ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

တိုင်ဖွန်းမုန်တိုင်းကြောင့် အသက်အန္တရာယ်ဘေးမှ ကာကွယ်ရေး နည်းလမ်းများ။

အပိုင်း ၁− တိုင်ဖွန်းမုန်တိုင်း မလာခင် ၂ ရက် ၃ ရက် အလိုမှာ ဘာတွေကို လုပ်ဆောင်ရမလဲ။

အဖြေ- ဂျပန်နိုင်ငံမှာ တိုင်ဖွန်းဝင်ရောက်တဲ့ ရာသီချိန်မှာ လေပြင်း မုန်တိုင်းဒဏ်ကနေ မိမိတို့ အသက်အန္တရာယ်ကို ကာကွယ်နိုင်မယ့် နည်းလမ်း တွေကို ပြောပြပေးပါမယ်။ ၂၀၁၉ ခုနှစ်မှာ ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်း Hagibis ကြောင့် ထိခိုက်သေဆုံးမှုတွေများခဲ့ပါတယ်။ မုန်တိုင်းထဲမှာ ဘေးအန္တရာယ် ကျရောက်ခဲ့တဲ့သူတွေဖြစ်ခဲ့တဲ့ အခြေအနေကို ခွဲခြမ်း စိတ်ဖြာ လေ့လာပြီး တိုင်ဖွန်းမုန်တိုင်း မချဉ်းကပ်လာခင် ၂ ရက် ၃ရက်အလိုမှာ ဘာတွေကို ကြိုတင်ပြင်ဆင် ထားရမလဲ ဆိုတဲ့ သိသင့်တဲ့အချက်တွေကို လေ့လာကြပါမယ်။
တိုင်ဖွန်း Hagibis တုန်းက ရေစီးထဲမျောပါတာ နဲ့ ရွှံ့မြေပြိုကျတာ တွေကြောင့် လူ ၇၉ ဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲက ၅၂ ဦးဟာ Hazard Map လို့ခေါ်တဲ့ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံထဲမှာ အန္တရာယ်ရှိတယ်လို့ ပြထားတဲ့ ဧရိယာတွေမှာ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ်နေထိုင်ရာ မြို့နယ်နဲ့ ဒေသတွင်းမှာ သဘာဝဘေးကျရောက်တဲ့အခါ ဘေးအန္တရာယ်ရှိတဲ့နေရာတွေကို Hazard Map လို့ခေါ်တဲ့ ဘေးအန္တရာယ်ဆိုင်ရာ မြေပုံတွေမှာ ဖော်ပြထားပါတယ်။ မိမိတို့နေထိုင်တဲ့ မြို့နယ် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်း၊ တွေရဲ့အင်တာနက်စာမျက်နှာ အသီးသီးမှာ ” Hazard map ” လို့ စာရိုက်ပြီး ရှာကြည့်ရင် အသေးစိတ် သိရှိနိုင်ပါတယ်။ တိုင်ဖွန်းမုန်တိုင်းဝင်လာချိန်မှ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာ ကို ကြည့်ရင် ကြည့်ရှုသူများပြားတာကြောင့် စာမျက်နှာဖွင့်လို့မရ ဖြစ်တတ်ပါ တယ်။ ဒါကြောင့် ကြိုတင်ပြီး မိမိနေထိုင်ရာ ဒေသရဲ့အုပ်ချုပ်ရေးအဖွဲ့ အင်တာနက်စာမျက်နှာမှာ ” Hazard map ” ကို စာရွက်နဲ့ print ထုတ်ထားစေလိုပါတယ်။
အန္တရာယ်ရှိနိုင်တယ်လို့ မြေပုံပေါ်မှာ ဖေါ်ပြထားတဲ့ နေရာတွေ ပဲ အန္တရာယ် ရှိတာ မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း အန္တရာယ် ရှိနိုင်ပါတယ်။
Hagibis တိုင်ဖွန်းတုန်းက လူ ၁၇ ဦးဟာ ဘေးအန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေရဲ့တခြားပြင်ပနေရာတွေမှာ သေဆုံးခဲ့ ရတာပါ။ သူတို့ထဲက ၁၃ ဦးဟာ မိုးရွာသွန်းမှုကြောင့် မြစ်ရေလျှံလာချိန်မှာ မြေနိမ့်ပိုင်းဒေသတွေမှာရှိနေပြီး ရုတ်တရက် ရေလွှမ်းမိုးတဲ့ ဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
မိမိ အိမ်ရဲ့ အနီးဝန်းကျင်မှာရှိတဲ့ မြစ်တွေရဲ့ တာတမံ ဒါမှမဟုတ် တံတားတွေရဲ့ အမြင့်နဲ့ မိမိအိမ်အမြင့် အနေအထားကို ယှဉ်ကြည့်ပါ။ ကိုယ့် အိမ်က အနားမှာရှိတဲ့ မြစ်ချောင်းက တာတမံတွေ၊ တံတားတွေနဲ့ အမြင့်တစ်ပြေးတည်း ဖြစ်နေသလား၊ ပိုနိမ့်တဲ့နေရာမှာ ရှိနေသလား စစ်ဆေးပါ။ တစ်ပြေးတည်းသို့မဟုတ် နိမ့်နေရင် အဲဒီအိမ်ဟာ ရေကြီးတဲ့အခါ ရေလွှမ်းမိုးတာ ခံရနိုင်ခြေရှိပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း ၂− တိုင်ဖွန်းမုန်တိုင်း မလာခင် ၂ ရက် ၃ ရက် အလိုမှာ ဘာတွေကို လုပ်ဆောင်ရမလဲ။

အဖြေ- ဂျပန်နိုင်ငံမှာ တိုင်ဖွန်းရာသီဖြစ်လို့ မုန်တိုင်းဝင်လာတဲ့အခါ မိမိတို့ အသက်အန္တရာယ် မရှိအောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။ ဒီတစ်ခါမှာ တိုင်ဖွန်းမုန်တိုင်း မချဉ်းကပ်လာခင် ၂ ရက် ၃ရက်အလိုကနေ ကြိုတင် ပြင်ဆင်ထားသင့်တာတွေကို ဆက်လက်ပြီး လေ့လာကြည့်ကြပါမယ်။
တိုင်ဖွန်းမုန်တိုင်းမလာခင် ကြိုတင်ပြင်ဆင်ထားရမှာက အစားအစာနဲ့ရေ ဖြစ်ပါတယ်။ အိမ်သားအားလုံးအတွက် အနည်းဆုံး ၃ ရက်စာ အစားအစာနဲ့ရေကို အိမ်မှာသိုလှောင်ထားရပါမယ်။ အရေးပေါ်ဖြစ်တဲ့အချိန်မှာ အစားအစာတွေဟာ ထမင်း၊ ပေါင်မုန့်စတဲ့ ကာဗွန်ဟိုက်ဒရိတ်တွေကိုပဲ စားကြတာ များတတ်တာကြောင့် အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ စားဖြစ်အောင် အသားငါး စည်သွပ်ဘူးတွေနဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်တွေကို ဆောင်ထားကြဖို့ အကြံပြုထားပါတယ်။ ရေအပြင် လက်ဖက်ရည်နဲ့ အချိုရည်တွေလိုမျိုး တခြားလိုအပ်တဲ့ အချိုရည်တွေကို လုံလုံလောက်လောက် ဆောင်ထားသင့်ပါတယ်။ ၅ နှစ်ကနေ ၁၀ နှစ် ကြာအောင် ထားလို့ရတဲ့ သောက်ရေမျိုးကို ရောင်းချတာကြောင့် အိမ်မှာ သိုလှောင်ထားဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေရှိတဲ့ အိမ်ထောင်စုတွေကတော့ ကလေးငယ်တွေအတွက် အပူပေးဖို့ ဒါမှမဟုတ် ချက်ပြုတ်ဖို့ မလိုအပ်တဲ့ အစားအစာတွေနဲ့ နွားနို့ စတာတွေကို ဆောင်ထားကြစေချင်ပါတယ်။
လက်နှိပ်ဓာတ်မီးနဲ့ အိတ်ဆောင်ရေဒီယိုတွေလည်းလိုအပ်ပါတယ်။ ပျက်နေသလား။အလုပ်လုပ်သလား စစ်ဆေးပါ။ ဘေးအန္တရာယ် ကျရောက်ရင် သတင်းအချက်အလက်တွေရယူ ဖို့အတွက် အက်ပလီကေးရှင်း အမျိုးမျိုးကို ဒေါင်းလုဒ်လုပ်ထားရင် အသုံးဝင်ပါ တယ်။ တိမ်းရှောင်ရေးစခန်းတွေမှာ နေတဲ့အခါ ကိုယ်သုံးလို့ရမယ့် လျှပ်စစ်ပလပ်ပေါက် အရေအတွက် အကန့်အသတ် ရှိတာကြောင့် ဓာတ်အားသွင်းဖို့ စောင့်ဆိုင်းနေကြရတာလည်းရှိပါတယ်။ ဒါ့ကြောင့် ရိုးရိုးဓါတ်ခဲသုံး ဖုန်းအားသွင်းတဲ့ ဘတ်ထရီအပိုလည်း ဆောင်ထား သင့်ပါတယ်။
လေပြင်းတိုက်ခတ်တဲ့အခါ ထီးတွေ၊ အဝတ်လှမ်းတဲ့တိုင်တွေ လေနဲ့ လွှင့်ပါသွားပြီး လူတွေ ထိခိုက်ဒဏ်ရာ ရစေတာမျိုး ဖြစ်တတ်တာကြောင့် အိမ်အပြင်မှာ ပုံမှန်အချိန်ထားလေ့ရှိတဲ့ အိမ်သုံးပစ္စည်းတွေ အားလုံးကို အိမ်ထဲထည့်သိမ်းထားဖို့ အကြံပြုချင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း ၃− တိုင်ဖွန်းမုန်တိုင်း မလာခင် ၁ ရက် အလိုမှာ ဘာတွေကို လုပ်ဆောင်ရမလဲ။

အဖြေ- ဂျပန်နိုင်ငံမှာ တိုင်ဖွန်းရာသီဖြစ်ရင် မုန်တိုင်းကနေ အသက်အန္တရာယ် ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေး ပါမယ်။ ၂၀၁၉ ခုနှစ်ကဝင်ခဲ့တဲ့ Hagibis တိုင်ဖွန်း မုန်တိုင်းကြောင့် ထိခိုက်သေဆုံးသူတွေရဲ့ အခြေအနေတွေကို ဆန်းစစ် ပြီး လုပ်ဆောင်သင့်တာတွေကို လေ့လာကြည့်ကြပါမယ်။ တိုင်ဖွန်း မုန်တိုင်း ဝင်မလာခင် ၁ ရက်အလိုမှာ ဘာတွေကို ကြိုတင်ပြင်ဆင် ထားသင့်ပါသလဲ။

တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်ဝင်ရောက်လာတဲ့အခါ ရထားပြေးဆွဲတဲ့ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားနိုင်ပါတယ်။ မိုးသဲထန်ပြီး လေတိုက်နှုန်းကလည်း ပြင်းထန်လာပြီဆိုတာကို အရေးပေါ် သတိပေးချက်တွေ ထွက်လာနိုင်ပါတယ်။ တိမ်းရှောင်ကြဖို့ ထုတ်ပြန်တာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒီလို မုန်တိုင်းဝင်ချိန်မှာ အခြေအနေတွေကို သိနေဖို့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ လိုပါတယ်။
မိုးလေဝသအေဂျင်စီက ထုတ်ပြန်တဲ့ သတင်းတွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ အချက်အလက်တွေကို အမြဲ ကြည့်ရှုပါ။ မုန်တိုင်းသတင်းအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အက်ပလီကေးရှင်းတွေ ကို ဖုန်းထဲထည့်ထားပြီး အသုံးပြုပါ။ ရုပ်မြင်သံကြား remote မှာ အင်္ဂလိပ်အက္ခရာ “d လို့ရေးထားတဲ့ ခလုတ်” ကို နှိပ်ပြီး မုန်တိုင်းသတင်းအချက်အလက် တွေကို ရုပ်မြင်သံကြားမှာ ကြည့်ရှုပါ။ နှိုးနှိုးကြားကြား နေဖို့ လိုပါတယ်။
တကယ်လို့ ကိုယ်နေထိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့ အမိန့်ထုတ်ပြန်တယ်ဆိုရင် ဒါဟာ တိမ်းရှောင်ရမယ့် အချိန်ဖြစ်တယ် ဆိုတာသိရပါမယ်။ အဲဒီလို တိမ်းရှောင်ခိုင်းချိန်မှာ ဘေးကင်းနိုင်နေသေးတယ်လို့ ထင်မှတ်ပြီး အိမ်မှာပဲ ဆက်နေတာမျိုး မလုပ်ဖို့လိုပါတယ်။ တိမ်းရှောင်ဖို့ အမြန် လုပ်ဆောင်ရပါမယ်။ ပတ်ဝန်းကျင်မှာ ဘေးအန္တရာယ် ကျရောက်မယ့် အခြေအနေတွေ ဆိုးရွားမလာခင် စောစောစီးစီး တိမ်းရှောင်ဖို့ က အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ ရေကြီးလာချိန်မှာ မြစ်ရေတက်ပြီး ရေစီးကြမ်းလာပြီဆိုရင် ကားတစ်စီးတောင် ရေထဲကို မျောပါသွားနိုင်ပါတယ်။
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ တိမ်းရှောင်ဖို့အတွက် ပိုမို အချိန်ယူဖို့ လိုအပ်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ တိမ်းရှောင်ပါလို့ သတိပေးချက် ထုတ်ပြန်တာနဲ့တစ်ပြိုင်နက် ချက်ချင်း တိမ်းရှောင်သင့်ပါတယ်။ မိမိ ပတ်ဝန်းကျင်မှာ အိမ်နီးနားချင်းတွေ ထဲမှာ အကူအညီ လိုအပ်သူတွေ ရှိမရှိကိုလည်း ကြည့်ကြဖို့ အကြံပြု ထားပါတယ်။
မိမိအိမ်မှာ ရှိနေတယ်ဆိုရင် မုန်တိုင်းမလာခင် ညမှာ ဒုတိယထပ် ဒါမှမဟုတ် ပိုမြင့်တဲ့အထပ်မှာ သွားပြီးအိပ်ပါ။ ၂၀၁၉ ခုနှစ်က Hagibis တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ချိန်မှာ အိမ်တွင်းမှာပဲ ရေနစ် သေဆုံးသူ ၂၁ ဦးရှိပါတယ်။အဲဒီထဲက ၁၂ ဦးဟာ နှစ်ထပ်အိမ်ရဲ့ ပထမထပ်မှာ ရှိနေခဲ့တာကြောင့်ရေနစ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ဒုတိယထပ် ဒါမှမဟုတ် အပေါ်ထပ်မှာသာ ရှိနေခဲ့မယ်ဆိုရင် အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။
ရေကြီးပြီး အိမ်ထဲရေဝင်လာပြီဆိုရင် ပရိဘောဂတွေ ရေထဲမျော တဲ့အတွက် သက်ကြီးရွယ်အိုတွေအနေနဲ့ ရေကြီးမှ အိမ်ရဲ့ ဒုတိယထပ် ဒါမှမဟုတ် အပေါ်ထပ်ကို ရွှေ့ပြောင်းဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့်ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ အချိန်ပိုယူရတဲ့သူတွေ အနေနဲ့ ညဘက် ဖြစ်နေရင်လည်း ကိုယ့်အိမ်က ချောက်ကမ်းပါး ဒါမှမဟုတ် တောင်စောင်းတွေနဲ့ အဝေးဆုံးနေရာမှာရှိတဲ့ ဒုတိယထပ် ဒါမှမဟုတ် ပိုမြင့်တဲ့အထပ်က အခန်းမှာ အိပ်ကြဖို့ အကြံပြုထား ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း ၄− မိမိနေထိုင်ရာ ဧရိယာကို တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာတဲ့အခါ ဘာတွေကို လုပ်ဆောင်ရမလဲ။

အဖြေ- ၂၀၁၉ ခုနှစ်က Hagibis တိုင်ဖွန်းကြောင့် ထိခိုက်သေဆုံးမှုတွေကို လေ့လာဆန်းစစ်ပြီး တိုင်ဖွန်းမုန်တိုင်းတွေ ကနေ မိမိတို့ အသက်အန္တရာယ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ကို ပြောပြပေးပါမယ်။ မိမိနေထိုင်ရာ ဒေသတွင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာချိန်မှာ ဘာတွေကို လုပ်ဆောင်သင့်သလဲဆိုတာ ဒီနေ့ လေ့လာကြည့်ကြရအောင်။

တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်ဝင်ရောက်လာတဲ့အခါ မိုးနဲ့လေတွေ ပြင်းထန်လာပြီး တချို့ လမ်းတွေမှာ ရေလွှမ်းနိုင်ပါတယ်။ အထူးသတိပေးချက် ထုတ်ပြန်ထားတဲ့ ဧရိယာတွေမှာဆိုရင် အိမ်တွေ ရေမြှုပ်နိုင်ခြေ ရှိပါတယ်။ ရွှံ့မြေပြိုကျနိုင်တဲ့ နေရာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီလို တိုင်ဖွန်းမုန်တိုင်း ဝင်လာတဲ့အချိန်မျိုးမှာ အိမ်ပြင်ကို ထွက်တာဟာ အန္တရာယ်ကြီးပါတယ်။
၂၀၁၉ ခုနှစ်က Hagibis တိုင်ဖွန်းမုန်တိုင်းဝင်တာကြောင့် သေဆုံးခဲ့သူ ၉၂ ဦးမှာ ၅၇ ဦးက နေအိမ်အပြင်မှာ ရှိနေစဉ်မှာ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီသူတွေထဲက လူတစ်ချို့ဟာ အိမ်ထဲမှာပဲ နေနိုင်ခဲ့မယ်ဆိုရင် အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။ မိုးကြီးပြီး လေပြင်းတွေ သည်းသည်းထန်ထန် တိုက်ခတ်ချိန်မှာ အပြင်ထွက်တာ ဟာ အလွန်အန္တရာယ်ရှိပါတယ်။ မုန်တိုင်းတိုက်နေချိန်မှာ ကားနဲ့ ထွက်ပြေးတိမ်းရှောင်တာကလည်း အင်မတန် အန္တရာယ်များပါတယ်။ Hagibis တိုင်ဖွန်းမုန်တိုင်းအတွင်း နေအိမ်ပြင်ပမှာ သေဆုံးခဲ့သူ ၅၇ ဦးထဲက ၂၃ ဦး ဟာ မုန်တိုင်းအတွင်း ကားထဲမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရေလွှမ်းနေတာကြောင့် လမ်းမျက်နှာပြင်ကို မမြင်ရပါ ဘူး။ ဒါ့ကြောင့် တချို့မော်တော်ကားတွေဟာ ရေစီးနဲ့မျောပါ သွားတတ်ကြပါတယ်။ ဒါမှမဟုတ် လမ်းပေါ်မှာ ကျွံကျနေတဲ့ တွင်းထဲ ကားပြုတ်ကျပြီး သေဆုံးခဲ့ကြရပါတယ်။ ရေသိပ်မနက်တဲ့အတွက် ရပါတယ်ဆိုပြီး ကားနဲ့ ဖြတ်ရင် ရေစီးသန်တာကြောင့် ကားတွေဟာ အလွယ်တကူ မျောပါသွားတာရှိပါတယ်။ ဒါကြောင့် ရေလွှမ်းနေတဲ့ နေရာတွေမှာ ကားမောင်းပြီး သွားလာတာကို ရှောင်ကြဉ်သင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အပိုင်း ၅− မိမိနေထိုင်ရာဒေသတွင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာချိန်မှာ ဘာတွေကို လုပ်ဆောင်ရမလဲ။

အဖြေ – ၂၀၁၉ ခုနှစ်က Hagibis တိုင်ဖွန်းကြောင့် ထိခိုက်သေဆုံးမှု တွေ များခဲ့တာကြောင့် ဒီအချက်အလက်တွေကို လေ့လာဆန်းစစ်ပြီး တိုင်ဖွန်းမုန်တိုင်းကြောင့် မိမိတို့ အသက်အန္တရာယ်ကို မထိခိုက်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။ မိမိနေထိုင်ရာ ဒေသတွင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာချိန်မှာ ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ?

၂၀၁၉ ခုနှစ်က တိုင်ဖွန်း Hagibis တိုက်ခတ်ချိန်မှာ အလုပ် အသွားလမ်းမှာသေဆုံးတာနဲ့ အလုပ်ကနေအိမ်အပြန်မှာသေဆုံးသူ ပေါင်း၁၃ ဦးရှိခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေစဉ်အတွင်း အပြင်မှာသွားလာနေတုန်း သေဆုံးခဲ့တဲ့သူအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းဟာ အလုပ်ကိစ္စတွေနဲ့ အပြင်မှာရောက်နေခဲ့ကြလို့ ဖြစ်ပါတယ်။ အထူးသဖြင့် မော်တော်ကားနဲ့ အလုပ်သွားကြရတဲ့ နယ်မြို့တွေမှာ သေဆုံးသူ ဦးရေ ပိုများပါတယ်။
Shizuoka တက္ကသိုလ် Center for Integrated Research and Education of Natural Hazards သဘာဝဘေးအန္တရာယ်ဆိုင်ရာ သုတေသနနဲ့ ပညာပေးစင်တာ က ပါမောက္ခ Ushiyama Motoyuki က တိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေကိုလေ့လာ ဆန်းစစ်ပြီး အခုလိုပြောကြားခဲ့ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို မုန်တိုင်းအတွင်း အလုပ်လာခိုင်းတာ ဒါမှမဟုတ် အိမ်ပြန်ခွင့်ပြုတာတွေ မလုပ်ကြဖို့ အရေးကြီးပါတယ်။ အလုပ်လုပ်ရမယ့် သူတွေအနေနဲ့ အိမ်ကနေ အလုပ်သွားရ မယ့်အချိန်ကို ပြောင်းတာ ဒါမှမဟုတ် အလုပ်ကနေ အိမ်ပြန်ရမယ့် အချိန်မှာ အပြင်ထွက်ရင် ဘေးကင်းစိတ်ချရရဲ့လား ဆိုတာကို သေချာကြည့်ပြီးမှသာ လုပ်ကြဖို့ တိုက်တွန်းထား ပါတယ်။
ပါမောက္ခ Ushiyama က တိမ်းရှောင်ဖို့အတွက် အပြင်ကို ထွက်ရင် အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့အခြေအနေမျိုးမှာ အိမ်ရဲ့ ဒုတိယထပ် မှာ တက်နေပါ။ ဒါမှမဟုတ် တောင်စောင်း ဒါမှမဟုတ် ချောက်ကမ်းပါးတွေနဲ့ ဝေးတဲ့ အိမ်ထဲကအခန်းမှာ တိမ်းရှောင်နေကြဖို့ အကြံပြုထားပါတယ်။ ကိုယ့်အိမ်အနီးမှာ ခိုင်ခံ့တဲ့ အဆောက်အအုံ ရှိရင် အဲဒီနေရာရဲ့ အထပ်မြင့်တွေမှာ သွားရောက်တိမ်းရှောင်ကြဖို့ လည်း အကြံပြုထားပါတယ်။ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ခက်ခဲတဲ့အခါ တတ်နိုင်သမျှ မိမိ အသက်ရှင်နိုင်ခြေများမယ့် ဘေးကင်းစိတ်ချရတဲ့ နေရာကို သွားဖို့လိုအပ်ပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် မိမိအသက် မဆုံးရှုံးစေဖို့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင် သိရှိအောင်လုပ်ထားဖို့နဲ့ ကြိုတင်ပြင်ဆင် မှုတွေ လုပ်ထားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ Hagibis တိုင်ဖွန်း ကနေ ရလိုက်တဲ့ သင်ခန်းစာကတော့ ကြိုတင်စဉ်းစားနိုင်တာထက် ပိုဆိုးတဲ့ သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်တယ် ဆိုတာပါပဲ။ မိမိနေထိုင်တဲ့ ရပ်ကွက်၊ မြို့ရွာရဲ့ အနေအထားကို သိနေအောင် လုပ်ထားဖို့လည်း အရေးကြီးပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဝင်လာရင် မိမိအိမ်က ဘာမှမဖြစ်ဘူးလို့ မစဉ်းစားဘဲ အနီးဝန်းကျင်မှာ မြစ်ရေလျှံရင် ဒါမှမဟုတ် ချောက်ကမ်းပါးပြိုလာရင် ဘာတွေ ဖြစ်လာမလဲဆိုတာကို ဘာမှမဖြစ်ခင်ကတည်းက ကြိုတင်စဉ်းစား ပြင်ဆင်ထားတဲ့ အလေ့အကျင့်ရှိသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။