ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

မိုးကြီးမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု စတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတိပေးချက်အဆင့်တွေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်း (၂)

မြို့ပြဒေသတွေမှာ ရေကြီးရေလျှံတဲ့အခါ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပါမယ်။ (၁) မြစ်တွေအနီးကနေ အမြန်ဆုံးရှောင်ရှားခြင်း။

ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းတဲ့ ရာသီမှာ ရေကြီး၊ ရေလျှံတာတွေ ဖြစ်တတ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ မြို့ပြဧရိယာတွေမှာ ကွန်ကရစ် တိုက်တာ အဆောက်အဦတွေပဲ များပြားပြီး ကွန်ကရစ်လမ်းတွေ ခင်းထားတာကြောင့် မိုးရေပမာဏ များများ မြေကြီးထဲ စိမ့်ဝင်ဖို့ ခဲယဉ်းပါတယ်။ တစ်နာရီကို မိုးရေချိန် ၅၀ မီလီမီတာ ရွာသွန်းမယ်ဆိုရင် ရေနုတ်မြောင်းစနစ်က လက်ခံစီးဆင်းနိုင်တဲ့ ရေပမာဏထက်ပိုများတဲ့ မိုးရေတွေက ရေမြောင်းထဲ စီးဝင်တာကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်လာနိုင်ပါတယ်။
ဂျပန်က မြို့ပြတွေမှာ ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တွေဟာ ကျဉ်းမြောင်းပြီး မြစ်အောက်ခြေကို လည်း ကွန်ကရစ်တွေနဲ့ အပြည့် ခင်းထားတာကြောင့် မိုးရွာတဲ့ အချိန်တိုအတွင်း မြစ်ရေ သိသိသာသာ လျှံတက်လာတတ်ပါတယ်။
၂၀၀၈ ခုနှစ် ဇူလိုင်လက ကိုဘေးမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တစ်စင်းမှာ မြစ်ရေမျက်နှာပြင်ဟာ ၁၀ မိနစ်အတွင်း ၁၃၀ စင်တီမီတာလောက် မြင့်တက်လာခဲ့ပြီး မြစ်ကမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေး ၃ ဦး အပါအဝင် စုစုပေါင်း လူ ၅ ဦး ရေစီးနဲ့မျောပါ သေဆုံးခဲ့ဖူးပါတယ်။ တစ်နာရီကို မိုးရေချိန် ၅၀ မီလီမီတာကျော်အောင် အချိန်အကြာကြီး မိုးအကြီးအကျယ် ရွာသွန်းမယ်ဆိုရင်တော့ မြစ်ရေလျှံနိုင်ခြေ များပါတယ်။
မြစ်ရဲ့အနီးဝန်းကျင်ဧရိယာမှာ မိုးသိပ်မရွာဘူးဆိုရင်တောင် မြစ်အထက်ပိုင်းမှာ မိုးအကြီးအကျယ် ရွာမယ်ဆိုရင် ရုတ်တရက် မြစ်ရေ တက်လာနိုင်ပါတယ်။ ဒါကြောင့် အဲဒီလို မြစ်အထက်ပိုင်းမှ မိုးကြီးတဲ့အခြေအနေမျိုးမှာ အောက်ဖက် မြစ်ချောင်း ငယ်လေးတွေအနီးနားမှာ ရောက်နေရင် အဲဒီနေရာကနေ အမြန် တိမ်းရှောင်သင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

မြို့ပြဒေသတွေမှာ ရေကြီးရေလျှံတဲ့အခါ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပါမယ်။ (၂) မြေနိမ့်ဧရိယာတွေနဲ့ ရေဆိုးပိုက်လိုင်းတွေကို ဂရုစိုက်ပြီး သွားလာခြင်း။

ဒီတစ်ခါ မိမိအနီးဝန်းကျင်က မြေပြင်ထက် နိမ့်တဲ့ ဧရိယာတွေမှာ သတိထားရမယ့် အချက်တွေကို ကြည့်ကြရအောင်။
ရေနုတ်မြောင်းတွေ လက်ခံစီးဆင်းနိုင်တဲ့ ရေပမာဏထက် ကျော်လွန်အောင် မိုးရွာသွန်းတဲ့အခါ ရေဆိုးပိုက်လိုင်းတွေထဲကို စီးဆင်းပြီးပြန်တွန်း ထွက်လာတဲ့ မိုးရေတွေရဲ့ဖိအားကြောင့် လမ်းပေါ်က ရေဆိုးပိုက်လိုင်း မြောင်းအဖုံးတွေ ရွေ့သွားတာမျိုး ဒါမှမဟုတ် အဖုံးတွေ ပွင့်ထွက်ကုန်တာမျိုး ဖြစ်နိုင်ပါတယ်။ ရေဆိုးမြောင်းတွေထဲမှာ စီးနေတဲ့ ရေစီးအားလည်း သန်လာ နိုင်ပါတယ်။ ကိုယ့်အနီးဝန်းကျင်က မြေပြင်ထက် မြေနိမ့်တဲ့ ဧရိယာတွေမှာ ဒါမှမဟုတ် လမ်းကျဉ်းတွေထဲမှာ ရေတွေ စုပြုံ စီးဝင်လာတတ်တဲ့အခါ ခြေထောက် ယိုင်လဲပြီး တစ်ခါတစ်ရံ လူမျောပါသွားနိုင်တဲ့အထိ လမ်းကျဉ်းထဲမှာ မြစ်ရေစီးသလိုမျိုး ရေစီးသန်သန်နဲ့ စီးဆင်းနေတတ်ပါတယ်။
အနီးဝန်းကျင်ဧရိယာတွေ ရေလွှမ်းလာပြီဆိုပြီး ဘာမှ မစဉ်းစားဘဲ မြန်မြန် တိမ်းရှောင်ဖို့ တစ်ခုတည်း စဉ်းစားလုပ်ဆောင်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။ မဖြစ်မနေ တိမ်းရှောင်ရတော့မယ်ဆိုရင် လူနှစ်ဦး ဒါမှမဟုတ် အုပ်စုလိုက် သွားဖို့ လိုပါတယ်။ ထီးအရှည် ဒါမှမဟုတ် တုတ်ချောင်းရှည်နဲ့ ရေဖုံးလွှမ်းနေတဲ့ မြေပြင်ကိုထောက်စမ်းပြီး ဖြေးဖြေးချင်း လမ်းလျှောက်ပါ။
ဒါ့အပြင် တချို့မြို့ပြဧရိယာတွေမှာ တောင်တွေကို ဖြိုချရှင်းလင်းပြီး လူနေရပ်ကွက်တွေ တည်ဆောက်ထားတဲ့ နေရာတွေလည်း ရှိတယ်ဆိုတာကို သတိပြုပါ။ အဲဒီလို ဒေသတွေအနေနဲ့ မြေပြိုကျနိုင်ခြေများတာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြေပုံ Hazard map မှာ ကြည့်ရှုစစ်ဆေးထားကြဖို့ အကြံပြုလိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

မြို့ပြဒေသတွေမှာ ရေကြီးရေလျှံတဲ့အခါ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပါမယ်။ (၃) မြေအမြင့် နေရာကို အမြန်ရှောင်ရှားခြင်း။

မြို့ပြဒေသတွေမှာ ရေကြီးရေလျှံတဲ့အခါ မိမိကိုယ်ကိုယ် ကာကွယ်နိုင် အောင် သိသင့်သိထိုက်တဲ့ နည်းလမ်းတွေကို လေ့လာကြပါမယ်။ ရေကြီးရေလျှံချိန်မှာ မြေအောက်ထပ်ကို ရောက်နေရင် ဒါမှမဟုတ် မြေနိမ့်ပိုင်းနေရာတွေမှာ ရောက်နေရင် မြေ အမြင့်ပေါ်ပြန်တက်ဖို့ ကြိုးစားရာမှာ သိထားရမယ့် အရေးကြီးတဲ့ အချက်တွေကို ကြည့်ကြရအောင်။
မိုးအကြီးအကျယ် ရွာတဲ့အခါ မြေအောက်ထပ် ဒါမှမဟုတ် မြေအောက်ကုန်တိုက်ထဲက စူပါမားကတ်တွေ ဒါမဟုတ် မြေအောက် ကားထားတဲ့နေရာတွေကို ရေတွေ ရုတ်တရက် စီးဝင်လာနိုင်ပါတယ်။ မြေအောက်နေရာတစ်ခုခုမှာ ရောက်နေတဲ့အခါ မြေပေါ်မှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို မသိနိုင်ပါဘူး။ အဲဒီလို မသိတဲ့အတွက် မိုးကြီးမှု ဒါမှမဟုတ် ရေကြီးနေတာတွေအတွက် အချိန်မီတိမ်းရှောင် နိုင်ဖို့ ခက်ခဲပါတယ်။ မြေအောက် အဆောက်အဦတွေထဲကို ရေတွေ စီးဝင်လာပြီးမှ ရေစီးကိုဆန်ပြီး လှေကားထစ်ကနေ မြေပေါ်ကို တက်ဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ ရေကြီးတဲ့အတွက် လျှပ်စစ် ဓာတ်အား ပြတ်တောက်နိုင်ပါတယ်။ ဓာတ်လှေခါးတွေလည်း အလုပ်မလုပ်တော့ပါဘူး။
ရေကြီးချိန်မှာ မီးပျက်သွားရင်လည်း လူတွေ အထိတ်တလန့် ဖြစ်နိုင်ပါတယ်။
ဥပမာအားဖြင့် ရေကြီးချိန် မြေအောက်ထပ် တံခါးကို ဖွင့်ပြီး အပြင်ကိုထွက်ဖို့ ကြိုးစားမယ်ဆိုရင် တံခါးအပြင်ဘက်မှာ ရေအနက် ၅၀ စင်တီမီတာ ရှိတဲ့အခါ တံခါးပေါ်ကို သက်ရောက်နေတဲ့ စုစုပေါင်းရေဖိအားက ၁၀၀ ကီလိုဂရမ်အထိ ရှိနိုင်ပါတယ်။ တံခါးအပြင်မှာ အနက် ၁၀ စင်တီမီတာလောက် ရေတက်နေရင်တောင် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အဖို့ တံခါးကို တွန်းဖွင့်ဖို့ ခက်ခဲပါလိမ့်မယ်။ အပြင်မှာရေအနက် ၃၀ စင်တီမီတာလောက် ရေတက်လာရင် အားရှိတဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်တောင် တံခါးဖွင့်ထွက်ဖို့ ခက်ပါတယ်။ မိုးသည်းသည်းထန်ထန် ရွာလာပြီ ဆိုတာနဲ့ မြေအောက်ထပ်အခန်း တွေနဲ့ မြေအောက်အဆောက်အဦတွေ၊ မြေနိမ့်နေရာတွေမှာ နေနေတာကနေ မြေအမြင့် နေရာကို တိမ်းရှောင်ဖို့ အကြံပြုထားပါတယ်။
အခြေအနေအရ မြေအောက်မှာနေနေရတယ်ဆိုရင်
သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ နောက်ဆုံးရ မိုးလေဝသသတင်းတွေနဲ့ သတိပေးချက်တွေကို သတိမလပ် စောင့်ကြည့်ပြီး ရေကြီးမယ်ဆိုတာ သေချာပြီဆိုတာနဲ့ တစ်ပြိုင်နက် မြေပေါ် တက်ဖို့ ပြင်ဆင်ပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။