ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

အရေးပေါ် သတိပေးချက်တွေနဲ့ ပတ်သက်၍

အပိုင်း ၁− 特別警報(とくべつけけいほう)အရေးပေါ် အထူးသတိပေးချက် ဆိုတာ ဘာပါလဲ။

ဂျပန်မှာ ကြီးမားပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာ ဒါမှမဟုတ် ဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားလာတဲ့ အခါမျိုးမှာ ဂျပန်မိုးလေဝသအေဂျင်စီ JMA ကနေ 特別警報(とくべつけいほう)လို့ခေါ်တဲ့ အရေးပေါ် အထူးသတိပေးချက် ထုတ်ပြန်ပါတယ်။ အခုတစ်ကြိမ်မှာ “အရေးပေါ် အထူးသတိပေးချက်” နဲ့ “ပုံမှန်သတိပေးချက်” တွေအကြား ဘယ်လို ကွဲပြားခြားသလဲ၊ ဘယ်လို အခြေအနေမှာ 特別警報(とくべつけいほう)လို့ခေါ်တဲ့ “အရေးပေါ် အထူးသတိပေးချက်” ထုတ်ပြန်တတ်သလဲ စတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးပါမယ်။
特別警報(とくべつけいほう)လို့ခေါ်တဲ့ အရေးပေါ် အထူးသတိပေးချက် ကို သဘာဝ ဘေးအန္တရာယ်ပုံစံအမျိုးမျိုးအပေါ် မူတည်ပြီး JMA က ထုတ်ပြန်ပေးပါတယ်။ မိုးသည်းသည်းထန်ထန် ရွာသွန်းရင် 大雨(Ooame)၊ လေမုန်တိုင်းတိုက်ရင်暴風(Boufuu)၊ မုန်တိုင်းကြောင့် ဒီရေတက်ရင်高潮(Takashio)၊ လှိုင်းကြီးရင်波浪(Harou)၊ ဆီးနှင်းထူထပ်စွာ ကျဆင်းရင် 大雪(Ooyuki)နဲ့ နှင်းမုန်တိုင်း တိုက်ခတ်ရင်暴風雪(Boufuusetsu)ဆိုပြီးရာသီဥတု အခြေအနေပေါ် မူတည်ပြီး အရေးပေါ်သတိပေးချက် ၆ မျိုးကို JMA က ထုတ်ပြန်ပါတယ်။
特別警報(とくべつけいほう)လို့ခေါ်တဲ့ အရေးပေါ် အထူးသတိပေးချက် ဆိုတာဟာ “ပုံမှန်သတိပေးချက်” ထုတ်ပြန်တာနဲ့ မတူဘဲ အဆများစွာကွာတဲ့ အတိုင်းအတာနဲ့ အလွန်ကြီးမားတဲ့ ဘေးအန္တရာယ်တွေ ဖြစ်လာနိုင်ခြေရှိရင် လူတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ ထုတ်ပြန်တာ ဖြစ်ပါတယ်။ အရေးပေါ် အထူးသတိပေးချက် ထုတ်ပြန်ချိန်မှာ ကြီးမားတဲ့သဘာဝဘေးတစ်ခုခု ဖြစ်ပွားနေတာမျိုး ဘေးအန္တရာယ် ကြီးကြီးမားမား ဖြစ်ပွားနေတာကို သတိပေးချက် ထုတ်ပြန်တတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အရေးပေါ် အထူးသတိပေးချက် 特別警報(とくべつけいほう)ကြေညာထားတဲ့ ဒေသမှာ နေထိုင်သူတွေအနေနဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ တစ်ကြိမ်လောက်ပဲ ဖြစ်တတ်တဲ့ သဘာဝဘေးကျရောက် နေတာ ဒါမှမဟုတ်၊ လူအများစုအနေနဲ့ တစ်ခါမှ မကြုံဖူးတဲ့ ဆိုးရွားတဲ့ အန္တရာယ်တစ်ခုခု ကျရောက်လာတာကို ကြုံနိုင်တဲ့အခြေအနေမျိုး ဖြစ်နေပြီလို့ သိရမှာဖြစ်ပါတယ်။ အဲဒီလိုအရေးပေါ် အထူးသတိပေးချက် ကြေညာလိုက်တဲ့ ဒေသမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိရှိဖို့လိုအပ်ပြီး မိမိတို့ အသက်ဘေးကို မထိခိုက်စေဘဲ ကာကွယ်နိုင်တဲ့ နည်းလမ်းမျိုးနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အပိုင်း ၂− 特別警報(とくべつけけいほう)အရေးပေါ် အထူးသတိပေးချက် စနစ်ရဲ့ ကျင့်သုံးရခြင်းရဲ့ နောက်ခံအကြောင်းရင်းက ဘာပါလဲ။

ဂျပန်မှာ ကြီးမားပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေပြီး အသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေ အလွန်မြင့်မားလာတဲ့အခါမျိုး မှာ ဂျပန်မိုးလေဝသအေဂျင်စီ JMA ကနေ 特別警報(とくべつけいほう)လို့ခေါ်တဲ့ အရေးပေါ် အထူးသတိပေးချက် ထုတ်ပြန်ပါတယ်။
“အရေးပေါ် အထူးသတိပေးချက်” ထုတ်ပြန်ရခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတွေ ရှိပါတယ်။ ဟိုအရင်က ကြီးမားတဲ့ သဘာဝဘေးတွေ ကျရောက်ခဲ့တဲ့အခါ မိုးသည်းထန်တဲ့သတိပေးချက်၊ မြေပြိုမယ့် သတိပေးချက်တွေကို သမားရိုးကျ မိုးလေဝသသတိ ပေးချက်တွေနဲ့ပဲ ထပ်ခါတလဲလဲ ထုတ်ပြန်ခဲ့ပေမဲ့လည်း လူတွေက ဘေးလွတ်ရာကိုရှောင်တိမ်းကြတာမရှိခဲ့ပါဘူး။ ထိခိုက်ပျက်စီးမှုတွေ နည်းပါးအောင် ကာကွယ်ပေးနိုင်တာမျိုးလည်း ဖြစ်မလာခဲ့ဘူးဆိုတဲ့ သင်ခန်းစာတွေ ရှိခဲ့လို့ပဲ “အရေးပေါ် အထူးသတိပေးချက်”ကို ထုတ်ပြန်တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက ဂျပန်နိုင်ငံအနောက်ပိုင်း Kii ကျွန်းဆွယ်ကို ရိုက်ခတ်ခဲ့တဲ့ တိုက်ဖွန်းမုန်တိုင်းဟာ ကြီးမားပြင်းထန် တဲ့အတွက် မိုးလေဝသအေဂျင်စီက အန္တရာယ်ကြီးကြောင်း သတိ ပေးချက်ကို ထုတ်ပြန်ခဲ့ပေမဲ့လည်း သေဆုံးသူ ၉၀ ကျော် ရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ် မတ်လမှာတော့ ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက် ပိုင်းမှာ ငလျင်ကြီးလှုပ်ပြီး ဆူနာမီရေလှိုင်းကြီးတွေ ဝင်ရောက်ခဲ့ ပါတယ်။ အဲဒီအချိန်မှာ မိုးလေဝသ အေဂျင်စီက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေသခံတွေဟာ ချက်ခြင်းဘေးလွတ်ရာ ကို တိမ်းရှောင်ဖို့ မလိုအပ်ဘူးလို့ ထင်ခဲ့ပြီး ထွက်ပြေးတာ မလုပ်ခဲ့ကြ ပါဘူး။ အဲဒါကြောင့် ဂျပန်မိုးလေဝသအေဂျင်စီ JMA ဟာ ကြီးမားတဲ့ အန္တရာယ်ကျရောက်နိုင်တယ် ဆိုတာကို ရှင်းလင်းနားလည်လွယ်တဲ့ နည်းနဲ့ ပြည်သူတွေဆီကို အသိပေးနိုင်ဖို့နဲ့ တစ်ဦးချင်းက ကိုယ့် ကိုယ်ကိုယ် အသက်အန္တရာယ်ကင်းအောင် လုပ်ဆောင်နိုင်ဖို့ ၂၀၁၃ မှာ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး 特別警報(とくべつけいほう)အရေးပေါ် အထူးသတိပေးစနစ်ကို စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ အပေါ် အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။

အပိုင်း ၃− ကြေညာချက်တွေရဲ့ စံနှုန်း

特別警報(とくべつけいほう)အရေးပေါ် အထူးသတိပေးချက် ထုတ်ပြန်တယ်ဆိုတာ ကြီးမားပြင်းထန်တဲ့ သဘာဝဘေးကျရောက်ဖို့ အန္တရာယ်ရှိနေတာကို ဆိုလိုပါတယ်။ အင်မတန်ကြီးမားတဲ့ အန္တရာယ် ကျ‌ရောက်နိုင်ခြေ အလွန်မြင့်မားလာတဲ့အချိန်ဆိုတာ ဘယ်လို အခြေအနေကို ဆိုလိုတာပါလဲ။
အဖြေကတော့ အဲဒီ ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတစ်ခုမှာ နှစ် ၅၀ အတွင်းမှာ တစ်ကြိမ်လောက်ပဲ ဖြစ်နိုင်တဲ့ သဘာဝဘေးအန္တရာယ် မျိုး ကျရောက်လာပြီဆိုတာမျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် အဲဒီလို သဘာဝဘေးအန္တရာယ် ကြီးကြီးမားမား ကျရောက်တော့မယ်လို့ ခန့်မှန်းထားရင် 特別警報(とくべつけいほう)အရေးပေါ် အထူးသတိပေးချက်ကို ထုတ်ပြန်မှာဖြစ်ပါတယ်။
特別警報(とくべつけいほう)အရေးပေါ် အထူးသတိပေးချက် ထုတ်ပြန်တဲ့ ဘေးအန္တရာယ်က ဘယ်လောက်ကြီးမားသလဲဆိုရင်

• သေဆုံးသူနဲ့ ပျောက်ဆုံးသူပေါင်း ၁၈,၀၀၀ ကျော်ရှိခဲ့တဲ့ ၂၀၁၁ ခုနှစ် က ဖြစ်ပွားခဲ့တဲ့ အရှေ့ဂျပန်ပိုင်း မဟာငလျင်ကြီး လှုပ်ခတ်ခဲ့တုန်းက အခြေအနေမျိုးဖြစ်ပါတယ်။

ဧရာမဆူနာမီလှိုင်းကြီးတွေ ဝင်လာတာမျိုးလိုအခြေအနေကို ဆိုလို ပါတယ်။
• ဂျပန်နိုင်ငံတွင်းမှာ စံချိန်တင်ခဲ့တဲ့ အမြင့်ဆုံးအဆင့်ရောက်အောင် ဒီရေတက်ပြီး သေဆုံးသူနဲ့ပျောက်ဆုံးသူပေါင်း ၅,၀၀၀ ကျော် ရှိခဲ့တဲ့ ၁၉၅၉ ခုနှစ် က “Isewan” တိုင်ဖွန်းမုန်တိုင်း ဝင်သလိုမျိုး အခြေအနေကို ရောက်နေရင်လည်း အရေးပေါ်အထူးသတိပေးချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။
• ၂၀၁၉ ခုနှစ်က ဂျပန်အရှေ့ပိုင်း တိုင်ဖွန်းမုန်တိုင်းမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ပျောက်ဆုံးသွားခဲ့သူပေါင်း ၁၀၀ ကျော် ရှိခဲ့တဲ့ ထူးထူးခြားခြားဆိုးရွားတဲ့ ရာသီဥတုအခြေအနေမျိုးတွေမှာ
အာဏာပိုင်တွေက 特別警報(とくべつけいほう)အရေးပေါ် အထူးသတိပေးချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။
特別警報(とくべつけいほう)အရေးပေါ် အထူးသတိပေးချက် ထုတ်ပြန်ရလောက်တဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ပျက်ဆီးဆုံးရှုံး သေဆုံးမှုတွေ အရမ်းကြီးမားစွာ ဖြစ်စေတဲ့ သဘာဝဘေးတွေပဲ ဖြစ်ဖို့များပါတယ်။

ဒီသတင်းက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က အချက်အလက်တွေ အပေါ် အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။

အပိုင်း ၄− 特別警報(とくべつけいほう)အရေးပေါ်အထူးသတိပေးချက် မထုတ်ပြန်ခင် ထွက်ပြေးတိမ်းရှောင်ခြင်း

ဂျပန်မှာ ပြင်းထန်တဲ့ သဘာဝဘေးတွေ ဖြစ်ပေါ်နေချိန် မှာအန္တရာယ်ကြီးမားလာနိုင်တဲ့ အခါမျိုးမှာ特別警報(とくべつけいほう)လို့ခေါ်တဲ့ အရေးပေါ် အထူးသတိပေးချက်ကို ဂျပန်မိုးလေဝသအေဂျင်စီ JMA က ထုတ်ပြန် ကြေညာလာရင် လူတွေ အနေနဲ့ ဘယ်လိုတုံ့ပြန်ဆောင်ရွက်သင့်ပါသလဲ။

မိုးကြီးပြီး သည်းသည်းထန်ထန် ရွာသွန်းနေတာကို ဥပမာပေးပြီး ပြောရရင် အရေးပေါ်အထူးသတိပေးချက် ကြေညာချိန်မှာ ဘေးအန္တရာယ် ကြီးကြီးမားမား ကျရောက်နေပြီ ဖြစ်နိုင်တယ်ဆိုတာ သိရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူတွေအနေနဲ့ အရေးပေါ်အထူးသတိပေးချက် မထုတ်ပြန်လာခင်ကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ အရေးကြီးပါတယ်။ မိုးကြီးလေကြီး ကျရောက်တာနဲ့ ပတ်သက်ပြီး ဘေးလွတ်ရာတိမ်းရှောင်ရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး သဘာဝဘေး အန္တရာယ်သတိပေးချက်ကို အဆင့် (၅) ဆင့် ခွဲထားပါတယ်။
特別警報(とくべつけいほう)အရေးပေါ် အထူးသတိပေးချက်ဟာ နံပါတ် (၅) အဆင့် 警戒レベル5(けいかいれべるご)အမြင့်ဆုံး အန္တရာယ်ကျရောက်ပြီဆိုတာကို သတိပေးချက် ထုတ်ပြန်ချိန် ဖြစ်ပါတယ်။
အဲဒီအဆင့်ကို မထုတ်ပြန်ခင် သဘာဝဘေးအန္တရာယ် သတိပေး ချက်အဆင့် (၃) 警戒レベル3(けいかいれべるさん)ထုတ်ပြန်တဲ့အချိန်မှာ တိမ်းရှောင်ရမှာဖြစ်ပါတယ်။ အဆင့်(၃) က မိုးကြီးလို့ရေကြီးနေပြီဖြစ်ကြောင်း သတိပေးချက်ကို ထုတ်ပြန်တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သက်ကြီးရွယ်အို တွေနဲ့ ခန္ဓာကိုယ်မသန်စွမ်းသူတွေဟာ စတင်တိမ်းရှောင်ဖို့ လိုအပ်ပါတယ်။
အန္တရာယ် သတိပေးချက်အဆင့် (၄) 警戒レベル4(けいかいれべるよん)ထုတ်ပြန်ပြီဆိုရင်တော့ အန္တရာယ်ကျရောက်နေတဲ့ နေရာဒေသမှာ ရောက်နေတဲ့ လူတိုင်း မိမိအိမ်ကနေထွက်ပြီး ဘေးလွတ်ရာကို အလျင်အမြန် တိမ်းရှောင်ကြဖို့ နှိုးဆော်တာ ဖြစ်ပါတယ်။
အန္တရာယ်သတိပေးချက် အဆင့် (၅) 警戒レベル5(けいかいれべるご)ကတော့ 特別警報(とくべつけいほう)အရေးပေါ် အထူးသတိပေးချက်နဲ့ အလားတူဖြစ်ပါတယ်။ မြစ်တွေမှာ ကြမ်းကြမ်းတမ်းတမ်း ရေကြီးရေလျှံမှုဖြစ်နေပြီဆိုတာကို ထုတ်ပြန်တဲ့ သတိပေးချက်ဖြစ်ပါတယ်။ အဲဒီလို အန္တရာယ်များတဲ့အခြေအနေမှာ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ အခက်အခဲရှိနိုင်ပါတယ်။
အဲဒီလို အခြေအနေရောက်ပြီဆိုရင် တခြားဘေးလွတ်ရာကို မသွားတော့ဘဲ မိမိတို့နေအိမ်ရဲ့ ဒုတိယထပ် ဒါမှမဟုတ် ပိုမြင့်တဲ့အထပ်မှာ သွားနေပါ။ တောင်စောင်းတွေမှာ ဆောက်ထားတဲ့ အိမ်ဆိုရင် တောင်စောင်းနဲ့ အဝေးဆုံးအခန်းနေရာတွေမှာ ပြောင်းရွေ့ တိမ်းရှောင်ပြီး မိမိကိုယ်တိုင်ရော၊ မိမိရဲ့မိသားစုကိုပါ အန္တရာယ် မဖြစ်အောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေကို လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။

ဒီသတင်းက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ရက် ရက်နေ့က အချက်အလက်တွေ အပေါ် အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။

အပိုင်း ၅− သတိထားသင့်တဲ့အချက်တွေနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အချက်များ

ဂျပန်မိုးလေဝသအေဂျင်စီ JMA ကထုတ်ပြန်တဲ့ အရေးပေါ် အထူးသတိပေးချက် 特別警報(とくべつけいほう) ဆိုတာဘာလဲ သိထားရပါမယ်။

အခုတကြိမ်မှာ ဘေးအန္တရာယ်တစ်ခုကျရောက်တယ်ဆိုရင် ဘာတွေ အရေးကြီးသလဲဆိုတာကို လေ့လာကြပါမယ်။
ဘေးအန္တရာယ်ကျရောက်လာပြီဆိုရင် ဘေးလွတ်ရာကို မြန်မြန် တိမ်းရှောင်တာ အရေးကြီးသလို နောက်တစ်ခုအရေးကြီးတာက ကြိုတင်ပြင်ဆင်မှု ကောင်းကောင်း လုပ်ထားဖို့ ဖြစ်ပါတယ်။

ပထမဆုံးလုပ်ရမှာက မိမိနေထိုင်တဲ့မြို့နယ်ဧရိယာမှာ ဘယ်လို သဘာဝဘေးဒဏ်မျိုး ကျရောက်နိုင်သလဲ၊ ဘေးကင်းစိတ်ချရတဲ့ တိမ်းရှောင်ရေးစခန်းတွေ ဘယ်နေရာမှာရှိသလဲ ဆိုတာတွေကို ပုံမှန် နေ့ရက်တွေကို ဖြတ်သန်းနေချိန်မှာပဲ သိရှိထားအောင် လုပ်ထားရပါ မယ်။

ဒီလို ကြိုတင်သိရှိထားတာက တိမ်းရှောင်ဖို့ လိုအပ်လာချိန်မှာ အလွန်အထောက်အကူပြုပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပေးထားတဲ့ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံ Hazard map တွေကို ကြိုတင်ယူထားပါ။ မိမိသိရှိရမယ့် အချက်အလက်တွေ Hazard map မြေပုံမှာ ရှာဖွေပါ။ ကိုယ်ကိုင်တဲ့ စမတ်ဖုန်းမှာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အက်ပလီကေးရှင်းတွေကို ထည့်သွင်းထားပါ။ ဒါဆိုရင် အရေးပေါ်အချိန်မှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို လက်ကိုင်ဖုန်းပေါ်မှာ မြန်မြန်ဆန်ဆန်ရရှိနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ချက် အကြံပြုလိုတာကတော့ မုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် အရမ်းကိုရွာသွန်းပြီးသွားတဲ့နောက် 特別警報(とくべつけいほう) “အရေးပေါ် အထူးသတိပေးချက်” ကနေ ပုံမှန်သတိပေးချက် 警報 အဖြစ်နဲ့ အဆင့်ကို လျှော့ချလိုက်တတ်ပါတယ်။ ဒီလို သတိပေးချက် လျှော့ချလိုက်ပြီဆိုပြီး သတိမထားဘဲ ပေါ့ပေါ့လေး မနေစေချင်ပါဘူး။
၂၀၁၉ ခုနှစ် အောက်တိုဘာလက တိုက်ခတ်ခဲ့တဲ့ Hagibis တိုင်ဖွန်းမုန်တိုင်း စဲသွားတဲ့အခါ ထုတ်ပြန်ထားတဲ့ မိုးရွာသွန်းမှု ဆိုင်ရာ အရေးပေါ်အထူးသတိပေးချက်ကို ရုတ်သိမ်းခဲ့ပါတယ်။ အဲဒီမုန်တိုင်း နောက်မှာမှ မြစ်ချောင်းတွေ ရေတက်လာပြီး ရေကြီးရေလျှံမှုတွေ ဆက်ဖြစ်လာခဲ့ပါတယ်။ အရေးပေါ် သတိပေးချက် ရုတ်သိမ်းလိုက်တဲ့ အတွက် တိမ်းရှောင်စခန်းကနေ မိမိအိမ်ကို ချက်ချင်း ပြန်လာခဲ့တဲ့သူတွေက ရေကြီးလို့ အိမ်မှာရေတွေဝင်နေတာနဲ့ ကြုံရသူတွေလည်း ရှိပါတယ်။
မိုးလေဝသအေဂျင်စီနဲ့ မြေယာ၊အခြေခံအဆောက်အအုံ၊ သယ်ယူ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက အဲဒါကြောင့် ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူလိုက်ပါတယ်။ 特別警報(とくべつけいほう)အရေးပေါ် အထူးသတိပေးချက်ကို ရုတ်သိမ်းလိုက်သည်” လို့ ပြောမယ့်အစား 警報への切り替え(けいほうへのきりかえ)”အရေးပေါ်အထူးသတိပေးချက်ကို သတိပေးချက် အဖြစ်ပြောင်းသည်” လို့ ထုတ်ပြန်ပုံကို ပြောင်းလိုက်ပါတယ်။ 特別警報(とくべつけいほう) “အရေးပေါ် အထူးသတိပေးချက်” မထုတ်ပြန်လည်းဘဲ ရေကြီးရေလျှံ တာ၊ မြစ်ရေကြီးတာစတဲ့အန္တရာယ်တွေ ဖြစ်နိုင်တာကြောင့် သတိပြု နေထိုင်ကြဖို့ တာဝန်ရှိသူတွေက ဂျပန်နိုင်ငံတွင်း နေထိုင်သူအားလုံးကို နှိုးဆော်ထားပါတယ်။

ဒီသတင်းက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က အချက်အလက်တွေ အပေါ် အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။