယ် ဒီစာကြောင်းမှာ ပါဝင်နေပါတယ်။
နိုင်ငံခြားသားတွေအတွက်ဆိုရင် လူတစ်ဦးကို ပစ္စည်းတစ်ခုပဲ ယူနိုင် တယ်လို့ ဂျပန်လို ရေးထားမယ်ဆိုရင် ရှင်းလင်း လွယ်ကူမှာ ဖြစ်ပါ တယ်။
ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့နိုင်ငံခြားသားတွေကို လေ့လာနေတဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးက နိုင်ငံခြားသားတွေကို ပေးချင်တဲ့ သတင်းစကားကို နားလည်လွယ်အောင် တိတိကျကျ ပြောပြထား မယ်ဆိုရင် ဘေးအန္တရာယ်ကြုံချိန်မှာ အချင်းချင်း နားလည်မှု လွဲတာမျိုး မရှိနိုင်တော့ဘူးလို့ ပြောပြပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၇ အစားအစာယဉ်ကျေးမှုမတူညီတာကို ထည့်သွင်း စဉ်းစားပြင်ဆင်ထားတဲ့ အရေးပေါ် အစားအသောက်များ

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေရတဲ့အခါ ဘယ်လို ကျော်လွှားကြပါသလဲ။ အစားအစာယဉ်ကျေးမှု မတူညီတာကို ထည့်သွင်းစဉ်းစား ပြင်ဆင်ထားတဲ့ အရေးပေါ်သုံး စားသောက်ကုန်非常食(Hijoushoku)တွေကို လေ့လာကြည့်ကြရအောင်။

ဘာသာရေးနဲ့ယဉ်ကျေးမှု မတူတာကြောင့် တိမ်းရှောင်ရေးစခန်းမှာ ချက်ပြုတ်ပြီး အခမဲ့ကျွေးမွေးတဲ့ အစားအစာတွေကို စားသုံးလို့မရတဲ့ နိုင်ငံခြားသားတချို့ ရှိပါတယ်။
မွတ်စလင်ဖြစ်နေသူတွေဟာ တင်းကျပ်တဲ့မွတ်စလင် စည်းမျဉ်းတွေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Halal(ဟာလာလ်) ထုတ်ကုန်အစားအသောက်တွေကလွဲပြီး တခြားအစားအစာကို စားသုံးလို့ မရပါဘူး။ ဂျပန်နိုင်ငံမှာ ဟာလာလ် စားသောက်ကုန် ဖြစ်ကြောင်း ထောက်ခံချက် ရရှိထားတဲ့ 非常食(Hijoushoku)အရေးပေါ် စားသောက်ကုန်တွေ ရှိပါတယ်။
ဂျပန်မှာ အသားငါး မစားတဲ့ သက်သတ်လွတ်စားသုံးသူတွေ အတွက် အထူးထုတ်လုပ်ထားတဲ့ အရေးပေါ် စားသောက်ကုန်非常食(Hijoushoku)တွေ ရှိပါတယ်။
အသား၊ ငါး စတာတွေ မပါဝင်တဲ့ ခေါက်ဆွဲဗူးတွေအပါအဝင် သက်သတ်လွတ် စားသောက်ကုန် အမျိုးမျိုးရှိပါတယ်။
သဘာဝဘေးဒဏ်သင့် နိုင်ငံခြားသားတွေရဲ့ အခြေအနေတွေကို လေ့လာနေတဲ့ Human Diversity Japan သုတေသန ဌာနက တရုတ်နိုင်ငံသားသုတေသီ Yang Zi က အစားအစာနဲ့ပတ်သက်ပြီး စဉ်းစားရွေးချယ်စားသုံးရသူတွေဟာ 非常食(Hijoushoku)အရေးပေါ်အစားအစာတွေ ကြိုတင်ဆောင်ထားဖို့ အရေးကြီးတယ်လို့ အလေးထား ပြောကြားခဲ့ပါတယ်။ တိမ်းရှောင်ရေးစခန်း တွေမှာလည်း နိုင်ငံခြားသားတွေအတွက် အထူးအစားအစာတွေကို သိုလှောင်ထားသင့်ပြီး ဂျပန်လူမျိုးတွေလည်း စားသုံးကြည့်စေချင်တယ်လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း−၈ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နိုင်ငံခြားသားခေါင်းဆောင်

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ခဲ့ရတာကို ဘယ်လို ကျော်လွှားကြပါသလဲ။ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အဖွဲ့တွေမှာဦးဆောင်ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံခြားသားတွေ အကြောင်း လေ့လာကြည့်ကြရအောင်။

Okayama ခရိုင် Soja မြို့မှာ ဗီယက်နမ်နဲ့ ဘရာဇီးနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၁၅၀၀ လောက် နေထိုင်ပါတယ်။ အဲဒီမြို့ဟာ နိုင်ငံခြားသား နေထိုင်သူတွေကို သူတို့ ရပ်ရွာတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး ဦးဆောင်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး လေ့ကျင့်ပေးလာခဲ့ပါတယ်။ ဘရာဇီးနိုင်ငံက Tan Shun Wai ဟာ အဲဒီလို လေ့ကျင့်ပေးတဲ့ အစီအစဉ်တွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံသားအဖြစ် ခံယူထားပြီး ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့မှာ အစိုးရဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
ဂျပန် အရှေ့မြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ် မတ်လမှာဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမီမှာ ထွက်ပြေးတိမ်းရှောင်နည်းကို မသိဘဲ ဘေးဒဏ်သင့်ခဲ့ရတဲ့ နိုင်ငံခြားသားတွေရဲ့ အတွေ့အကြုံတွေကို လေ့လာခဲ့ပြီး မစ္စတာ Tan က ဒါဟာအန္တရာယ်ရှိတဲ့ ပြဿနာတစ်ခု လို့ သုံးသပ်ခဲ့ပါတယ်။
နိုင်ငံခြားသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် သေဆုံးမှု လျော့ပါးစေဖို့ လိုအပ်တဲ့ဗဟုသုတတွေရှိဖို့၊ အသိပညာတွေ တတ်မြောက်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။ ဒါ့ကြောင့် ရှေးဦးသူနာပြုစုနည်းနဲ့ သဲအိတ်ပြုလုပ်နည်း စတဲ့ သင်တန်းတွေ ပို့ချပေးဖို့ မြို့တာဝန်ရှိသူတွေကို သူက တိုက်တွန်းပြီး အကောင်အထည်ဖေါ်ခဲ့ပါတယ်။ သင်တန်းတက်ရောက်သူ တွေဟာ “ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နိုင်ငံခြားသား ခေါင်းဆောင်တွေ” ဖြစ်လာပြီး သူတို့ နေထိုင်ရာ ရပ်ရွာဒေသတွေမှာ ပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့ကျင့်မှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတွေ ဖြစ်လာကြပါတယ်။
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ခေါင်းဆောင် ဖြစ်လာသူက အခုအချိန်မှာ နိုင်ငံပေါင်း ၈ နိုင်ငံကလာသူ နိုင်ငံခြားသား ၄၃ ဦး ရှိနေပါပြီ။ ၂၀၁၈ ခုနှစ် ဂျပန် အနောက်ပိုင်းဒေသ မိုးကြီးမှုဖြစ်ပွားခဲ့တုန်းက မြို့မှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီး ခဲ့တာကြောင့် မစ္စတာ Tan နဲ့ တခြားနိုင်ငံခြားသားတွေထဲက ခေါင်းဆောင်တွေဟာ တရုတ်၊ ပေါ်တူဂီ ဘာသာစကားတွေနဲ့ အချက်အလက်တွေကို ဖြန့်ဝေပေးခဲ့ကြပါတယ်။
သဘာဝဘေးဒဏ်ခံရတဲ့ နိုင်ငံခြားသား နေထိုင်သူတွေကို ထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေပေးခဲ့ပြီး ရေဘေးသင့်ဧရိယာတွေ မှာ နေထိုင်သူတွေဆီ သွားရောက်ပြီး ကူညီခဲ့တာတွေကိုလည်း သူတို့ ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံခြားသား နေထိုင်သူတွေရဲ့ အကြံပြုချက်တွေအများကြီး ပါဝင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်စွဲစာအုပ်ကိုလည်း ပြုစု ထုတ်ဝေဖို့လည်း စီစဉ်နေပါတယ်။ အဲဒီလက်စွဲစာအုပ်ကို ဘာသာစကား ၈ မျိုးနဲ့ ထုတ်မှာဖြစ်ပြီး နိုင်ငံခြားသား နေထိုင်သူတွေ ကို ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေမှာ မြို့တွင်းနေထိုင်သူ နိုင်ငံခြားသားတွေ နေ့စဉ်ပါဝင်လှုပ်ရှားတာဟာ ဂျပန်လူမျိုး တွေနဲ့လည်း အပြန်အလှန် ရိုင်းပင်းကူညီဖို့ကို ဖြစ်စေတာကြောင့် သဘာဝဘေးအန္တရာယ်တွေ ကျရောက်ချိန်မှာ အတူလက်တွဲ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။