ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမေးအဖြေ

ကြီးမားတဲ့ ငလျင်ကြီးလှုပ်ခတ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်မလဲ

1. ကြီးမားတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီဆိုရင် အဲဒီအချိန်မှာ ဘာလုပ်သင့်သလဲ?

ငလျင်လှုပ်ပြီးနောက်ပိုင်း ထုတ်ပြန်တဲ့ သတင်း အချက်အလက်တွေနဲ့ သတိပေးချက်တွေထဲက မှတ်သားထားသင့်တဲ့ အချက်အလက်တွေကို ပြောပြပေးပါမယ်။ အင်အားပြင်းငလျင်ကြီး လှုပ်တော့မယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက ခန့်မှန်းရတဲ့အခါမှာ “ငလျင်ဆိုင်ရာအရေးပေါ် ကြိုတင်သတိပေးချက်” ကို ထုတ်ပြန်လေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို ကြိုတင် သတိပေးချက်နဲ့ တကယ်လှုပ်ခတ်တဲ့အချိန် အကြား အနည်းငယ်သာ ကွာဟမှု ရှိပါတယ်။ ဒါ့အပြင် မိုးလေဝသအေဂျင်စီက ကြိုတင်သတိပေးချက်ကို အချိန်မီ မထုတ်ပြန်နိုင်တာမျိုးလည်း တစ်ခါတစ်ရံ ရှိတတ်ပါတယ်။ ဒါကြောင့် ဘေးကင်းစိတ်ချစွာ နေထိုင်နိုင်ဖို့သေချာတဲ့ ဆောင်ရွက်ချက်တွေကို သိရှိလုပ်ဆောင်ဖို့ ပထမ ဦးစားပေးအနေနဲ့ လိုအပ်ပါတယ်။
★မိမိက အဆောက်အဦထဲမှာ ရှိနေတဲ့အခါ
၁. မိမိရဲ့ဦးခေါင်းကိုအကာအကွယ်ယူပါ။ ခိုင်ခံ့တဲ့ စားပွဲခုံ အောက်လိုမျိုး လုံခြုံတဲ့နေရာမှာ ဝင်နေရပါမယ်။
၂. အလျင်စလို အပြင်ထွက်ဖို့ မလုပ်ပါနဲ့။ ဟင်းချက်တဲ့မီးဖို (ဒါမှမဟုတ်) တခြား လျှပ်စစ်မီး၊ ဂတ်စ် စတာတွေနဲ့ဆက်ထားတဲ့ မီးတွေကို အလျင်စလို ပိတ်ပစ်တာ မလုပ်ရပါဘူး။
၃. တခြားလူအများအပြားနဲ့အတူ အဆောက်အအုံတစ်ခုအတွင်းမှာ ရှိနေတယ်ဆိုရင် အပြင်ကို အလျင်စလို ထွက်ပြေးဖို့မလုပ်ပါနဲ့။
၄. ချိတ်ဆွဲထားတဲ့ မီးဆိုင်း၊ မီးသီး ဒါမှမဟုတ် ခေါင်းပေါ်ကို ပြုတ်ကျလာနိုင်တဲ့ အရာဝတ္ထုတွေ ရှိတဲ့ အောက်မှာ မနေပါနဲ့။
၅. ဓာတ်လှေကားထဲမှာ ရောက်နေချိန်ဆိုရင် အနီးဆုံးအထပ်မှာ ဓာတ်လှေခါးရပ်ပြီး အမြန်အပြင်ထွက်ပါ။
★ငလျင်လှုပ်တဲ့အချိန်မှာ မိမိဟာ ပြင်ပမှာရှိနေတယ်ဆိုရင်
၁. အဆောက်အဦ နံရံပြိုကျတာ၊ ဆိုင်းဘုတ်တွေ ဒါမှမဟုတ် ပြတင်းပေါက် မှန်တွေကွဲပြီး ပြုတ်ကျလာနိုင်တာမို့ အဆောက်အအုံတွေနဲ့ ဝေးဝေးမှာနေရပါမယ်။
၂. ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားပုံပေါ်တဲ့ အဆောက်အအုံအတွင်းမှာ ဝင်ရောက်ခိုလှုံရပါမယ်။
၃. ကွန်ကရစ်ခြံစည်းရိုးတွေ ၊ အလိုအလျောက် အအေးရောင်း စက်တွေ ပြိုလဲကျလာတတ်တာကိုလည်း သတိထားပါ။
၄. တောင်တွေ ဒါမှမဟုတ် တောင်စောင်းနေရာတွေမှာ ရောက်နေတယ်ဆိုရင် ကျောက်တုံးတွေနဲ့ နှင်းတွေပြိုကျလာနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ဝေးဝေးမှာသွားနေဖို့ ကြိုးစားရပါမယ်။
၅. ကားမောင်းနေတဲ့အခါမျိုးမှာ ငလျင်လှုပ်လာရင် ချက်ချင်း ကားကို အရှိန်မလျှော့ပစ်လိုက်ပါနဲ့။ ပထမဦးဆုံး အန္တရာယ်အချက်ပြမီးကို ဖွင့်ပါ၊ အဲဒီနောက် ကားကို အရှိန်လျှော့ပါ။ ကားထဲကနေ ထွက်သွားတဲ့အခါမှာ ကားသော့တွေကို ကားထဲမှာ ထားခဲ့ပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

2. ဂျပန့် မိုးလေဝသအေဂျင်စီ အသုံးပြုတဲ့ ဂျပန် ငလျင် တိုင်းတာတဲ့စနစ် အကြောင်း

ကြီးမားတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီဆိုရင် အဲဒီအချိန်မှာ ဘာလုပ်သင့်သလဲ? ဂျပန့် မိုးလေဝသအေဂျင်စီ အသုံးပြုတဲ့ သုညကနေ ခုနစ် အထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာတဲ့စနစ် အကြောင်း လေ့လာကြည့်ကြရအောင်။
ဂျပန်မိုးလေဝသအေဂျင်စီက ငလျင်ကြိုတင်သတိပေးချက် ထုတ်ပြန်တဲ့အခါ ဂျပန်လို shindo လို့ခေါ်တဲ့ ငလျင်စကေး တိုင်းတာတဲ့စနစ်ကို အသုံးပြုပါတယ်။ နိုင်ငံတစ်ဝန်းမှာ တပ်ဆင်ထားတဲ့ ငလျင်ပြင်းအားကို မီတာနဲ့ တိုင်းတာတဲ့ ကိရိယာတွေနဲ့ တိုင်းပါတယ်။
အဲဒီ တိုင်းတာရေးစနစ်မှာ အဆင့် ၁၀ ဆင့် ရှိပါတယ်။ သုည၊ ၁၊ ၂၊ ၃၊ ၄၊ ၅ အနုတ် ၊ ၅ အပေါင်း၊ ၆ အနုတ် ၊ ၆ အပေါင်း နဲ့ ၇ တို့ ဖြစ်ပါတယ်။
ငလျင်တစ်ခုလှုပ်တဲ့အခါ ဖြစ်လာနိုင်ခြေရှိတဲ့ သက်ရောက်မှုတွေကို ဂျပန်မိုးလေဝသအေဂျင်စီက အသုံးပြုတွက်ချက်တဲ့အခါ အဆင့်တစ်ခုစီကို အောက်ပါအတိုင်း သတ်မှတ်ပါတယ်။
Shindo သုည- ငလျင်လှုပ်ခတ်တာ လူတွေ မခံစားရပေမဲ့ ငလျင်တိုင်းတာစက်တွေမှာတော့ မှတ်တမ်းတင် နိုင်ပါတယ်။
Shindo ၁- အိမ်ထဲမှာ ငြိမ်ငြိမ်ထိုင်နေတယ်ဆိုရင် ငလျင်လှုပ်ရှားမှုကို အနည်းငယ် ခံစားသိရှိနိုင်သူ အနည်းငယ်ရှိ ပါတယ်။
Shindo ၂- အိမ်အတွင်းမှာ ငြိမ်ငြိမ်နေနေတဲ့ လူထဲမှာ အများစုက ငလျင်လှုပ်တာကို ခံစားသိနိုင်တဲ့ အတိုင်းအတာအထိ လှုပ်ပါတယ်။ အိပ်ပျော်နေသူတွေထဲမှာ ငလျင်လှုပ်လို့ နိုးလာသူလည်း ရှိနိုင်ပါတယ်။ မီးချောင်းလိုမျိုး အိမ်ထဲမှာ ချိတ်ဆွဲထားတဲ့ အရာဝတ္ထုတွေ အနည်းငယ် ရွေ့လျားသွားနိုင် ပါတယ်။
Shindo ၃- အိမ်အတွင်းမှာရှိသူ အများစု ငလျင်လှုပ်တာကို ခံစား သိရှိနိုင်ပါတယ်။ လမ်းလျှောက်နေတဲ့ လူတွေထဲက တချို့လည်း ငလျင်လှုပ်တာ သိနိုင်ပါတယ်။ ငလျင်ကြောင့် လူအများစု အိပ်ရာကနေ နိုးလာကြတာမျိုးရှိပါတယ်။ ဗီရိုထဲထည့်ထားတဲ့ ပန်းကန်တွေ တချွမ်ချွမ်နဲ့ လှုပ်ခါတာမျိုး ရှိသလို အိမ်အပြင်က ဓာတ်ကြိုးတွေ အနည်းငယ် လှုပ်ယမ်းတာမျိုးလည်း ဖြစ်ပါတယ်။
Shindo ၄- လှုပ်ခတ်မှုကြောင့် လူအများစု ထိတ်လန့်သွားနိုင်ပါတယ်။ လမ်းလျှောက်နေသူ အများစု ငလျင်လှုပ်တာကို ခံစားသိရှိနိုင်ပါတယ်။ ငလျင်ကြောင့် လူအများအပြား အိပ်ပျော်နေရာကနေ နိုးလာနိုင်တဲ့အထိ လှုပ်ပါမယ်။ မီးချောင်းတွေလိုမျိုး တွဲလောင်းကျနေတဲ့ အရာဝတ္ထုတွေ သိသိသာသာ လှုပ်ရမ်းပြီး ဗီရိုထဲက ပန်းကန်တွေလည်း ရွေ့လျားသွားသည်အထိ ဖြစ်နိုင်ပါတယ်။ ခိုင်ခိုင်ခံ့ခံ့ တုတ်နှောင်မထားတဲ့ ပရိဘောဂများ အိမ်အတွင်းရှိ ပစ္စည်းတွေ ပြုတ်ကျလာ နိုင်ပါတယ်။ အပြင်က လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားတာတွေ သိသိသာသာ ယိမ်းခါတတ်ပါတယ်။ ယာဉ်မောင်းနေသူတွေတောင် ငလျင်တုန်ခါမှုကို သတိပြုမိနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

3. ဂျပန့် မိုးလေဝသအေဂျင်စီ အသုံးပြုတဲ့ ဂျပန် ငလျင် တိုင်းတာတဲ့စနစ်မှာ ငလျင်ပြင်းအား ၅ အနှုတ်နဲ့ ၅ အပေါင်း အဆင့် လှုပ်ခတ်မှုကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ။

ဂျပန်မိုးလေဝသအေဂျင်စီက ငလျင်ကြောင့် ဖြစ်လာနိုင်ခြေရှိတဲ့ သက်ရောက်မှုတွေကို အသုံးပြုတွက်ချက်တဲ့ သုညကနေ ခုနစ် အထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာတဲ့စနစ်မှာ ငလျင်ပြင်းအား၅ အနှုတ်နဲ့ ၅ အပေါင်း အဆင့် ဆိုပြီး ရှိပါတယ်။
ငလျင်ပြင်းအားအဆင့် ၅ အနှုတ်မှာ လူအများအပြား ထိတ်လန့်တုန်လှုပ်ပြီး ခိုင်ခံ့တဲ့ အရာတစ်ခုခုကို လက်နဲ့မြဲမြဲဆုပ်ကိုင် ထားတဲ့အထိ ဖြစ်ပါမယ်။ မီးချောင်းတွေလိုမျိုး တွဲလောင်းချထားတဲ့ ပရိဘောဂနဲ့ အရာဝတ္ထုပစ္စည်းတွေ ခပ်ပြင်းပြင်း လှုပ်ယမ်းပါမယ်။ ဗီရိုထဲက ပန်းကန်တွေနဲ့ စာအုပ်စင်ပေါ်က ပစ္စည်းတွေ ပြုတ်ကျလာနိုင်ပါတယ်။ ခိုင်ခိုင်မြဲမြဲ တပ်ဆင်ထားခြင်းမရှိတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေလည်း ပြုတ်ကျလာနိုင်ပါတယ်။ ချည်နှောင်မထားတဲ့ ပရိဘောဂတွေ ရွေ့လျားပြီး ပြိုလဲကျ လာနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
အပြင်မှာ ပြတင်းပေါက်တွေ ကွဲပြီး ပြုတ်ကျလာနိုင်တဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ခဲပေမယ့် ရှိနိုင်ပါတယ်။ ဓာတ်တိုင်တွေ လှုပ်ရမ်းတာကို မြင်ရပါမယ်။ လမ်းတွေလည်း ကြွတက်ပြီး ကွဲအက် ပျက်ဆီးတတ်ပါတယ်။
အဆင့် ၅ အပေါင်း လှုပ်ခတ်ရင် လူအများစုဟာ လမ်းလျှောက်ဖို့အတွက်တောင် ခက်ခဲပါမယ်။ တစ်ခုခုကို မကိုင်ဘဲ လမ်းလျှောက်ဖို့ မလွယ်ပါဘူး။
ဗီရိုထဲက ပန်းကန်တွေနဲ့ စာအုပ်စင်ပေါ်က ပစ္စည်းတွေ ပြုတ်ကျနိုင် ပါတယ်။ ရုပ်မြင်သံကြားစက်တွေ စင်ပေါ်ကနေ ပြုတ်ကျနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ချည်နှောင်မထားတဲ့ ပရိဘောဂတွေ ပြိုလဲကျလာနိုင် ပါတယ်။ ပြတင်းပေါက်တွေကွဲပြီး ပြုတ်ကျလာနိုင်တဲ့အပြင် မခိုင်ခံ့တဲ့ ကွန်ကရစ်ခြံစည်းရိုး နံရံတွေ ကွဲအက် ပြိုကျနိုင်ပါတယ်။ ခိုင်ခိုင်ခန့်ခန့် ချည်နှောင် တပ်ဆင်ထားခြင်းမရှိတဲ့ အလိုအလျောက် အရောင်းစက်တွေ ပြိုလဲကျလာနိုင်ပါတယ်။
ကားမောင်းနေသူတွေထဲမှာ ရှေ့ဆက်မောင်းနှင်ဖို့ အခက်အခဲရှိနိုင်သူ တွေလည်း ရှိနိုင်ပါတယ်။ ရပ်ထားရတဲ့ ကားတွေလည်း ရှိနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

4. ဂျပန့် မိုးလေဝသအေဂျင်စီ အသုံးပြုတဲ့ ဂျပန် ငလျင် တိုင်းတာတဲ့စနစ်မှာ ငလျင်ပြင်းအား ၅ အနှုတ်နဲ့ ၅ အပေါင်း အဆင့် လှုပ်ခတ်မှုကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ။

ဂျပန်မိုးလေဝသအေဂျင်စီက ငလျင်ကြောင့် ဖြစ်လာနိုင်ခြေရှိတဲ့ သက်ရောက်မှုတွေကို အသုံးပြုတွက်ချက်တဲ့ သုညကနေ ခုနစ် အထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာတဲ့စနစ်မှာ ငလျင်ပြင်းအား၅ အနှုတ်နဲ့ ၅ အပေါင်း အဆင့် ဆိုပြီး ရှိပါတယ်။
ငလျင်ပြင်းအားအဆင့် ၅ အနှုတ်မှာ လူအများအပြား ထိတ်လန့်တုန်လှုပ်ပြီး ခိုင်ခံ့တဲ့ အရာတစ်ခုခုကို လက်နဲ့မြဲမြဲဆုပ်ကိုင် ထားတဲ့အထိ ဖြစ်ပါမယ်။ မီးချောင်းတွေလိုမျိုး တွဲလောင်းချထားတဲ့ ပရိဘောဂနဲ့ အရာဝတ္ထုပစ္စည်းတွေ ခပ်ပြင်းပြင်း လှုပ်ယမ်းပါမယ်။ ဗီရိုထဲက ပန်းကန်တွေနဲ့ စာအုပ်စင်ပေါ်က ပစ္စည်းတွေ ပြုတ်ကျလာနိုင်ပါတယ်။ ခိုင်ခိုင်မြဲမြဲ တပ်ဆင်ထားခြင်းမရှိတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေလည်း ပြုတ်ကျလာနိုင်ပါတယ်။ ချည်နှောင်မထားတဲ့ ပရိဘောဂတွေ ရွေ့လျားပြီး ပြိုလဲကျ လာနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
အပြင်မှာ ပြတင်းပေါက်တွေ ကွဲပြီး ပြုတ်ကျလာနိုင်တဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ခဲပေမယ့် ရှိနိုင်ပါတယ်။ ဓာတ်တိုင်တွေ လှုပ်ရမ်းတာကို မြင်ရပါမယ်။ လမ်းတွေလည်း ကြွတက်ပြီး ကွဲအက် ပျက်ဆီးတတ်ပါတယ်။
အဆင့် ၅ အပေါင်း လှုပ်ခတ်ရင် လူအများစုဟာ လမ်းလျှောက်ဖို့အတွက်တောင် ခက်ခဲပါမယ်။ တစ်ခုခုကို မကိုင်ဘဲ လမ်းလျှောက်ဖို့ မလွယ်ပါဘူး။
ဗီရိုထဲက ပန်းကန်တွေနဲ့ စာအုပ်စင်ပေါ်က ပစ္စည်းတွေ ပြုတ်ကျနိုင် ပါတယ်။ ရုပ်မြင်သံကြားစက်တွေ စင်ပေါ်ကနေ ပြုတ်ကျနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ချည်နှောင်မထားတဲ့ ပရိဘောဂတွေ ပြိုလဲကျလာနိုင် ပါတယ်။ ပြတင်းပေါက်တွေကွဲပြီး ပြုတ်ကျလာနိုင်တဲ့အပြင် မခိုင်ခံ့တဲ့ ကွန်ကရစ်ခြံစည်းရိုး နံရံတွေ ကွဲအက် ပြိုကျနိုင်ပါတယ်။ ခိုင်ခိုင်ခန့်ခန့် ချည်နှောင် တပ်ဆင်ထားခြင်းမရှိတဲ့ အလိုအလျောက် အရောင်းစက်တွေ ပြိုလဲကျလာနိုင်ပါတယ်။
ကားမောင်းနေသူတွေထဲမှာ ရှေ့ဆက်မောင်းနှင်ဖို့ အခက်အခဲရှိနိုင်သူ တွေလည်း ရှိနိုင်ပါတယ်။ ရပ်ထားရတဲ့ ကားတွေလည်း ရှိနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

5. ငလျင်လှုပ်တဲ့အခါ မြေမျက်နှာပြင်တုန်ခါနေမှု အချိန်ရှည်ကြာရင် ဘာတွေဖြစ်နိုင်မလဲ။

ဧရာမ ငလျင်ကြီး လှုပ်တဲ့အခါ မြေမျက်နှာပြင်တုန်ခါမှု အချိန်ရှည်ဖြစ် တတ်ပြီး အထပ်မြင့်တိုက်တွေလိုမျိုး မိုးမျှော် အဆောက်အအုံ တွေဟာလည်း ဖြည်းဖြည်းလေးနဲ့ အချိန် ကြာကြာ ဆက်လှုပ် နေတတ်ပါတယ်။ ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ရာနဲ့ချီဝေးတဲ့ နေရာတွေအထိ အဲဒီလို လှုပ်ခါမှုမျိုး ရှိနိုင်ပါတယ်။ ငလျင်ဗဟိုချက် အနက် တိမ်ပြီး ငလျင်ကြီးလေလေ မြေမျက်နှာပြင် တုန်ခါတဲ့ အချိန်ပို ရှည်လေလေ ဖြစ်တတ်ပါတယ်။ မြေပြင်ပေါ်မှာ ခံစားရတဲ့ လှုပ်ခတ်တဲ့ အရှိန်နည်းပေမယ့် လှုပ်နေတဲ့အချိန် ရှည်ကြာမယ်ဆိုရင် အထပ်မြင့် အဆောက်အအုံတွေမှာ ပြင်းပြင်းထန်ထန် တုန်ခါမှုတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ် မတ်လက ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီး တုန်းက တိုကျိုမှာသာမက ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၇၀၀ အကွာမှာရှိတဲ့ အိုစာကာမှာလည်း အချိန်ကြာမြင့်စွာ မြေပြင် တုန်ခါမှုရှိနေခဲ့တာကြောင့် အထပ်မြင့် အဆောက်အအုံတွေလည်း လှုပ်ခါပြီး ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက အိုစာကာမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်က ပြင်းအားအဆင့် ၃ပဲ ရှိခဲ့ ပါတယ်။ မြေပြင် အချိန်ရှည်ရှည်လှုပ်နေတဲ့အခါ ဘီးငယ်တွေ တပ်ဆင်ထားတဲ့ ပရိဘောဂတွေ၊ မိတ္တူကူးစက်တွေလို ပရိဘောဂတွေဟာ အရှိန်ပြင်းပြင်းနဲ့ ရွေ့လျားသွားနိုင်ပါတယ်။ မလှုပ်အောင် ချည်နှောင်တာမျိုး မရှိတဲ့ ပရိဘောဂတွေ ရွေ့လျားတာ ဒါမှမဟုတ် ပြိုလဲကျလာတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ငလျှင်လှုပ်ခတ် နေတဲ့ အချိန်မှာ မိမိကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ အိမ်ထောင် ပရိဘောဂပစ္စည်းတွေ နည်းနည်းပါးပါးပဲ ရှိတဲ့နေရာမျိုးမှာ ငလျင်လှုပ်တာ ရပ်သွားတဲ့အချိန်အထိ နေဖို့ လိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

6. သဘာဝဘေးကြောင့် ရေ၊မီး၊လျှပ်စစ် ပြတ်တောက်မှု

ဂျပန်မိုးလေဝသအေဂျင်စီက ကြီးမားတဲ့ငလျင် လှုပ်ခတ်မှုကြောင့် လူတွေရဲ့ နေထိုင်မှုဘဝမှာ အောက်ပါ ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

– ဂတ်စ်- ဘေးကင်းအောင်ဂတ်စ်ကိုအလိုအလျောက်ပိတ်ပေးတဲ့ ကိရိယာပါရှိတဲ့ ဂက်စ်မီတာဟာ ငလျင်လှုပ်ခတ်မှုကြောင့် ဂတ်စ်မလာ အောင် ပိတ်ပစ်လိုက်တာ ရှိတတ်ပါတယ်။ ငလျင်ပြင်းပြင်းထန်ထန် လှုပ်တဲ့အခါမျိုးမှာတော့ တစ်ရပ်ကွက် တစ်မြို့နယ်လုံး ဂတ်စ် ဓာတ်ငွေ့ပေးဝေနေတာကို ဖြတ်တောက်လိုက်လို့ ဂတ်စ်မလာတာ ဖြစ်နိုင်ပါတယ်။
– ရေနဲ့လျှပ်စစ်- ရေပေးဝေမှု ရပ်ဆိုင်းသွားတာနဲ့ မီးပြတ်တောက် သွားနိုင်ပါတယ်။
− ရထားပြေးဆွဲဝန်ဆောင်မှုတွေနဲ့ အဝေးပြေးလမ်းမများ−
ဘေးကင်းစိတ်ချရစေဖို့အတွက် ရထားပြေးဆွဲပေးတဲ့ ဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားနိုင်ပြီး အဝေးပြေးလမ်းတွေကို ပိတ်ထားနိုင်ပါတယ်။ စီမံခန့်ခွဲသူတွေက သူတို့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ပြေးဆွဲတဲ့ အမြန်နှုန်းကို သတ်မှတ်တာအပြင် တခြားကန့်သတ်ချက်တွေကို ချမှတ်ဖွယ်ရှိပါတယ်။
– တယ်လီဖုန်းနဲ့ တခြားဆက်သွယ်ရေး နည်းလမ်းများ−
ဘေးဒဏ်သင့်ဒေသတွင်းနဲ့ အနီးဝန်းကျင်မှာ နေထိုင်တဲ့ လူအများအပြားဟာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ ဘေးကင်းမကင်း မေးမြန်းအတည်ပြုတာ ဒါမှမဟုတ် သဘာဝဘေးဆိုင်ရာ သတင်းအချက်အလက်တွေကို ရှာဖွေကြတာတွေကြောင့် လိုင်းသုံးစွဲမှုများပြီး တယ်လီဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ကြပ်ပြီး ဆက်သွယ်ချိတ်ဆက်လို့မရတာ၊ ခေါ်ဆိုမရတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလိုအခက်အခဲ မဖြစ်အောင် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတွေက ငလျင်လှုပ်ချိန်မှာ မက်ဆေ့ချ်စာပေးပို့တာ နဲ့ မိမိမှာချင်တာကို အသံနဲ့ပေးပို့တာတွေ ပြုလုပ်နိုင်မယ့်(災害用伝言版)、 (災害用伝言ダイヤル)ဘေးအန္တရာယ်ဆိုင်ရာ သီးသန့်လိုင်းတစ်ခုနဲ့ ဝန်ဆောင်မှုတွေ ပေးထားပါတယ်။
−ဓာတ်လှေကားများ − ငလျင်လှုပ်ရင်အလိုအလျောက်အလုပ်လုပ်တဲ့ ထိန်းချုပ် ကိရိယာတွေနဲ့ ဓာတ်လှေကားတွေကတော့ ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့အတွက် အလိုအလျောက် ရပ်တန့်သွားမှာ ဖြစ်ပါ တယ်။ ဘေးကင်းစိတ်ချရပြီဆိုတာကို အတည်ပြုပြီးမှသာ ဓာတ် လှေကားဝန်ဆောင်မှုကို ပြန်စတင်မှာ ဖြစ်တဲ့အတွက် အချိန်နည်းနည်း ကြာနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

7. ငလျင်ကြီးလှုပ်ပြီးချိန်မှာ ဘာတွေကို သတိထားရမလဲ

ငလျင်အကြီးကြီး တစ်ခုလှုပ်သွားပြီ ဆိုပါတော့။ အဲဒီအချိန်မှာ သတိထားရမယ့်အချက်တွေကို လေ့လာကြည့်ကြရအောင်။

၁) ငလျင်ဒဏ်ခံနိုင်ရည်နည်းတဲ့ အဆောက်အဦတွေဟာ ပြိုကျနိုင် ပါတယ်။
စိုးရိမ်ရတယ်ဆိုရင် တိမ်းရှောင်ရေးစခန်းတွေမှာ သွားရောက်ခိုလှုံပါ။
၂) ငလျင်လှုပ်ပြီးချိန်မှာ ချောက်ကမ်းပါးတွေနဲ့ တောင်စောင်း နေရာတွေက တောင်ပြိုတာ ကမ်းပါးပြိုကျတာတွေ ဖြစ်ပေါ်နိုင်တာမို့ စိုးရိမ်ရမယ်ဆိုရင် တိမ်းရှောင်ရေးစခန်းတွေမှာ သွားရောက်ခိုလှုံသင့် ပါတယ်။
အဲဒီ စခန်းတွေကို သွားရောက်ဖို့ ခက်ခဲတယ်ဆိုရင် အဆောက်အအုံရဲ့ ဒုတိယထပ် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့အထပ်တွေမှာ ခိုလှုံပါ။ ချောက်ကမ်းပါးတွေ တောင်စောင်းတွေရှိတဲ့နေရာနဲ့ ဝေးတဲ့ အခန်း တွေမှာ ပြောင်းရွှေ့နေထိုင်ပါ။
၃) ဖို့မြေပေါ်မှာ ဆောက်ထားတဲ့နေရာတွေနဲ့ အိမ်တွေကို မြစ်ကမ်းပါးတစ်လျှောက်မှာ ဆောက်ထားရင် မြေကြီးတွေရွှံ့တွေ အရည်ပျော်ကျတတ်တယ်ဆိုတာ သတိထားပါ။
မြေမျက်နှာပြင် ကျစ်လစ်သိပ်သည်းမှု လျော့နည်းပြီး ပျော့အိလာတာ နဲ့အမျှ မြေအက်ကွဲမှုတွေ ဖြစ်နိုင်ပါတယ်။
အိမ်ကနေ ထွက်ပြီး တိမ်းရှောင်ချိန်မှာ သတိထားရပါမယ်။
၄) မိမိနေထိုင်တဲ့ရပ်ကွက်နဲ့ကပ်လျက် မြို့နယ် ဧရိယာတွေမှာ မီးလောင်ပြီ ဆိုရင် မိမိအိမ်အနီးပတ်ဝန်းကျင်အထိ မီးကူးစက်လာနိုင် ပါတယ်။
အချိန်မနှောင်းခင် စောစောကတည်းက ဘေးလွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။
၅) လျှပ်စစ်မီးပြတ်တောက်သွားချိန်မှာ ဖယောင်းတိုင်မီးကို အသုံးပြုနိုင်ပေမဲ့ အသုံးမလိုချိန်မှာ ဖယောင်းတိုင်မီးကို သေချာ ငြှိမ်းသတ်ထားပါ။
လျှပ်စစ်မီးပြန်လာချိန်မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးပြတ်တောက် သွားတဲ့ ဝါယာကြိုးနေရာတွေကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာမျိုး ဖြစ်တတ်ပါတယ်။ အိမ်ကနေ ထွက်ပြေးတိမ်းရှောင်ချိန်မှာ အိမ်က လျှပ်စစ်ဘရိတ်ကာကိုချထားပြီး မီးဖြတ်တောက်ထားခဲ့ပါ။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

8. နောက်ဆက်တွဲ ငလျင်တွေလှုပ်ခတ်တတ်တာကြောင့် သတိထားပါ

ငလျင်ကြီးတွေ လှုပ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ငလျင်လို့ခေါ်တဲ့ သေးငယ်တဲ့ မြေပြင်လှုပ်ခတ်မှုတွေ ဆက်ပြီး ဖြစ်ပွားတတ်ပါတယ်။
ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကနဦးလှုပ်ခဲ့တဲ့ ငလျင်ကြီးထက် ပိုပြီး အင်အားပြင်းတဲ့ နောက်ဆက်တွဲ ငလျင်ကြီးလည်း လှုပ်ခတ်နိုင်ပါ တယ်။ ၂၀၁၆ ခုနှစ် ဧပြီလတုန်းက ဂျပန်အနောက်တောင်ပိုင်း Kumamoto ခရိုင်မှာ သုညကနေ ၇ အဆင့်ရှိတဲ့ ဂျပန်ငလျင် တိုင်းတာမှုစနစ်အရ ပြင်းအားအဆင့် ၇ လို့ သတ်မှတ်နိုင်တဲ့ ၆.၅ အထက်အဆင့်ရှိတဲ့ ငလျင်ကြီး တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် ၂၈ နာရီအကြာမှာတော့ အဲဒီဧရိယာထဲမှာပဲ ပိုပြီးပြင်းထန်တဲ့ အဆင့် ၇.၃ ရှိတဲ့ ငလျင်တစ်ခုကြီးတစ်ခု ထပ်လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် မိမိနေထိုင်တဲ့ ဧရိယာအတွင်းမှာ ငလျင်အကြီးကြီး လှုပ်ပြီးတဲ့နောက် သတိထားရမယ့် အချက်တွေကိုလေ့လာကြည့် ပါမယ်။

၁) ပထမအကြိမ်လှုပ်တဲ့ ပြင်းထန်တဲ့ ငလျင်ကြီး တစ်ပတ်လောက် အတွင်းလှုပ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

၂) ကနဦးငလျင်ကြီးလှုပ်ပြီး ၂ရက် ၃ရက်အတွင်း နောက်ဆက်တွဲ ငလျင်တွေ ပြင်းပြင်းထန်ထန် လှုပ်နိုင်တဲ့အတွက် ကြိုတင် ပြင်ဆင် ထားပါ။

၃) ကျောက်တုံးတွေပြိုကျနိုင်တာနဲ့ မြေပြိုကျနိုင်တာကို သတိထား ပါ။

၄) ဂျပန်ငလျင်တိုင်းတာမှုစနစ်အရ ပြင်းအားအဆင့် ၆ ဒါမှမဟုတ် အဲဒါထက်ပိုပြင်းတဲ့ ငလျင်တွေလှုပ်ပြီးနောက်မှာ အိမ်ရာ အဆောက်အအုံတွေ ပြိုကျလာနိုင်ခြေရှိတဲ့အတွက် သတိထားပါ။
ငလျင်ကြီးတစ်ခု လှုပ်သွားတဲ့ဒေသတွေမှာ အချိန်အတိုင်းအတာ တစ်ခုအထိ နောက်ဆက်တွဲ ငလျင်ငယ်တွေနဲ့ ပြင်းထန်တဲ့ ငလျင်ကြီးတွေလည်း ဆက်လှုပ်လာနိုင်တာကို သတိပြုပြီး နေထိုင်ကြဖို့ အကြံပြု ထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။