ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ပြီး ဆောင်ထားသင့်တဲ့ နေ့စဉ်သုံးပစ္စည်းများ

(၁) “rolling stock” သိုလှောင်ထားတဲ့ကုန်ပစ္စည်းတွေကို လည်ပတ်အောင် အသုံးပြုနည်း

သဘာဝဘေးအန္တရာယ်ကျရောက်ချိန်အတွက် ကြိုတင်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို ကြိုဆောင်ထားရမယ်ဆိုတာကို သိကြပေမဲ့ ဘယ်လိုပစ္စည်းတွေကို ဆောင်ထားသင့်သလဲ ဆိုတာ မသိကြတာ များပါတယ်။
သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ချိန်မှာ အသုံးပြုဖို့ ထိထိရောက်ရောက် ကြိုတင်သိုလှောင်ထားရင်းနဲ့ သုံးစွဲနိုင်တဲ့ နည်းလမ်းက ဘာလဲ ဆိုတာတွေကို မိတ်ဆက်ပေးပါမယ်။
ဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူတွေက အရေးပေါ်အခြေအနေမှာ အစားအစာတွေ ဆောင်ထားဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် ဂျပန်မှာလုပ်တဲ့ ကြိုတင်သိုလှောင်ထားတဲ့ စားသောက်ကုန်တွေကို လည်ပတ်အောင်အသုံးပြုတဲ့နည်း “rolling stock” ကို အကြံပြုထား ပါတယ်။
အဲဒါကတော့ တာရှည်ခံတဲ့ သောက်စရာနဲ့ အစားအစာတွေအပြင် ပုံမှန် နေ့စဉ်သုံး ပစ္စည်းတွေကို ပုံမှန်ဆောင်ထားပြီး expire date သက်တမ်းကုန်ခါနီး ဖြစ်လာတဲ့ အစားအသောက်တွေ၊ ပစ္စည်းတွေကို စားပစ်၊သောက်ပစ်၊သုံးပစ် ပြီး ပြန်ဖြည့်ဝယ်ထည့်ရင်း သိုလှောင်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
ရေနဲ့ နေ့စဉ်စားနေကျ အစားအစာတွေကို မရှိမဖြစ်ဆောင်ထားဖို့ လိုအပ်ပါတယ်။
အရေးပေါ်သုံးဖို့ဆောင်ထားရမယ့် ပစ္စည်းတွေဟာ အနည်းဆုံး သုံးရက်စာရှိသင့်တယ်လို့ ဆိုလေ့ရှိကြပေမဲ့ ကျွမ်းကျင်သူတွေကတော့ တစ်ပတ်စာ ဆောင်ထားဖို့ အကြံပြုထားပါတယ်။
ရေ၊ အစားအစာနဲ့ နေ့စဉ်သုံးပစ္စည်းတွေကို ရက်သတ္တပတ် တစ်ပတ်စာ ဆောင်ထားဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပေမဲ့ “rolling stock” နည်းလမ်းကို သုံးပြီးဆောင်ထားကြည့်ပါ။
တစ်နေ့ကို လူတစ်ဦး အတွက် သောက်သုံးရေနဲ့ ချက်ပြုတ်ဖို့ ရေပမာဏ ၃လီတာလိုအပ်ပြီး အနည်းဆုံး ၃ ရက်စာ ပမာဏ၊ ၉လီတာကို ဆောင်ထားသင့်ပါတယ်။ ဆိုလိုတာက အရွယ်ရောက်ပြီးသူ ၂ ဦး အတွက်ဆိုရင် တစ်နေ့ကို ၃ လီတာ အမြှောက် ၂ နဲ့တွက်ရင် ၃ရက်စာ အတွက် ၁၈ လီတာ ဆောင်ထားရမှာ ဖြစ်ပါတယ်။ လက်ဖက်ရည်နဲ့ အချိုရည်တွေကိုလဲ အဲဒီ သောက်သုံးဖို့ ရေပမာဏထဲမှာ ထည့်သွင်း တွက်ချက်လို့ရပါတယ်။ သက်တမ်း ၅ နှစ်ကနေ ၁၀ နှစ်အထိ အထားခံတဲ့ ရေတွေကို လက်ရှိ ဂျပန်မှာ ရောင်းချနေပါတယ်။
ဒါပေမဲ့ ပုံမှန် အသုံးပြုနေကျ ရေဘူးတွေကိုလည်း ဆောင်ထားလို့ ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၂) ဘယ်လိုအစားအစာတွေကို စုဆောင်းထားသင့်သလဲ?

ကြီးမားတဲ့ငလျင်လှုပ်ခတ်လာတဲ့အချိန်အတွက် ဘယ်လိုအစားအစာတွေကို ဆောင်ထားသင့်သလဲ ဆိုတာကို အကြံပြုပါမယ်။ အရေးပေါ်သုံး စားသောက်ကုန်ပစ္စည်းတွေအပြင် နေ့စဉ်အိမ်မှာ ပုံမှန် စားသုံးလေ့ရှိတဲ့ အစားအစာတွေကိုပါ အတူစုဆောင်းထားဖို့ အကြံပြုလိုပါတယ်။ ဒါပေမဲ့ အရေးပေါ်ကာလမှာ ချက်ပြုတ်ရ ခက်ခဲနိုင်တယ် ဆိုတာကို ထည့်သွင်းစဉ်းစားပြီး မီးမသုံးဘဲ ချက်ပြုတ်နိုင်တဲ့ အရေးပေါ်အစားအစာတချို့လည်း ဝယ်ယူစုဆောင်းထားကြဖို့ အကြံ ပေးချင်ပါတယ်။
အသင့်စား ခေါက်ဆွဲဗူး ဒါမှမဟုတ် ခေါက်ဆွဲခြောက်၊ စည်သွတ်ဗူး အစားအစာတွေ၊ ဟင်းသီးဟင်းရွက် ဖျော်ရည်တွေနဲ့ ကြာရှည်ထားခံ တဲ့ အသီးအနှံ၊ ချက်ပြီး အသင့်ပြန်နွှေးပြီးစားနိုင်တဲ့ ထမင်းနဲ့ ချက်ပြုတ် ထားပြီးလေလုံအိတ်နဲ့ထုတ်ပိုးထားတဲ့ ဟင်းလျာတွေကို သိမ်းဆည်းထားဖို့လိုပါတယ်။
ဂျပန်က အရေးပေါ်သုံး အစားအစာတွေထဲမှာ ရေလောင်းထည့်ရုံမျှနဲ့ စားသုံးနိုင်တဲ့ “alpha-mai” လို့ခေါ်တဲ့ ထမင်းခြောက်တွေ၊ မီး ဒါမှမဟုတ် လျှပ်စစ်မီး သုံးစရာမလိုပဲ အပူပေးနိုင်တဲ့ပစ္စည်းတွေပါ အတူတွဲပါတဲ့ အရေးပေါ်အစားအစာတွေနဲ့ ပေါင်မုန့်ခြောက်၊ ကွတ်ကီးဘီစကစ်မုန့်တွေလိုမျိုး သရေစာတွေကိုလည်း ဆောင်ထားဖို့ အကြံပြုလိုပါတယ်။
အရေးပေါ်အခြေအနေမှာ လူတွေဟာ ကာဗွန်ဟိုက်ဒရိတ် မြင့်မားတဲ့ ထမင်း၊ခေါက်ဆွဲ စတဲ့အစားအစာတွေကို အစားများလေ့ရှိပါတယ်။ ဒါကြောင့် အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကနေလည်း တခြားအာဟာရဓာတ်တွေ ရရှိနိုင်အောင် အသီးအနှံ၊ ငါး စည်သွပ်ဘူးတွေနဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်တွေကို ဆောင်ထားဖို့ အရေးကြီးပါတယ်။
အရေးပေါ်အခြေအနေမှာ နွားနို့၊ နို့စို့ကလေးငယ်တွေအတွက် အစားအစာတွေနဲ့ ဓာတ်မတည့်သူတွေအတွက် အစားအစာတွေ ကလည်း ရဖို့ခက်ခဲတာကြောင့် ဆောင်ထားဖို့ သတိထားရပါမယ်။ မွေးကင်းစကလေး၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါ ရှိသူတွေ၊ ဓာတ်မတည့်သူတွေရှိတဲ့ အိမ်ထောင်စုတွေအနေနဲ့ သူတို့ စားသုံးနေကျ အစားအသောက်တွေကို လုံလုံလောက်လောက် ဆောင်ထားပါ။
ကျွမ်းကျင်သူတွေ အကြံပြုတာကတော့ သဘာဝဘေးကြီးတစ်ခု ဖြစ်ပွားပြီးတဲ့နောက်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဟာ ကြီးမားတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တာမို့ သီတင်း ၂ပတ်စာ စားသောက်ကုန် တွေကို ဆောင်ထားဖို့တိုက်တွန်းထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၂ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၃) ရေမပြတ်လပ်သွားအောင် စုဆောင်းပြင်ဆင်ထားပါ

အခုတစ်ခါ သောက်ရေ၊ သုံးရေမပြတ်လပ်အောင် ဘယ်လို ပြင်ဆင် ထားသင့်သလဲ ဆိုတာကို ကြည့်ကြပါမယ်။
သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ ရေပေးဝေ ဖြန့်ဖြူးမှုခေတ္တ ရပ်တန့်သွားနိုင်ပါတယ်။ အဲဒီလိုဖြစ်လာရင် အိမ်သာမှာ သုံးဖို့ ရေတောင် မရှိတော့ဘူး ဖြစ်သွားပါမယ်။ အဲဒါကြောင့် သောက်သုံးဖို့၊ ချက်ပြုတ်ဖို့အပြင် တခြားနေရာမှာ နေ့စဉ်အသုံးပြုရတဲ့ရေကို သိုလှောင်ထားဖို့ လိုအပ်ပါတယ်။ နည်းတစ်နည်းကတော့ ရေချိုးခန်းထဲမှာ အသုံးပြုပြီးသား ရေစိမ်တဲ့ကန်ထဲကရေကို သွန်ထုတ်မပစ်ဘဲ ကန်ထဲမှာ လှောင်ထားဖို့ပါပဲ။ ဒါပေမဲ့ ကလေးငယ်ငယ်လေးတွေရှိတဲ့ မိသားစုတွေမှာတော့ ကလေးက ရေချိုးကန်ထဲ မတော်တဆ ပြုတ်ကျပြီး ရေနစ်သွားနိုင်တဲ့ အန္တရာယ် ရှိတာမို့ သတိထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေမပါဘဲ အသုံးပြုလို့ရတဲ့ ပစ္စည်းတွေဖြစ်တဲ့ အရေးပေါ်သုံးအိမ်သာနဲ့ အိမ်သာသုံးပစ္စည်းတွေ၊ ရေမပါဘဲ လျှော်လို့ရတဲ့ ခေါင်းလျှော်ရည်၊ Wet tissues တွေ၊ အစားစားတဲ့ ပန်းကန်ပေါ်မှာ စက္ကူဖြန့်ခင်းပြီးမှ အစာထည့်စားတာလိုမျိုး ပန်းကန်ဆေးဖို့ ရေမလိုအောင် လုပ်ပါ။ ဒါမှမဟုတ် အစားအစားတွေကို ထုပ်ပိုးနိုင်တဲ့ plastic food wrap လို့ခေါ်တဲ့ အစားအစာထုပ်ပိုးတဲ့ ပလပ်စတစ်တွေကို ပန်းကန်ပေါ်မှာ ခင်းပြီးစားသောက်နိုင်အောင် ဆောင်ထားသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၄) လျှပ်စစ်ပြတ်တောက်ပြီး မီးမလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ပါ

အခုတစ်ခါ လျှပ်စစ်ပြတ်တောက်ပြီး မီးမလာရင် ဖြစ်နိုင်တဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်နည်းတွေကို လေ့လာကြ ပါမယ်။

မီးမရနိုင်တော့ဘူးဆိုရင် ရုပ်မြင်သံကြားဖွင့်ကြည့်လို့မရတော့တာ တစ်ခုတည်းမဟုတ်ပါဘူး။ စမတ်ဖုန်းလည်း ကြည့်လို့မရ၊ သုံးလို့မရ ဖြစ်သွားနိုင်တာကြောင့် သတင်းအချက်အလက်တွေ ရဖို့ ခက်ခဲသွားပါ လိမ့်မယ်။
မီးပျက်မှာအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လက်နှိပ်ဓာတ်မီး အသေးတစ်ခု ဆောင်ထားပါ။ ဦးခေါင်းမှာ တပ်တဲ့ ဓာတ်မီး ဒါမှမဟုတ် လည်ပင်းမှာဆွဲနိုင်တဲ့ ဓာတ်မီးကိုဆောင်ထားပါ။ အိမ်တစ်အိမ်လုံးအတွက် အသုံးပြုနိုင်တဲ့ ဓာတ်မီးအိမ် အကြီးစားတွေ လိုမျိုး အလင်းရောင် ပေးနိုင်မယ့် ပစ္စည်းတွေကို ကြိုတင်ဝယ်ယူပြီး အသင့်ဆောင်ထားပါ။ LED ဓါတ်မီးတွေနဲ့ မီးချောင်းတွေဟာ ကြွေမီးသီးတွေထက် ပိုပြီးကြာရှည်ခံတာကြောင့် ဘေးအန္တရာယ်ကြောင့် ကာလရှည်တိမ်းရှောင်နေထိုင်ဖို့အတွက် အသုံးတည့်ပါတယ်။
သတင်းအချက်အလက်ရရှိဖို့ နည်းလမ်းအနေနဲ့တော့ Dry Cell (ခေါ်) ‌ခြောက်သွေ့တဲ့ ဘထ္တရီအလုံးတွေထည့်ဖွင့်ရတဲ့ အိတ်ဆောင်ရေဒီယို ဒါမှမဟုတ် နေစွမ်းအင်သုံး ရေဒီယိုနဲ့ စမတ်ဖုန်း အားသွင်း ကိရိယာတွေကိုလည်း ဆောင်ထားပါ။
ကြီးမားတဲ့ ဘေးအန္တရာယ်တွေ ကျရောက်နေချိန်မှာ ရေမီး ဖြန့်ဖြူးရေး စနစ်တွေ ရပ်တန့်တတ်သလို သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှုက အကြာဆုံး ရပ်တန့်နိုင်ပြီး ပြန်လည်ရရှိဖို့က အချိန်ကြာတတ်ပါတယ်။ ဒါကြောင့် ပူပူနွေးနွေး အစားအစာတွေ ချက်ပြုတ် စားသောက် နိုင်ဖို့ သယ်ရလွယ်ကူတဲ့ ဂက်စ်မီးဖိုအသေးစားကို အသင့်ဆောင်ထားဖို့က လည်း အရေးကြီးပါတယ်။ ခရီးဆောင်ဂက်စ်မီးဖိုကိုချက်ပြုတ်ရာမှာ လူတစ်ဦးအတွက် တစ်ပတ်စာ ဂက်စ်ဗူး ၆ ဗူးလောက် လိုအပ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(၅) တိမ်းရှောင်ရေးစခန်းမှာနေရစဉ်မှာ လိုအပ်တဲ့ နေ့စဉ်အသုံးအဆောင် ပစ္စည်းများ

တိမ်းရှောင်ရေးစခန်းမှာ ကာလရှည်နေရဖို့ ဖြစ်လာတဲ့အခါ လိုအပ်တဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ကြိုဆောင်ထားသင့်ပါတယ်။
နေ့စဉ်ကိုယ်သုံးနေကျပစ္စည်းတွေကို များများဆောင်ထားရပါမယ်။ တခြားသူတွေနဲ့အတူ မျှအသုံးပြုဖို့ ခက်ခဲတဲ့ ပစ္စည်းတွေကိုလည်း ကြိုတင်ဆောင်ထားပြီး အရေးပေါ်သုံး ကျောပိုးအိတ်ထဲမှာ ထည့်ထားမှ အရေးပေါ်အချိန်မှာ ချက်ချင်းယူသွားလို့ ဖြစ်ပါမယ်။ အဲဒီပစ္စည်းတွေကတော့

− သွားတိုက်တံ၊ ခံတွင်းသန့်ဆေး၊ မျက်မှန်၊ မျက်ကပ်မှန်၊ မျက်ကပ်မှန်ဆေးတဲ့ဆေးရည်
− သယ်ဆောင်ရလွယ်တဲ့ ယာယီအိမ်သာ၊ အိမ်သာသုံးစက္ကူ၊ အမျိုးသမီး လစဉ်သုံးပစ္စည်း၊
− Economy class syndrome လို့သိကြတဲ့ လှုပ်ရှားမှုနည်းလို့ ဖြစ်ရတဲ့ သွေးပြန်ကြော သွေးခဲ ပိတ်ဆို့၊ ရင်ဘတ်အောင့် စတဲ့ ဝေဒနာဖြစ်တာကို ကာကွယ်ပေးနိုင်တဲ့ အသားကပ် ခြေအိတ်
− မျက်လုံးပေါ်မှာ ကပ်ပြီး အနားယူရတဲ့ eye mask ၊ နားပိတ်ထား လို့ရတဲ့ နားကြပ်၊
− ပလတ်စတစ်အမှိုက်အိတ် (ယာယီမိုးကာအင်္ကျီအဖြစ်ရော အိမ်သာအဖြစ်လည်း သုံးနိုင်ပါတယ်)
− တစ်ခါသုံးစွပ် ဖိနပ်တစ်ရံ၊
− စက္ကူယက်တောင်၊ ရေစိမ်ပြီးကိုယ်ပေါ်တင်ထားရင် အေးတဲ့ cooling towel (နွေရာသီအတွက်)
− အိတ်ဆောင်အနွေးအိတ်(Kairo)၊ လက်အိတ်
စတာတွေ ဖြစ်ပါတယ်။
ဒီပစ္စည်းအားလုံးကို တစ်ပြိုင်နက်တည်း ပြင်ဆင်စုဆောင်းဖို့ ခက်ခဲပေမဲ့လည်း သဘာဝဘေးအန္တရာယ်ဆိုတာ အချိန်မရွေး ကျရောက်နိုင်တယ်ဆိုတာကို သတိပြုထားပြီး နေ့စဉ်ဘဝမှာ လိုအပ်တာကို ဝယ်ယူပြီး ကြိုတင်စုဆောင်းထားဖို့ အကြံပြုလိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။