ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

မိုးကြီးမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု စတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတိပေးချက် အဆင့်တွေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်း (၁)

အကြံပြုချက်တွေကို ပြောပြပါမယ်။

ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး တိုက်ဖွန်းမုန်တိုင်းတွေ ဝင်တဲ့ ရာသီကို ရောက်လာပြီ ဖြစ်ပါတယ်။ မိုးအကြီးအကျယ် ရွာတော့မယ့်အချိန်မှာ ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးချက်တွေနဲ့ အကြံပြု တိုက်တွန်းချက်တွေ ထုတ်တဲ့အပြင် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကလည်း ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ ညွှန်ကြားချက်တွေ ကြေညာပါတယ်။ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု စတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်တွေကို စုစည်းပြီး ၂၀၁၉ ခုနှစ်မှာ သတိပေးချက် အဆင့် ၅ ဆင့်ကို စတင်ပြီး ကျင့်သုံးခဲ့ပါတယ်။ အဲဒီ မိုးကြီးလေထန်တာနဲ့ပတ်သက်တဲ့ ကြေညာချက် အဆင့် ၅ဆင့် ဟာ ဒေသခံတွေအနေနဲ့ ဘေးအန္တရာယ် ဘယ်အတိုင်းအတာ မှာ ဘယ်လို တိမ်းရှောင်ထွက်ပြေးရမယ် ဆိုတာကို အလွယ်တကူ သိရှိစေဖို့ ရည်ရွယ်ပြီး ထုတ်ပြန်တာ ဖြစ်ပါတယ်။ အသိပေးကြေညာချက်တွေကို ပိုပြီး ရှင်းလင်း နားလည်လွယ်အောင် ၂၀၂၁ ခုနှစ် မေလမှာ ထပ်မံ ပြင်ဆင်ခဲ့ပါသေး တယ်။ အေဂျင်စီဟာ မိုးလေဝသ သတင်းအချက်အလက်တွေကို အင်္ဂလိပ် ၊ တရုတ်နဲ့ ဗီယက်နမ် စတဲ့ နိုင်ငံခြား ဘာသာစကားတွေနဲ့လည်း ထုတ်ပြန်ပေးနေပါတယ်။
NHK World JAPAN ကနေလည်း အရေးပေါ် သတိပေးချက် အဆင့်ဆင့်ကို တင်ဆက်ပေးနေတဲ့အပြင် ဘေးလွတ်ရာ တိမ်းရှောင်တဲ့အခါ သတိပြုရမယ့်အချက်တွေကိုလည်း ပြောပြပေးနေပါတယ်။ သတိပေးချက် အဆင့် ၅ဆင့် မှာတစ်ဆင့်စီ မှာ ဖေါ် ပြထားတဲ့ သဘာဝဘေးအန္တရာယ်အတိုင်းအတာနဲ့ လိုက်ပြီး ဒေသန္တရ အဖွဲ့အစည်းတွေက နေထိုင်သူတွေကို အကြံပြု တိုက်တွန်းထားတဲ့ ထွက်ပြေးတိမ်းရှောင်ချိန်မှာ သိထားရမယ့် အချက်တွေကို မိတ်ဆက်ပေးထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၉ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အကြံပြုချက်တွေထဲက သတိပေးချက် အဆင့် ၁ နဲ့ ၂ ကို ပြောပြပါမယ်။

ဂျပန်မှာ မိုးကြီးမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု စတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတိပေးချက် အဆင့် ၅ ဆင့်ကို မိတ်ဆက်ပေးနေပါတယ်။ အန္တရာယ်ရှိကြောင်း သတိပေးချက် ထုတ်ပြန်လာရင် ဘာလုပ်သင့်သလဲ ဆိုတာ သိရအောင်သတိပေးတဲ့ အဆင့် ၁ နဲ့ ၂ ကို လေ့လာကြည့်ကြရအောင်။

သတိပေးချက်အဆင့် ၁ ကတော့ ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ သက်ဆိုင်ရာ ဧရိယာမှာ နေထိုင်သူတွေဟာ နောက်ဆုံးရ မိုးလေဝသ သတင်းတွေကို အဆက်မပြတ် သတိထားစောင့်ကြည့်ဖို့ ဖြစ်ပါတယ်။
မိုးလေဝသအေဂျင်စီ ရဲ့ ကြိုတင် ခန့်မှန်းချက်၊သတိပေးချက်တွေနဲ့ ပညာရှင်တွေရဲ့အကြံပြုချက်တွေကို ဖေါ်ပြတဲ့ အင်တာနက်စာမျက်နှာမှာ ဒီသတင်းတွေကို တင်ထားပါတယ်။ ရက်အနည်းငယ်အတွင်းမှာ အရေးပေါ် မိုးလေဝသ သတိပေးချက်တွေ ထုတ်ပြန်နိုင်ဖွယ်ရှိတယ် ဆိုတာကို လူတွေကို ကြိုတင်အသိပေးတဲ့ အဆင့်ဖြစ်ပါတယ်။ သတိပေးချက်အဆင့် ၁ ထုတ်ပြန်ရင် အေဂျင်စီရဲ့ အင်တာနက်စာမျက်နှာမှာ နောက်ဆုံးရ မိုးလေဝသသတင်းတွေကို စောင့်ပြီး ကြည့်ရှုတာမျိုး သတိထားလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

သတိပေးချက် အဆင့် ၂ ကတော့ ထွက်ပြေးတိမ်းရှောင်ရမယ့် နေရာကို ကြိုတင် ရှာဖွေကြည့်ရှုထားကြဖို့ သတိပေးတာ ဖြစ်ပါတယ်။ မိုးအကြီးအကျယ် ရွာသွန်းမယ်၊ ရေကြီးရေလျှံ ဖြစ်မယ် စတဲ့သတင်းမျိုး တစ်ခုခုကို မိုးလေဝသအေဂျင်စီကနေ ထုတ်ပြန်နိုင်ဖွယ် ရှိတယ်ဆိုတဲ့ အဆင့်ဖြစ်ပါတယ်။ တကယ်လို့ ထွက်ပြေးတိမ်းရှောင်ဖို့ ဖြစ်လာပြီဆိုရင် သတ်မှတ်ထားတဲ့ ဘေးလွတ်ရာ နေရာကိုဘယ်လိုသွားမလဲ အိမ်ကဘယ်လိုထွက်မလဲ စတာတွေကို သိရှိအောင် ကြိုတင် ပြင်ဆင်လုပ်ဆောင်ထားရပါမယ်။ မိမိနေထိုင်ရာဒေသမှာ ဖြစ်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေက ဘာလဲ။ အိမ်နဲ့ အနီးဆုံး တိမ်းရှောင်ရေးစခန်း ကဘယ်မှာလဲ။ သွားရမယ့် လမ်းကြောင်းက ဘယ်လိုလဲ စတာတွေကို သိနေအောင် ဧရိယာအလိုက် မြို့နယ်က ထုတ်ထားတဲ့ ဘေးအန္တရာယ်ပြ မြေပုံမှာ ကြိုတင်ကြည့်ရှု လေ့လာထားဖို့အရေးကြီးပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၂၀ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အကြံပြုချက်တွေထဲက သတိပေးချက် အဆင့် ၃ နဲ့ ၄ ကို ပြောပြပါမယ်။

ဂျပန်မှာ မိုးကြီးမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု စတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတိပေးချက် အဆင့်၅ဆင့် ကို သိရှိအောင် မိတ်ဆက်ပေးနေပါတယ်။ မိုးလေဝသ သတိပေးချက်အဆင့် ၃ နဲ့ ၄ တို့ကို လေ့လာကြည့်ကြပါမယ်။
မိုးလေဝသအေဂျင်စီရဲ့ သတိပေးချက်အဆင့် ၃ က သက်ကြီးရွယ်အိုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေကို စတင်တိမ်းရှောင်ဖို့ အကြံပြုတဲ့ အဆင့်ဖြစ်ပါတယ်။
“သက်ကြီးရွယ်အိုတွေနဲ့ အခြားနေထိုင်သူတွေဘေးလွတ်ရာကို စတင်တိမ်းရှောင်ကြပါလို့ ” ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးချက် ထုတ်ပြန်ပါတယ်။
မိုးအကြီးအကျယ် ရွာသွန်းမှုရှိလာနိုင်တဲ့အခါနဲ့ ရေကြီးတာမျိုးဖြစ် လာနိုင်တဲ့ သတိပေးချက်ကို မိုးလေဝသဌာန အေဂျင်စီကနေ ကြေညာလိုက်တဲ့အခြေအနေမျိုးမှာ အခုလို သတိပေးချက် ထုတ်ပါ တယ်။ မြစ်ရေလျှံမှုနဲ့ ပတ်သက်တဲ့ နှိုးဆော်သတိပေးချက် နဲ့အတူ အခုလို တိမ်းရှောင်ဖို့ သတိပေးချက်မျိုး မြို့နယ်အာဏာပိုင်တွေက ထုတ်ပြန်တတ်ပါတယ်။ အဲဒီလို သတိပေးချက် ထုတ်ပြန်လာရင် သက်ကြီးရွယ်အိုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေဟာ စတင် တိမ်းရှောင်သင့်ပါတယ်။ တခြားနေထိုင်သူတွေအနေနဲ့ကတော့ အန္တရာယ်ကနေ ဘေးလွတ်ရာ တိမ်းရှောင်နိုင်မယ့် စခန်းနေရာကို ကြိုတင်ရှာဖွေရပါမယ်။ မိမိတို့နဲ့အတူ သယ်သွားမယ့် ပစ္စည်းတွေကို စတင်ထုပ်ပိုး ပြင်ဆင်သင့်ပါတယ်။
အန္တရာယ်ရှိတယ်လို့ ခံစားရတဲ့အခါ မိမိတို့ ဆုံးဖြတ်ချက်နဲ့ ဆန္ဒရှိရင် စတင် တိမ်းရှောင်သင့်ပါတယ်။
သတိပေးချက်အဆင့် (၄) ကတော့ အန္တရာယ်ရှိတဲ့ နေရာဒေသမှာ ရောက်နေတဲ့ လူတိုင်း ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့ ညွှန်ကြားတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီလို သတိပေးချက်မျိုးကို ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်လေ့ရှိပါတယ်။ မိုးသည်းသည်း ထန်ထန် ရွာသွန်းမှုကြောင့် မြေပြိုမှုအန္တရာယ် မြင့်မားလာနိုင်တဲ့ အခြေအနေဖြစ်တဲ့အခါ ဒီလို သတိပေးချက် ထုတ်ပါတယ်။ မြေပြိုမှုတွေနဲ့ပတ်သက်တဲ့ သတိပေးချက်အပြင် မြစ်ချောင်းတွေမှာ ရေကြီးရေလျှံမှု အန္တရာယ်တွေရှိတဲ့ အခါမှာလည်း အာဏာပိုင်တွေက ဒီလိုသတိပေးချက် ထုတ်ပြန်တတ်ပါတယ်။ အဆင့် ၄ သတိပေးချက် ထွက်လာရင် သက်ကြီးရွယ်အိုတွေသာမက အန္တရာယ်ရှိတဲ့ နေရာ၊ ဒေသတွေမှာ နေထိုင်သူအားလုံး မိမိ အသက်အန္တရာယ်ကို ကာကွယ်ဖို့ ဘေးကင်းစိတ်ချရတဲ့ နေရာကို ရွှေ့ပြောင်း တိမ်းရှောင်သင့် ပါတယ်။ တိမ်းရှောင်ရေးစခန်းပဲ ဘေးကင်းစိတ်ချရတဲ့ နေရာ မဟုတ်ပါဘူး။ ကိုယ်နေတဲ့ အနီးဝန်းကျင်မှာလည်း ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေရှိရင် အဲဒီနေရာတွေက ဘေးကင်းလုံခြုံမှု ပေးနိုင်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဒေသတွင်း နေထိုင်သူတွေ အနေနဲ့ ကိုယ်နေထိုင်ရာ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့က ထုတ်ပေးထားတဲ့ Hazard map လို့ခေါ်တဲ့ ဘေးအန္တရာယ် ဆိုင်ရာ မြေပုံတွေ မှာ တိမ်းရှောင်ရေး စခန်းတွေ ၊ဘေးကင်းလုံခြုံတဲ့ နေရာတွေ စတဲ့ အချက်အလက်တွေကို ပြသထားတာကြောင့် ကြိုတင် ကြည့်ရှု လေ့လာထားသင့် ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အကြံပြုချက်တွေထဲက သတိပေးချက် အဆင့် ၄ ကို ပြောပြပါမယ်။

ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှု၊ ရေကြီးမှု၊ မြေပြိုမှု နဲ့ သက်ဆိုင်တဲ့ သတိပေးချက် အဆင့် ၅ ဆင့်ရှိပါတယ်။ နောက်ဆုံးအဆင့် ဖြစ်တဲ့ သတိပေးချက်အဆင့် ၅ ကို လေ့လာကြည့်ကြရအောင်။

မိုးလေဝသအေဂျင်စီက မိုးအကြီးအကျယ်ရွာသွန်းတဲ့အတွက် အန္တရာယ် သတိပေးချက်အဆင့် ၅ ကိုထုတ်ပြန်လိုက်ပြီဆိုရင် မိမိအသက်ကို ကာကွယ်ဖို့ လိုအပ်တာမှန်သမျှ လုပ်ပါလို့ တိုက်တွန်းလိုက်တဲ့ အရေးပေါ် အခြေအနေအဆင့် ဖြစ်ပါတယ်။
ဒီအဆင့်ကြေညာပြီဆိုရင် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က လူတွေအားလုံး အသက်ဘေးအန္တရာယ် လုံခြုံတဲ့နေရာမှာ ချက်ချင်းနေထိုင်ပါလို့ ညွှန်ကြားတာ ဖြစ်ပါတယ်။ အဲဒီလို ကြေညာချက်ထွက်တဲ့အချိန်ဟာ သဘာဝဘေး ကျရောက်ဖို့ ဖြစ်နိုင်ခြေများတဲ့ အခြေအနေ ဒါမှမဟုတ် ဘေးအန္တရာယ် ကျရောက်နေချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြစ်ရေလျှံနေတဲ့ နေရာ၊ တာတမံကျိုးပေါက်ပြီး ရေကြီးနေတဲ့ နေရာ စတာတွေ နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်လေ့ ရှိပါတယ်။
မိုးလေဝသအေဂျင်စီကနေ အမြင့်ဆုံး အရေးပေါ်သတိပေးချက်ကို ထုတ်ပြန်နိုင်တဲ့ အခြေအနေမျိုး ဖြစ်တာကြောင့် အဲဒီလိုအချိန်မျိုး ရောက်မှ တိမ်းရှောင်ရေးစခန်းကို သွားဖို့ဆိုတာ အချိန် နှောင်းနေပြီ ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။
သတိထားရမယ့် အချက်ကတော့ “အသက်ဘေး လုံခြုံအောင် နေကြပါ” ဆိုတဲ့ ညွှန်ကြားချက်ကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က လူတွေအတွက် အချိန်မီ ထုတ်မပေးနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်အသက်အန္တရာယ် ဘေးကင်းလုံခြုံအောင် လုပ်ဖို့မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် သတိပေးချက် အဆင့် ၄ ထုတ်ပြန်တာနဲ့တစ်ပြိုင်နက် ဘေးလွတ်ရာ ကို ရွှေ့ပြောင်းသင့်ပါတယ်။ နောက်ဆုံးသတိပေးချက် အဆင့် ၅ ထုတ်ပြန်တဲ့အထိ စောင့်မနေဖို့ အရေးကြီးပါတယ်။ သတိပေးချက် အဆင့် ၅ ကြေညာပြီဆိုရင် ဘေးလွတ်ရာကို ရွှေ့ပြောင်းမနေ လိုက်နိုင်သူတွေအနေနဲ့ ကိုယ့်ရဲ့ အသက်အန္တရာယ်မရှိစေဖို့ အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်ကြဖို့ သတိပေးနေပြီဆိုတာ သိထားရမှာ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့်သတိပေးချက်ဖြစ်တဲ့ အဆင့်၅ မကြေညာ သေးတာကြောင့် ကိုယ့်မှာ အချိန်ရှိသေးတယ်လို့ မှတ်ယူမထားပါနဲ့။ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ အဆင့်၄ ကို ကြေညာတာနဲ့ တစ်ပြိုင်နက် တိမ်းရှောင်ရေးစခန်းမှာ သွားရောက်ခိုလှုံကြပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

မိုးကြီးလေထန်မှု ဘေးအန္တရာယ်ကြားမှာ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ခက်ခဲလာ တဲ့အခါ ရွေးချယ်စရာ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။

ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု ဆိုင်ရာ သတိပေးချက် အဆင့် ၅ ဆင့်ရှိပါတယ်။ အခု ဘေးအန္တရာယ်ကြားမှာ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ခက်ခဲလာ တဲ့အခါ ရွေးချယ်စရာ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။

နာရီအတော်ကြာအောင် မိုးသည်းသည်းထန်ထန် ရွာသွန်းတဲ့အခါမှာ ဘေးအန္တရာယ် ကျရောက်မယ့်အခြေအနေဟာ ရုတ်တရက် ပိုဆိုးသွားနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဘေးလွတ်ရာတိမ်းရှောင်ဖို့ အမိန့် ထုတ်ပြန်တာအပြင် သက်ကြီးရွယ်အိုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေကို ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ သတင်းအချက်အလက်တွေကို ထုတ်ပြန်တာကို အချိန်မီမလုပ် နိုင်တာမျိုးလည်း ရှိပါတယ်။ မိမိ ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ရေကြီးလာပြီး ဝေးတဲ့နေရာက တိမ်းရှောင်ရေးစခန်း အထိ သွားဖို့ အခက်အခဲရှိနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ရွေးချယ်စရာ နည်းလမ်း တစ်ခုကတော့ အနီးအနားမှာ ရှိတဲ့ ဘေးအန္တရာယ်ကင်းနိုင်တဲ့နေရာမျိုး အဆောက်အအုံ တစ်ခုခုဆီကို တိမ်းရှောင်နိုင်ပါတယ်။ တကယ်လို့ အပြင်ထွက်ဖို့တောင် အဆင်မပြေဘူးဆိုရင် အန္တရာယ် အကင်းဆုံး ဖြစ်နိုင်ခြေရှိတဲ့ အိမ်ရဲ့အပေါ်ဆုံးထပ်မှာ တိမ်းရှောင်နေတာ ဒါမှမဟုတ် မြေပြိုနိုင်တဲ့ တောင်စောင်းနေရာမျိုးကနေ အန္တရာယ် ကင်းနိုင်တဲ့ ဆန့်ကျင်ဘက်အခြမ်းကို ပြောင်းရွေ့တိမ်းရှောင်နေရ ပါမယ်။ တောင်ကြားတွေမှာ တောင်ကျချောင်းရေလျှံပြီး ကြမ်းကြမ်းတမ်းတမ်း စီးဆင်းလာပြီဆိုရင် ချောင်းနဲ့ဝေးရာနေရာ ဒါမှမဟုတ် မိမိရောက်နေတဲ့နေရာမှာ ချောင်းရှိတဲ့နေရာထက် ပိုမြင့်တဲ့ ကုန်းမြင့်ရှိတဲ့နေရာကို ရွှေ့ပြောင်းသင့်ပါတယ်။ မိမိ‌ရွှေ့ပြောင်းနေတဲ့အပေါ် မူတည်ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏလည်း နည်းပါးနိုင်ပါတယ်။ မြစ်ချောင်းနဲ့ နီးတဲ့ဒေသ ဒါမှမဟုတ် ရေလွှမ်းမိုးပြီး အိမ်တွေရေအောက် မြုပ်သွားနိုင်တဲ့ နေရာတွေမှာ ဆောက်ထားတဲ့အိမ်တွေဟာ ပြိုကျပြီး ရေထဲမျောပါသွားနိုင်ခြေ မြင့်မားပါတယ်။ အဲဒီလို နေရာဒေသတွေကို ရေလွှမ်းမိုးပြီး အဆောက်အအုံတွေ ရေမြုပ်၊ ပြိုကျနိုင်ခြေရှိတဲ့ နေရာတွေအဖြစ် အစိုးရနဲ့ အာဏာပိုင်တွေက သတ်မှတ်ပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့ နေရာ‌ဒေသတွေမှာ နေထိုင်သူတွေဟာ အဆောက်အဦရဲ့ ဒုတိယထပ်ကို ရွှေ့ပြောင်းထွက်ပြေးရုံနဲ့ ဘေးကင်းမှာ မဟုတ်သလို မိမိအသက်ကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုမို ဘေးကင်းစိတ်ချရတဲ့နေရာကို ကြိုတင် ရှာဖွေထားဖို့ အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ “evacuation switch” လို့ခေါ်တဲ့ ကိုယ်တိုင် “တိမ်းရှောင်ရန် အချိန်ဇယား” ရေးဆွဲထားဖို့နဲ့ ပတ်သက်ပြီး ပြောပြပါမယ်။

ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု ဆိုင်ရာ သတိပေးချက် အဆင့် ၅ ဆင့်ရှိပါတယ်။ အခုတစ်ခါ “evacuation switch” လို့ခေါ်တဲ့ ကိုယ်တိုင် “တိမ်းရှောင်ရန် အချိန်ဇယား” ရေးဆွဲထားဖို့နဲ့ ပတ်သက်ပြီး လေ့လာရပါမယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီတွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေဟာ သတိပေးချက် အမျိုးမျိုးကို ထုတ်ပြန်ကြေညာပေးပါတယ်။ ဒါပေမဲ့ သဘာဝဘေးအန္တရာယ် တကယ် ကျရောက်လာပြီဆိုရင်တော့ အစိုးရ အရာရှိတွေဟာ ရပ်ကွက်ထဲက လူတစ်ဦး တစ်ယောက်ချင်းစီကို လာရောက်ကူညီဖို့ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ရပ်ကွက်အလိုက် နေထိုင်သူတွေအနေနဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်တွေကို နားထောင် ကြည့်ရှုနေရုံ မဟုတ်ဘဲ ရတဲ့သတင်းအပေါ်မှာ မူတည်ပြီး “ ကိုယ်တိုင် ဘယ်အချိန်မှာ စတင်တိမ်းရှောင်ရမယ်။ ဘာတွေ လုပ်ဆောင်ထားရမယ်“စတဲ့အချက်တွေကို အသေးစိတ် ကြိုတင်စဉ်းစားထားပြီး ကိုယ်ပိုင် တိမ်းရှောင်ရန် အချိန်ဇယား “evacuation switch” ကို ရေးဆွဲထားကြဖို့ အရေးကြီးပါတယ်။
မိမိနေထိုင်တဲ့ ရပ်ရွာဒေသမှာ ဖြစ်လေ့ရှိတတ်တဲ့ သဘာဝဘေး အန္တရာယ်တွေဘာတွေရှိသလဲ? သိအောင်လုပ်ထားပါ။ ပုံမှန် အချိန်မှာ ကြိုတင် လေ့လာထားရင် သဘာဝဘေးအန္တရာယ် ကျရောက်တော့မယ်ဆိုရင် ဘေးလွတ်ရာကို အမြန်ဆုံး ထွက်ပြေး တိမ်းရှောင်နိုင်ပါမယ်။
အရေးကြီးဆုံးအချက်ကတော့ ကိုယ်နေထိုင်ရာဒေသမှာ အခြေအနေ ဆိုးရွားလာနိုင်တယ်ဆိုတာနဲ့ စောစောစီးစီး တိမ်းရှောင်ဖို့ပဲ ဖြစ်ပါတယ်။ မိုးအကြီးအကျယ်ရွာသွန်းပြီး မြစ်ချောင်းတွေမှာ ရေလျှံလာပြီ ဆိုရင် ကားတွေတောင် အလွယ်တကူ ရေစီးထဲ မျောပါသွားနိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်များတဲ့ ဒေသမှာ နေထိုင်သူတွေဟာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က တိမ်းရှောင်ဖို့ အမိန့် ကြေငြာချက်ထုတ်ပြန်တာနဲ့ ချက်ခြင်း ဘေးလွတ်ရာကို သွားဖို့ အရေးကြီးပါတယ်။
သက်ကြီးရွယ်အိုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေလိုမျိုး ထွက်ပြေး တိမ်းရှောင်ဖို့ အချိန်ပိုယူဖို့ လိုအပ်သူတွေအနေနဲ့ သတိပေးချက် အဆင့်(၃) တိမ်းရှောင်ဖို့ အမိန့် ထုတ်ပြန်တာနဲ့ စတင် တိမ်းရှောင်သင့်ပါတယ်။။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

မိုးကြီးရေလျှံမှု သဘာဝဘေးအန္တရာယ် ဖြစ်လာချိန်မှာ ခြေလျင် တိမ်းရှောင်တဲ့အခါ သတိထားရမယ့် အချက်တွေနဲ့ ပတ်သက်ပြီး လေ့လာရပါမယ်။

ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု ဆိုင်ရာ သတိပေးချက် အဆင့် ၅ ဆင့်ရှိပါတယ်။ အခုတစ်ခါ ခြေလျင် လမ်းလျှောက်ပြီး တိမ်းရှောင်တဲ့အခါ သတိထားရမယ့်အချက်တွေနဲ့ ပတ်သက်ပြီး လေ့လာရပါမယ်။
လမ်းလျှောက်တဲ့အခါ အလွယ်တကူ လှုပ်ရှားနိုင်တဲ့ ဘောင်းဘီမျိုး ဝတ်ဆင်သင့်ပါတယ်။ နွေရာသီမှာ ထွက်ပြေးတိမ်းရှောင်ရရင် တောင် အ င်္ကျီ လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်တာဟာ ခန္ဓာကိုယ်ကို ထိခိုက်လာမှာတွေကနေ ကာကွယ်နိုင်ပါတယ်။ ဖိနပ်ကို ရွေးချယ်တဲ့အခါ မိမိ အမြဲဝတ်လေ့ရှိတဲ့ Sneaker ကိုစီးသင့်ပါတယ်။ လည်ရှည် ဘွတ်ဖိနပ်တွေစီးရင် ဖိနပ် အတွင်းကို ရေဝင်နိုင်တာကြောင့် ဖိနပ်လေးလာစေပြီး လှုပ်ရှားသွားလာဖို့ ခက်ခဲစေပါတယ်။ ခြေညှပ်ဖိနပ်တွေကတော့ မစီးသင့်ပါဘူး။ အလွယ်တကူ ကျွတ်ထွက်စေနိုင်ပြီး ချော်လဲလွယ်တာကြောင့် ဖြစ်ပါတယ်။ မိမိ နဲ့ အတူယူဆောင်သွားမယ့် အရေးပေါ်သုံးအိတ် ထဲမှာ ပစ္စည်းတွေကို လိုအပ်သလောက်ပဲထည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သယ်ရလွယ်အောင် လုပ်ထားပါ။ ချော်ကျ၊ ပြုတ်ကျတာမျိုး မဖြစ်အောင် လမ်းလျှာက်ထွက်ပြေးတဲ့အခါ ကျောပိုးအိတ်ကိုပဲ သုံးသင့်ပါတယ်။ လက်ထဲမှာ ဘာပစ္စည်းမှ မကိုင်ထားတာ အကောင်းဆုံးပါ။ မိုးရေထဲ ထွက်ပြေးတဲ့အခါ ထီးဆောင်းတာထက် မိုးကာအင်္ကျီ ဝတ်ဆင်တာက ပိုပြီးဘေးကင်းစိတ်ချ ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

မိုးကြီးရေလျှံမှု ဘေးအန္တရာယ်ဖြစ်နေချိန်မှာ ဘေးကင်းရာကို တိမ်းရှောင်တဲ့အခါ သတိထားရမယ့် အချက်တွေနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။

ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု ဆိုင်ရာ သတိပေးချက် အဆင့် ၅ ဆင့်ရှိပါတယ်။ မိုးကြီးရေလျှံမှု ဖြစ်နေချိန် ဘေးကင်းရာကို တိမ်းရှောင်တဲ့အခါ သတိထားရမယ့် အချက်တွေကတော့

တစ်ဦးတစ်ယောက်တည်းဘေးလွတ်ရာတိမ်းရှောင်တာကို ရှောင်ကြဉ်ပါ။ တိမ်းရှောင်ချိန်မှာ တတ်နိုင်သမျှ လူနှစ်ဦး ဒါမှမဟုတ် အုပ်စုလိုက် လူများများနဲ့ သွားလာပါ။
ရေကြီးပြီး ရေတက်နေတဲ့ ဧရိယာတွေမှာ ရှိတဲ့လမ်းကို အသုံးပြု တာမျိုး ရှောင်ရှားပါ။ ၅၀ စင်တီမီတာ အမြင့် ဒါမှမဟုတ် လူကြီးတစ်ယောက်ရဲ့ ဒူးဆစ်အထက်အထိ ရေတက်လာပြီဆိုရင် ရေရဲ့ဖိအားကြောင့် ရေထဲမှာ လူကြီးတစ်ယောက်၊ အမျိုးသား တစ်ဦးတောင် လမ်းလျှောက်ဖို့ ပိုခက်ခဲလာပါလိမ့်မယ်။ ရေကြီးနေတဲ့အပြင် ရေစီးနေတဲ့အချိန်မှာ ရေထဲလမ်းလျှောက်ရတဲ့ အခါ ခြေမခိုင်ဘဲ လဲကျတာမျိုးဖြစ်တတ်ပါတယ်။ လမ်းလျှောက်ရင်း ယိုင်လဲပြီး ဟန်ချက်ပျက် လဲကျသွားရင် စီးနေတဲ့ရေတိမ် ထဲမှာလည်းပဲ ရေစီးထဲမျောပါသွားနိုင်ပါတယ်။
ရေမြုပ်နေတဲ့ လမ်းတွေပေါ် လမ်းလျှောက်တဲ့အခါ ကိုယ့်လျှောက်နေ တဲ့ ရှေ့ကလမ်းပေါ်မှာ ဘာရှိနေသလဲဆိုတာ သိ မြင်ဖို့ မလွယ်တဲ့ အတွက် ခလုတ်တိုက်လွယ်တဲ့အပြင် မြောင်းပေါက်ထဲ ပြုတ်ကျနိုင်ပါတယ်။ အဖုံးမရှိတဲ့ လမ်းအောက်က ရေဆိုးမြောင်း ပိုက်လိုင်း အပေါက်ထဲ ပြုတ်ကျပြီး ရေစီးနဲ့မျောပါသွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။
ရေကြီးပြီး ရေတက်နေတဲ့လမ်းနေရာကပဲ သွားရမယ်။ တခြား ရွေးစရာ လမ်း မရှိဘူးဆိုရင် ရေအရမ်းတက်နေတဲ့နေရာ၊ ရေစီးကြောင်းရှိနေတဲ့ နေရာတွေကို ရှောင်ရှားပြီးသွားသင့်ပါတယ်။ ထီးအရှည် ဒါမှမဟုတ် တုတ်ချောင်းရှည်ကို အသုံးပြုပြီး ကိုယ့်ရှေ့မှာခြေမလှမ်းခင် ဘာအန္တရာယ်ရှိသလဲဆိုတာ တုတ်နဲ့စမ်းကြည့်ပြီးမှ သတိနဲ့ လမ်းလျှောက် သွားကြဖို့ လိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

မိုးကြီးရေလျှံမှု ဘေးအန္တရာယ်ဖြစ်နေချိန်မှာ မော်တော်ကား နဲ့ ဘေးလွတ်ရာ တိမ်းရှောင် တဲ့အခါ သတိထားရမယ့် အချက်တွေကို ပြောပြပါမယ်။

ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု ဆိုင်ရာ သတိပေးချက် အဆင့် ၅ ဆင့်အပြင် တိမ်းရှောင်တဲ့အခါ သတိထားရမယ့် အသေးစိတ်အချက်တွေ ရှိပါတယ်။ ဒီတစ်ကြိမ်မှာတော့ မော်တော်ကား နဲ့ ဘေးလွတ်ရာ တိမ်းရှောင် တဲ့အခါ သတိထားရမယ့် အချက်တွေကို လေ့လာကြပါမယ်။
မော်တော်ကားနဲ့ ဘေးလွတ်ရာထွက်ပြေးတာ ဘေးကင်းစိတ်ချရ တယ်လို့ ယူဆမထားသင့်ပါဘူး။ ၂၀၁၉ ခုနှစ်မှာ ဂျပန်မှာ တိုင်ဖွန်းမုန်တိုင်း Hagibis တိုက်ခဲ့ချိန်တုန်းက အဆောက်အဦ ပြင်ပမှာ ရှိနေသူတွေ သေဆုံးခဲ့တာရဲ့ ၄၀ ရာခိုင်နှုန်းဟာ ကားနဲ့ ထွက်ပြေးတဲ့သူတွေ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက တချို့ဟာ ကားမောင်းနေတုန်း ရေစီးနဲ့အတူ ကားပါ မျောပါသွားခဲ့တာ ဖြစ်ပါတယ်။ တချို့သူတွေကတော့ လမ်းပေါ်က ကွဲအက် ပြိုကျနေတဲ့ တွင်းထဲ ကားပါ ပြုတ်ကျပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
အထူးသဖြင့် လေရောမိုးပါ ပြင်းပြင်းထန်ထန် ရွာသွန်းနေချိန်မှာ ကားပါတာပဲ ဆိုပြီး ကားမောင်းပြီး အိမ်ပြန်တာမျိုး ဒါမှမဟုတ် အလုပ်သွားတာမျိုး အလျင်စလို မလုပ်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
အဲဒီလို အချိန်မှာ မြစ်ချောင်းတစ်လျှောက်က လမ်းတွေ ဒါမှမဟုတ် လယ်ကွင်းဘေးက လမ်းပေါ်ကနေ ကားနဲ့သွားတာကို ရှောင်ရှားပါ။
မြစ်တွေနဲ့ လယ်ကွင်းတွေမှာ ရေလွှမ်းနေတဲ့အခါ လမ်းက ဘယ်အထိရှိသလဲဆိုတာ ရေတွေကြား မြင်ရဖို့ ခက်ခဲတာကြောင့် ကားဟာ မြစ်ထဲထိုးဆင်းသွားတာမျိုး နဲ့ လယ်ကွင်းထဲ ထိုးကျသွားနိုင် တဲ့ အန္တရာယ် မျိုးလည်းရှိပါတယ်။
အရင်က ဂျပန်မှာဖြစ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ မိုးကြီးလေကြီး တိုက်ခတ်ခဲ့စဉ်တုန်းက အဲဒီလို ကားမောင်းမိတာကြောင့် လူတချို့ သေဆုံးခဲ့တာမျိုး ရှိခဲ့ပါတယ်။ မိမိ အသုံးပြုနေကျ လမ်းဖြစ်ရင်တောင်မှ မိုးအကြီးအကျယ် ရွာသွန်းနေချိန်မှာ ဘေးကင်းစိတ်ချရမှု ရှိမရှိ သေချာစစ်ဆေးပြီးမှ သွားလာသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

ရေကြီးချိန်မှာ ကားဟာ ရေစီးနဲ့အလွယ်တကူ မျောပါသွားနိုင်တာ ဘာကြောင့်လဲဆိုတာကို ပြောပြပါမယ်။

ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု ဆိုင်ရာ သတိပေးချက် အဆင့် ၅ ဆင့်အပြင် တိမ်းရှောင်တဲ့အခါ သတိထားရမယ့် အသေးစိတ်အချက်တွေ ရှိပါတယ်။ ရေကြီးချိန်မှာ ကားဟာ ရေစီးနဲ့အလွယ်တကူ မျောပါသွားနိုင်တယ်ဆိုတာ ဘာ့ကြောင့်လဲ လေ့လာကြည့်ရအောင်။

ရေလွှမ်းနေတဲ့ လမ်းတွေပေါ်မှာ ကားမောင်းတာဟာ အန္တရာယ်ရှိတယ်လို့ သိထားရပါမယ်။ ရေနည်းနည်းပဲ လမ်းပေါ် မှာ လွှမ်းနေတယ် သိပ်မဆိုးသေးပါဘူးလို့ မြင်ရတတ်ပေမဲ့ တကယ်က ရေအတော်နက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ကားအင်ဂျင်ထဲ ရေဝင်ပြီး စက်ရပ်သွားတာ မျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ကားက ရေစီးထဲမျောပါသွားနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်။ ဒါ့အပြင် ရေလွှမ်းနေတဲ့ လမ်းမျက်နှာပြင်ကို မြင်နိုင်ဖို့ ခက်ခဲတဲ့အတွက် ရေမြုပ်နေတဲ့ လမ်းပေါ်က ပြိုကျပျက်စီးနေတဲ့ အပေါက်တွေ၊ လမ်းဘေးမြောင်းတွေထဲ ကားပြုတ်ကျတာ ဒါမှမဟုတ် လယ်ရေသွင်းမြောင်းရှိတာလည်း မသိဘဲ ကားထိုးကျသွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။
ရေလွှမ်းနေတဲ့ လမ်းထဲကိုအလွယ်တကူ နဲ့ ကား၀င်မမောင်းပါနဲ့။ တခြားလမ်းကို ရွေးပြီး မောင်းပါ။ ရေလွှမ်းနေတဲ့လမ်းကနေ မဖြစ်မနေ သွားရမယ့် အနေအထားဆိုရင် ကားကို အရှိန်လျှော့မောင်းပါ။ မိမိကားနဲ့ ရှေ့မှာရှိနေတဲ့ကား အကြား လုံလောက်တဲ့ အကွာအဝေးတစ်ခု ခွာပြီး ဖြေးဖြေး မောင်းပါ။ ရှေ့ကားကြောင့် ရေတွေစင်တဲ့အခါ မိမိကားရှေ့က မြင်ကွင်းကို လုံးဝ ပိတ်သွားနိုင်စေပြီး ရှေ့ကားက ရုတ်တရက် ဘရိတ်အုပ် ရပ်လိုက်တဲ့ အခါမျိုးမှာ နောက်ကနေ ဝင်တိုက်မိနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် ကားကို အရှိန်မြှင့် မောင်းနှင်တာဟာ ကားစက်ထဲ မြန်မြန် ရေတွေ ပက်ဝင်နေအောင် လုပ်သလို ဖြစ်စေတာကြောင့် အင်ဂျင်စက် အတွင်းထဲအထိ ရေဝင်ပြီး ပျက်လွယ်နိုင်ပါတယ်။
ရေတက်နေတဲ့လမ်းတွေပေါ်မှာ ရေအနက် ၃၀ စင်တီမီတာရှိတဲ့ အခါ အင်ဂျင်ထဲ ရေဝင်ပြီး မောင်းရင်းနဲ့ စက်သေသွားနိုင်ပါတယ်။ ရေအနက် ၅၀ စင်တီမီတာနဲ့ အထက်ရှိရင်တော့ ကားက ရေပေါ် ပေါလော ပေါ် နိုင်တာကြောင့် ‌ရေစီးနဲ့ မျောပါသွားနိုင်ပါတယ်။ လူစီးကား ဆိုရင် ရေကြီးလာတဲ့အခါ ကားတံခါးအောက်ခြေ ဒါမှမဟုတ် ကား ကြမ်းပြင်ကို ရေမကျော် သင့်ပါဘူး။ ဒါပေမဲ့ ရေမြင့်တက်လာတာ အရမ်းမနက်သေးဘူး ဆိုပြီး ဖြတ်မောင်းရင်း မြစ်ရေရုတ်တရက် ကြီးလာတာလိုမျိုး ဖြစ်တတ်ပြီး ရေစီးသန်မယ် ဆိုရင် ကားက အလွယ်တကူနဲ့ မျောပါသွား နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

ကားနဲ့ထွက်ပြေး တိမ်းရှောင်တဲ့အခါ မြေအောက် လှိုင်ဂူ ကားလမ်းတွေကို ဖြတ်မောင်းတဲ့အချိန်မှာ သတိထားရမယ့်အချက်ကို ပြောပြပါမယ်။

ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှု ဆိုင်ရာ သတိပေးချက် အဆင့် ၅ ဆင့်အပြင် တိမ်းရှောင်တဲ့အခါ သတိထားရမယ့် အသေးစိတ်အချက်တွေ ရှိပါတယ်။ ကားနဲ့ထွက်ပြေး တိမ်းရှောင်တဲ့အခါ မြေအောက် လှိုဏ်ဂူ ကားလမ်းတွေကို ဖြတ်မောင်းတဲ့အချိန်မှာ သတိထားရမယ့်အချက်ကို လေ့လာကြည့်ရအောင်။

ရထားလမ်းနဲ့ ကားလမ်းအောက်တွေမှာ လှိုဏ်ဂူလို ကားလမ်းတွေ ရှိပါတယ်။ ဒီလမ်းတွေဟာ အထူးသဖြင့် ရေကြီးမှုဒဏ်ကို ခံနိုင်ရည် မရှိပါဘူး။ ဒီကားလမ်းတွေဟာ အနီးနားက မြေပြင်ထက် နိမ့်နေတာကြောင့် အချိန်တိုအတွင်း မိုးရေတွေအိုင်ပြီး ရေတက်လာတတ်ပါတယ်။ ယာဉ်မတော်တဆမှုတွေမှာ ယာဉ်မောင်းတွေဟာ မြေအောက် လှိုဏ်ဂူ ကားလမ်းတွေမှာ ရေတက်နေတာကို သတိမထားမိတာကြောင့် အရင်က လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ် ။ ဒါကြောင့် ဘေးလွတ်ရာကို ကားနဲ့ တိမ်းရှောင်တဲ့အခါ မြေအောက်ကားလမ်းတွေကို ရှောင်ကြဉ်ပါ။
ဖြစ်နိုင်ရင် တခြားလမ်းကြောင်းကို ရွေးချယ်ပါ။ တခြားရွေးချယ်စရာ မရှိလို့ အဲဒီလမ်းက သွားရမယ်ဆိုရင် ကားလမ်းပေါ်မှာ ရေဘယ်လောက် ထိတက်နေတယ်ဆိုတာကို စစ်ဆေးပြီး ကားကို သတိထား မောင်းသွားပါ။
ကားက ရေထဲမှာ နစ်မြုပ်သွားပြီဆိုရင် ရေရဲ့ ဖိအားကြောင့် ကားတံခါးတွေကို ဖွင့်ထွက်ဖို့ ခက်ခဲပါတယ်။ ကားတံခါးက ကြီးလေလေ ရေရဲ့ ဖိအားက ပိုပြီး များလေလေ ဖြစ်တဲ့အတွက် ကားတံခါးကြီးတာ ဒါမှမဟုတ် လျှောတံခါးတွေ ပါတဲ့ ကားတွေထဲကနေ အပြင်ထွက်ဖို့ ပိုပြီး ခက်ခဲပါလိမ့်မယ်။
အရေးပေါ်အခြေအနေမှာ ကားပြတင်းပေါက်မှန်တွေကို ခွဲဖို့ ကိရိယာတစ်ခုကိုလည်း ကားထဲမှာ ဆောင်ထားဖို့ အကြံပြုပါတယ်။ တကယ်လို့ အဲဒီလို ကိရိယာ မပါလာခဲ့ဘူးဆိုရင် ကားထိုင်ခုံ ဦးခေါင်းအမှီကို ဖြုတ်လိုက်ပါ။ အဲဒီခေါင်းအမှီမှာပါတဲ့ အနိမ့်အမြင့် ချိန်ညှိတဲ့ သတ္တုချောင်း ၂ ချောင်းထဲက တစ်ချောင်းကို ပြတင်းပေါက်မှန် အောက်ခြေနား ကားတံခါးနဲ့ ပြတင်းပေါက်ကြား ဟနေတဲ့နေရာကို ထိုးသွင်းလိုက်ပါ။ ထိုးစိုက်ပြီးသွားရင် ပြတင်းပေါက်မှန်ကို ခွဲဖို့ ထိုင်ခုံခေါင်းမှီကို ကိုယ့်ဘက်ကို ဆွဲလိုက်ပါ။
အဆိုးဆုံး အနေအထားဖြစ်တဲ့ ကားထဲရေဝင်ပြီး ကိုယ်တိုင်ရေထဲ မြှုပ်နေတဲ့ အနေအထားရောက်နေရင်တောင် ကားထဲကနေ အပြင်ကိုထွက်လို့ရတဲ့ အခါရှိပါတယ်။ ကားထဲကိုဝင်လာတဲ့ ရေပမာဏ နဲ့ ကားအပြင်ကရေပမာဏ တူလာပြီဆိုရင် ရေ ဖိအားက အတူတူ ဖြစ်လာတဲ့အတွက် ကားတံခါး ဖွင့်နိုင်လိမ့်မယ်ဆိုတာကို မှတ်ထားပေးစေလိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။